သံယုတ္တနိကာယ်—၁၂
၆—ဒုက္ခဝဂ်
၉—ဝိညာဏသုတ်
၅၉။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ သံယောဇဉ်၏ အကြောင်းဖြစ်သော တေဘူမိကတရားတို့၌ သာယာဖွယ်ဟု ရှုသည်ဖြစ်၍ နေသောသူအား ဝိညာဏ်၏ သက်ဝင်ခြင်းသည် ဖြစ်၏၊ ဝိညာဏ် အကြောင်းခံကြောင့် နာမ်ရုပ် ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။
ရဟန်းတို့ ဥပမာသော်ကား သစ်ပင်ကြီးသည် ရှိရာ၏၊ ထိုသစ်ပင်ကြီး၏ အမြစ်တို့သည်။ပ။ ရဟန်းတို့ ဤအတူသာလျှင် သံယောဇဉ်၏ အကြောင်းဖြစ်သော တေဘူမိကတရားတို့၌ သာယာဖွယ်ဟု ရှုသည်ဖြစ်၍ နေသော သူအား ဝိညာဏ်၏ သက်ဝင်ခြင်းသည် ဖြစ်၏။ပ။ ရဟန်းတို့ သံယောဇဉ်၏ အကြောင်းဖြစ်သော တေဘူမိကတရားတို့၌ အပြစ်ဟု ရှုသည်ဖြစ်၍ နေသောသူအား ဝိညာဏ်၏ သက်ဝင်ခြင်းသည် မဖြစ်၊ ဝိညာဏ် ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏။
ရဟန်းတို့ ဥပမာသော်ကား သစ်ပင်ကြီးသည် ရှိရာ၏၊ ထိုအခါ၌ ယောကျာ်းသည် ပေါက်တူးခြင်းတောင်းကို ယူ၍ လာရာ၏။ပ။ နောင်အခါ၌ တစ်ဖန် မဖြစ်ခြင်းသဘော ရှိ၏၊ ရဟန်းတို့ ဤအတူ သာလျှင် သံယောဇဉ်၏ အကြောင်းဖြစ်သော တေဘူမိကတရားတို့၌ အပြစ်ဟု ရှုသည်ဖြစ်၍ နေသော သူအား ဝိညာဏ်၏ သက်ဝင်ခြင်းသည် မဖြစ်၊ ဝိညာဏ် ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏ဟု (ဟောတော်မူ၏)။
နဝမသုတ်။