သံယုတ္တနိကာယ်—၁၂

၁—ဗုဒ္ဓဝဂ်

၄—ဝိပဿီသုတ်

၄။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ပ။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားအား သစ္စာလေးပါးကို မသိမီ သစ္စာလေးပါးတရားကို မသိသေးသော ဘုရားလောင်းသာ ဖြစ်လျက် ဤအကြံသည် ဖြစ်၏— “ဤသတ္တလောကသည် ဆင်းရဲခြင်းသို့ ရောက်လေစွတကား၊ ပဋိသန္ဓေလည်း နေရ၏၊ အိုလည်း အိုရ၏၊ သေလည်း သေရ၏၊ စုတေလည်း စုတေရ၏၊ တစ်ဖန် ပဋိသန္ဓေလည်း နေရ၏။ ထိုသို့ဖြစ်လျက် ဤ အိုမှုဆင်းရဲ သေမှုဆင်းရဲ၏ ထွက်မြောက်ရာကို မသိနိုင်၊ အဘယ်အခါမှ့ဤအိုမှုဆင်းရဲ သေမှုဆင်းရဲ၏ ထွက်မြောက်ရာသည် ထင်ရှားပါမည်နည်း”ဟု အကြံ ဖြစ်၏။

ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား “အဘယ်တရားရှိသော် အိုမှု ‘ဇရာ’, သေမှု ‘မရဏ’ ဖြစ်သနည်း၊ အဘယ်အကြောင်းခံကြောင့် အိုမှု ‘ဇရာ’, သေမှု ‘မရဏ’ ဖြစ်သနည်း”ဟု အကြံ ဖြစ်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် “ပဋိသန္ဓေ နေမှု ‘ဇာတိ’ ရှိသော် အိုမှုသေမှု ဖြစ်၏၊ ပဋိသန္ဓေနေမှု ‘ဇာတိ’ အကြောင်းခံကြောင့် အိုမှုသေမှု ဖြစ်၏”ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား “အဘယ်တရားရှိသော် ပဋိသန္ဓေနေမှု ‘ဇာတိ’ ဖြစ်သနည်း၊ အဘယ်အကြောင်းခံကြောင့် ပဋိသန္ဓေနေမှု ‘ဇာတိ’ ဖြစ်သနည်း”ဟု ဤအကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် “ဘဝ ရှိခဲ့သော် ဇာတိ ဖြစ်၏၊ ဘဝ အကြောင်းခံကြောင့် ဇာတိ ဖြစ်၏”ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား “ဘယ်တရားရှိသော် ဘဝ ဖြစ်သနည်း၊ အဘယ် အကြောင်းခံကြောင့် ဘဝ ဖြစ်သနည်း”ဟု ဤအကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရား လောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် “ဥပါဒါန်ရှိခဲ့သော် ဘဝ ဖြစ်၏၊ ဥပါဒါန် အကြောင်းခံကြောင့် ဘဝ ဖြစ်၏”ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား “အဘယ်တရားရှိသော် ပြစွာ စွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်သနည်း၊ အဘယ်အကြောင်းခံကြောင့် ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်သနည်း”ဟု ဤအကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် “တပ်မက်မှု ‘တဏှာ’ ရှိခဲ့သော် ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်၏၊ တပ်မက်မှု ‘တဏှာ’ အကြောင်းခံကြောင့် ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်၏”ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား “အဘယ်တရားရှိသော် တပ်မက်မှု ‘တဏှာ’ ဖြစ်သနည်း၊ အဘယ်အကြောင်းခံကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်သနည်း”ဟု ဤအကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် “ခံစားမှု ‘ဝေဒနာ’ရှိသော် တပ်မက်မှု ‘တဏှာ’ ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ’ အကြောင်းခံကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်၏”ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား “အဘယ်တရားရှိသော် ခံစားမှု ‘ဝေဒနာ’ ဖြစ်သ နည်း၊ အဘယ်အကြောင်းခံကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်သနည်း”ဟု ဤအကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် “တွေ့ထိမှု ‘ဖဿ’ရှိသော် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ အကြောင်းခံကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏”ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား “အဘယ်တရားရှိသော် တွေ့ထိမှု ‘ဖဿ’ ဖြစ်သ နည်း၊ အဘယ်အကြောင်းခံကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်သနည်း”ဟု ဤအကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် “တည်ရာ ‘အာယတန’ ခြောက်ပါး (သဠာယတန) ရှိသော် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏၊ တည်ရာ ‘အာယတန’ခြောက်ပါး (သဠာယတန) အကြောင်းခံကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏”ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား “အဘယ်တရားရှိသော် တည်ရာ ‘အာယတန’ ခြောက်ပါး (သဠာယတန) ဖြစ်သနည်း၊ အဘယ်အကြောင်းခံကြောင့် တည်ရာ ‘အာယတန’ခြောက်ပါး့ (သဠာ ယတန) ဖြစ်သနည်း”ဟု ဤအကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် “နာမ်ရုပ်ရှိသော် တည်ရာ ‘အာယတန’ခြောက်ပါး (သဠာ ယတန) ဖြစ်၏၊ နာမ်ရုပ် အကြောင်းခံကြောင့် တည်ရာ ‘အာယတန’ခြောက်ပါး (သဠာယတန) ဖြစ်၏”ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား “အဘယ်တရားရှိသော် နာမ်ရုပ် ဖြစ်သနည်း၊ အဘယ်အကြောင်းခံကြောင့် နာမ်ရုပ် ဖြစ်သနည်း”ဟု ဤအကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် “သိမှု ‘ဝိညာဏ်’ရှိသော် နာမ်ရုပ် ဖြစ်၏၊ သိမှု ‘ဝိညာဏ်’ အကြောင်းခံကြောင့် နာမ်ရုပ် ဖြစ်၏”ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား “အဘယ်တရားရှိသော် သိမှု ‘ဝိညာဏ်’ ဖြစ်သ နည်း၊ အဘယ်အကြောင်းခံကြောင့် သိမှု ‘ဝိညာဏ်’ ဖြစ်သနည်း”ဟု ဤအကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် “ပြုစီရင်မှု ‘သင်္ခါရ’တို့ ရှိသော် သိမှု ‘ဝိညာဏ်’ ဖြစ်၏၊ ပြုစီရင်မှု ‘သင်္ခါရ’ အကြောင်းခံကြောင့် သိမှု ‘ဝိညာဏ်’ ဖြစ်၏”ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား “အဘယ်တရားရှိသော် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ် ကုန်သနည်း၊ အဘယ်အကြောင်းခံကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကုန်သနည်း”ဟု ဤအကြံသည် ဖြစ် ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် “မသိမှု ‘အဝိဇ္ဇာ’ရှိသော် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကုန်၏၊ မသိမှု ‘အဝိဇ္ဇာ’ အကြောင်းခံကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကုန်၏”ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ဤသို့လျှင် မသိမှု ‘အဝိဇ္ဇာ’ အကြောင်းခံကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’ အကြောင်းခံကြောင့် သိမှု ‘ဝိညာဏ်’ ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်ပွား၏။

