သံယုတ္တနိကာယ်—၁၁

၁—ပဌမဝဂ်

၂—သုသီမသုတ်

၂၄၈။ သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟူ၍ ခေါ်တော်မူ၏၊ “အသျှင်ဘုရား”ဟူ၍ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

ရဟန်းတို့ ရှေးကဖြစ်ဖူးသည်ကား အသုရာတို့သည် နတ်ပြည်သို့ ချီတက်လာကုန်၏၊ ရဟန်းတို့ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် သုသီမနတ်သားအား “အမောင်သုသီမ ထိုအသုရာတို့သည် နတ်တို့ကို တိုက်ခိုက်ရန် ချီတက်လာကုန်၏၊ အမောင်သုသီမ သွားပါချေ၊ အသုရာတို့ကို တိုက်ခိုက်ရန် ကြိုတင် ချီတက်လော့”ဟု သိစေ၏၊ သုသီမနတ်သားသည် “အရှင်သိကြားမင်း ကောင်းပါပြီ”ဟု သိကြားမင်းအား ဝန်ခံပြီးမှ မေ့လျော့ခြင်းသို့ ရောက်၏၊ သုံးကြိမ်တိုင်အောင် သိကြားမင်း ပြောဆိုသည်ကို ဝန်ခံပြီးမှ သုသိမ နတ်သားသည် သုံးကြိမ်တိုင်အောင် မေ့လျော့ခြင်းသို့ ရောက်၏၊ ရဟန်းတို့ ထိုအခါ နတ်တို့အရှင် သိကြား မင်းသည် သုသီမနတ်သားကို ဂါထာဖြင့် ရွတ်ဆို၏ —

“သုသီမ အကြင်အရပ်၌ ထကြွမှု မရှိဘဲ အားမထုတ်ရဘဲ ချမ်းသာကို ရနိုင်၏၊ ထိုအရပ်သို့ သင် သွားလော့၊ ငါ့ကိုလည်း ထိုအရပ်သို့သာလျှင် ပို့ပါလော့”ဟု ရွတ် ဆို၏။

“အကြင်အရပ်၌ နေသူသည် ပျင်းရိလျက် ထကြွလုံ့လမရှိသူ ဖြစ်ရာ၏၊ အမှုကိစ္စတို့ကိုလည်း မပြုလုပ်ရရာ၊ အလိုရှိသမျှ အားလုံးနှင့် ပြည့်စုံသူ ဖြစ်ရာ၏၊ သိကြားမင်း အကျွန်ုပ်အား ထိုမြတ်သော အရပ်ကို ညွှန်ကြားပါလော့”ဟု (သုသီမ နတ်သားသည်) ဤသို့ ပြောဆို၏။

“သုသီမ အကြင်အရပ်၌ နေသော သူသည် ပျင်းရိလျက် ထကြွလုံ့လ မရှိဘဲ စင်စစ် ချမ်းသာကို ရနိုင်၏၊ ထိုအရပ်သို့ သင် သွားလော့၊ ငါ့ကိုလည်း ထိုအရပ် သို့ပင် ပို့ပါလော့”ဟု ဆို၏။

“နတ်တို့ထက် မြတ်သော သိကြားမင်း အကြင်အရပ်၌ အမှုကိစ္စ မပြုလုပ်ရဘဲ ငါတို့သည် ချမ်းသာကို ရကုန်ရာ၏၊ စိုးရိမ်မှု ပင်ပန်းမှု မရှိသော ထိုမြတ်သော အရပ်ကို အကျွန်ုပ်အား ညွှန်ကြားပါလော့”ဟု (သုသီမနတ်သားသည်) ဤသို့ ရွတ် ဆို၏။

“သုသီမ မည်သည့် အလုပ်ကိုမျှ မပြုလုပ်ရဘဲ တစ်စုံတစ်ယောက်သော သူသည် တစ်စုံတစ်ခုသော အရပ်၌ အသက်မမွေးနိုင်၊ အကယ်၍ ထိုအရပ်မျိုး ရှိသည်ဟု ဆို လျှင်ကား ထိုအရပ်သည် နိဗ္ဗာန်၏ လမ်းခရီးပင်တည်း၊ သုသီမ ထို့ကြောင့် ထို အရပ်သို့ သင် သွားလော့၊ (ငါ့ကိုလည်း ထိုအရပ်သို့ပင်လျှင် ပို့ပါလော့)”ဟု (သိကြားမင်းသည်) ဤသို့ ရွတ်ဆို၏။

ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းပင် ဖြစ်လျက်လည်း မိမိကောင်းမှု၏ အကျိုးကို မှီ၍ အသက် မွေးကာ တာဝတိံသာဘုံ၌ ဖြစ်ကုန်သော နတ်တို့ကို အစိုးရသော အကြီးအမှူးဖြစ်သော မင်းပင် ဖြစ်လျက် ထကြွလုံ့လရှိသော သူ၏ ကျေးဇူးကို ဆိုလေ့ရှိဘိသေး၏၊ ရဟန်းတို့ သင်တို့သည် ဤသို့ ကောင်းစွာ ဟောကြားထားသော ဤသာသနာတော်၌ ရဟန်းပြုသူတို့ ဖြစ်ကုန်ရကား ဝီရိယကို တင့်တယ်စေကုန် လော့၊ မရောက်သေးသော တရားသို့ ရောက်ရန် မရသေးသော တရားကို ရရန် မျက်မှောက် မပြုရသေး သော တရားကို မျက်မှောက်ပြုရန် သင်တို့ အားထုတ်ကုန်လော့၊ စေ့ဆော်ကုန်လော့၊ လုံ့လပြုကုန်လော့ဟု (မိန့်တော်မူ၏)။