ရဟန်းတို့ “ဖြစ်ပေါ်၏၊ ဖြစ်ပေါ်၏”ဟု ဝိပဿီဘုရားလောင်းအား ရှေးက မကြားဖူးကုန်သော တရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်ပေါ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်၏၊ အပြားအားဖြင့် သိမှု ‘ပညာ’သည် ထင်ရှားဖြစ်ပေါ်၏၊ ထိုးထွင်း၍ သိမှု ‘ဝိဇ္ဇာ’သည် ထင်ရှားဖြစ်ပေါ်၏၊ အရောင်အလင်း ‘အာလောက’သည် ထင်ရှားဖြစ်ပေါ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား “အဘယ်တရား မရှိသော် အိုမှုဇရာ, သေမှုမရဏ မဖြစ်သနည်း၊ အဘယ်တရား ချုပ်ခြင်းကြောင့် အိုမှုဇရာ, သေမှုမရဏ ချုပ်သနည်း”ဟု ဤအကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် “ပဋိသန္ဓေနေမှု ‘ဇာတိ’ မရှိသော် အိုမှုဇရာ, သေမှုမရဏ မဖြစ်၊ ပဋိသန္ဓေနေမှု ‘ဇာတိ’ ချုပ်ခြင်းကြောင့် အိုမှု ဇရာ, သေမှုမရဏ ချုပ်၏”ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား “အဘယ်တရား မရှိသော် ပဋိသန္ဓေနေမှု ‘ဇာတိ’ မဖြစ်သနည်း၊ အဘယ်တရား ချုပ်ခြင်းကြောင့် ပဋိသန္ဓေနေမှု ‘ဇာတိ’ ချုပ်သနည်း”ဟု ဤအကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထို့အခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် “ဘဝ မရှိသော် ပဋိသန္ဓေနေမှု ‘ဇာတိ’ မဖြစ်၊ ဘဝ ချုပ်ခြင်းကြောင့် ပဋိသန္ဓေနေမှု ‘ဇာတိ’ ချုပ်၏”ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား “အဘယ်တရား မရှိသော် ဘဝ မဖြစ်သနည်း၊ အဘယ် တရား ချုပ်ခြင်းကြောင့် ဘဝ ချုပ်သနည်း”ဟု ဤအကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရား လောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် “ပြင်းစွာစွဲလမ်းမှု ‘ဥပါဒါန်’့မရှိသော် ဘဝ မဖြစ်၊ ပြင်းစွာစွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်ခြင်းကြောင့် ဘဝ ချုပ်၏”ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား “အဘယ်တရား မရှိသော် ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ မဖြစ်သနည်း၊ အဘယ်တရား ချုပ်ခြင်းကြောင့် ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်သနည်း”ဟု ဤ အကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် “တပ်မက်မှု ‘တဏှာ’ မရှိသော် ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ မဖြစ်၊ တပ်မက်မှု ‘တဏှာ’ ချုပ်ခြင်းကြောင့် ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်၏”ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား “အဘယ်တရား မရှိသော် တပ်မက်မှု ‘တဏှာ’ မဖြစ်သနည်း၊ အဘယ်တရား ချုပ်ခြင်းကြောင့် တပ်မက်မှု ‘တဏှာ’ ချုပ်သနည်း”ဟု ဤအကြံသည် ဖြစ် ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် “ခံစားမှု ‘ဝေဒနာ’ မရှိသော် တပ်မက်မှု ‘တဏှာ’ မဖြစ်၊ ခံစားမှု ‘ဝေဒနာ’ ချုပ်ခြင်းကြောင့် တပ်မက်မှု ‘တဏှာ’ ချုပ်၏”ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား “အဘယ်တရား မရှိသော် ခံစားမှု ‘ဝေဒနာ’ မဖြစ်သနည်း၊ အဘယ်တရား ချုပ်ခြင်းကြောင့် ခံစားမှု ‘ဝေဒနာ’ ချုပ်သနည်း”ဟု ဤအကြံသည် ဖြစ် ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် “တွေ့ထိမှု ‘ဖဿ’ မရှိသော် ခံစားမှု ‘ဝေဒနာ’ မဖြစ်၊ တွေ့ထိမှု ‘ဖဿ’ ချုပ်ခြင်းကြောင့် ခံစားမှု ‘ဝေဒနာ’ ချုပ်၏”ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား “အဘယ်တရား မရှိသော် တွေ့ထိမှု ‘ဖဿ’ မဖြစ်သနည်း၊ အဘယ်တရား ချုပ်ခြင်းကြောင့် တွေ့ထိမှု ‘ဖဿ’ ချုပ်သနည်း”ဟု ဤအကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် “တည်ရာ ‘အာယတန’ခြောက်ပါး (သဠာယတန) မရှိသော် တွေ့ထိမှု ‘ဖဿ’ မဖြစ်၊ တည်ရာ ‘အာယတန’ ခြောက်ပါး (သဠာယတန) ချုပ်ခြင်းကြောင့် တွေ့ထိမှု ‘ဖဿ’ ချုပ်၏”ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်း သည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား “အဘယ်တရား မရှိသော် တည်ရာ ‘အာယတန’ ခြောက်ပါး (သဠာယတန) မဖြစ်သနည်း၊ အဘယ်တရား ချုပ်ခြင်းကြောင့် တည်ရာ ‘အာယတန’ခြောက်ပါး (သဠာယတန) ချုပ်သနည်း”ဟု ဤအကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် “နာမ်ရုပ် မရှိသော် တည်ရာ ‘အာယတန’ခြောက်ပါး (သဠာ ယတန) မဖြစ်၊ နာမ်ရုပ် ချုပ်ခြင်းကြောင့် တည်ရာ ‘အာယတန’ခြောက်ပါး (သဠာယတန) ချုပ်၏”ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား “အဘယ်တရား မရှိသော် နာမ်ရုပ် မဖြစ်သနည်း၊ အဘယ်တရား ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်သနည်း”ဟု ဤအကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် “သိမှု ‘ဝိညာဏ်’ မရှိသော် နာမ်ရုပ် မဖြစ်၊ သိမှု ‘ဝိညာဏ်’ ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏”ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား “အဘယ်တရား မရှိသော် သိမှု ‘ဝိညာဏ်’ မဖြစ် သနည်း၊ အဘယ်တရား ချုပ်ခြင်းကြောင့် သိမှု ‘ဝိညာဏ်’ ချုပ်သနည်း”ဟု ဤအကြံသည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် “ပြုစီရင်မှု ‘သင်္ခါရ’တို့ မရှိသော် သိမှု ‘ဝိညာဏ်’ မဖြစ်၊ ပြုစီရင်မှု ‘သင်္ခါရ’တို့ ချုပ်ခြင်းကြောင့် သိမှု ‘ဝိညာဏ်’ ချုပ့်၏”ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား “အဘယ်တရား မရှိသော် ပြုစီရင်မှု ‘သင်္ခါရ’တို့ မဖြစ်ကုန်သနည်း၊ အဘယ်တရား ချုပ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ချုပ်ကုန်သနည်း”ဟု ဤအကြံ သည် ဖြစ်ပြန်၏၊ ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်း ကြောင့် “မသိမှု ‘အဝိဇ္ဇာ’ မရှိသော် ပြုစီရင်မှု ‘သင်္ခါရ’တို့ မဖြစ်ကုန်၊ မသိမှု ‘အဝိဇ္ဇာ’ ချုပ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ချုပ်ကုန်၏”ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

ဤသို့လျှင် မသိမှု ‘အဝိဇ္ဇာ’ ချုပ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်၏၊ ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်ခြင်း ကြောင့် သိမှု ‘ဝိညာဏ်’ ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်ပျောက်ရ၏။ ရဟန်းတို့ “ချုပ်၏ ချုပ်၏”ဟု ဝိပဿီဘုရားလောင်းအား ရှေးက မကြားဖူးကုန်သော တရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်ပေါ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်၏၊ အပြားအားဖြင့် သိမှု ‘ပညာ’သည် ထင်ရှားဖြစ် ပေါ်၏၊ ထိုးထွင်း၍ သိမှု ‘ဝိဇ္ဇာ’သည် ထင်ရှားဖြစ်ပေါ်၏၊ အရောင်အလင်း ‘အာလောက’သည် ထင်ရှား ဖြစ်ပေါ်၏။

စတုတ္ထသုတ်။

[ခုနစ်ဆူသော ဘုရားသျှင်တို့၏လည်း ဤအတူ ချဲ့အပ်၏]။