သံယုတ္တနိကာယ်—၂ဝ
၉—နာဂသုတ်
၂၃၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ သီတင်းငယ် ရဟန်းတစ်ပါးသည် ဒါယကာအိမ်တို့သို့ အလွန် အချိန်ကြာမြင့်စွာ ချဉ်းကပ်၏၊ ထိုရဟန်းငယ်ကို ရဟန်းတို့သည် “အသျှင် သင်သည် ဒါယကာအိမ်တို့ကို အလွန်အချိန်ကြာမြင့်စွာ မချဉ်းကပ်လင့်”ဟု ဆိုကုန်၏၊ ရဟန်းတို့က ဆိုအပ်သည်ရှိသော် “ဤအမည်ရှိကုန်သော မထေရ်ကြီးရဟန်းတို့သည် ဒါယကာအိမ်တို့သို့ ချဉ်းကပ်သင့်၏ဟူ၍ မှတ်ထင်ကုန်ဘိသေး၏၊ ငါမူကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း”ဟု ရဟန်းငယ်သည် ဆို၏။
ထိုအခါ များစွာကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ တစ်ခုသောနေရာ၌ ထိုင်နေကုန်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏— “အသျှင်ဘုရား သီတင်းငယ် ရဟန်းတစ်ပါးသည် ဒါယကာအိမ်တို့သို့ အလွန်အချိန်ကြာမြင့်စွာ ချဉ်းကပ်ပါ၏၊ ထိုရဟန်းငယ်ကို ‘အသျှင် သည် ဒါယကာအိမ်တို့သို့ အလွန်အချိန်ကြာမြင့်စွာ မချဉ်းကပ်လင့်’ဟု ရဟန်းတို့က ဆိုပါကုန်၏၊ ရဟန်းတို့ ဆုံးမအပ်သည်ရှိသော် ‘ဤအမည်ရှိကုန်သော မထေရ်ကြီးရဟန်းတို့သည် ဒါယကာအိမ်တို့သို့ ချဉ်း ကပ်သင့်၏ဟူ၍ မှတ်ထင်ကုန်ဘိသေး၏၊ ငါမူကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း’ဟု ရဟန်းငယ်က ဆိုပါ သည်”ဟု လျှောက်ကြကုန်၏။
ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား တောအုပ်ကြီး၌ ရေအိုင်ကြီးသည် ရှိ၏၊ ထိုရေအိုင်ကြီးကို ဆင်တို့သည် အမှီသဟဲ ပြု၍ နေကုန်၏၊ ထိုဆင်တို့သည် ထိုရေအိုင်သို့ သက်ဆင်း၍ နှာမောင်းဖြင့်ကြာစွယ် ကြာရင်းကို နုတ်၍ ညွှန်မရှိအောင် ကောင်းစွာ လှုပ်ခါဆေးကြောပြီးလျှင် ကျွတ်ကျွတ် ဝါး၍ စားမျိုကုန်၏၊ ထိုဆင်တို့အား ထိုစားမျိုခြင်းသည် အဆင်းလှခြင်းငှါလည်း ဖြစ်၏၊ ခွန်အားရှိခြင်းငှါလည်း ဖြစ်၏၊ ထို စားမျိုခြင်း အကြောင်းကြောင့် သေခြင်းသို့လည်း မရောက်ကုန်၊ သေလောက်သော ဆင်းရဲသို့လည်း မရောက်ကုန်။ ရဟန်းတို့ ထိုဆင်ကြီးတို့ကိုပင်လျှင် အတုလိုက်၍ ကျင့်ကုန်သော ပျိုနုသော ဆင်သူငယ်တို့သည် ထိုရေအိုင်သို့ သက်ဆင်း၍ နှာမောင်းဖြင့် ကြာစွယ်ကြာရင်းကို နုတ်၍ ကောင်းစွာ မလှုပ်မခါ မဆေးကြောမူ၍ ကောင်းစွာ မဝါးဘဲ ညွှန်နှင့်တကွ စားမျိုကုန်၏၊ ထိုဆင်ငယ်တို့အား ထိုစားမျိုခြင်းသည် အဆင်းလှခြင်းငှါ မဖြစ်၊ အားရှိခြင်းငှါ မဖြစ်၊ ထိုညွှန်နှင့် တကွသော ကြာစွယ်ကို စားခြင်းကြောင့် သေခြင်း သို့လည်း ရောက်ကုန်၏၊ သေလောက်သော ဆင်းရဲသို့လည်း ရောက်ကုန်၏။
ရဟန်းတို့ ဤအတူသာလျှင် ဤသာသနာတော်၌ မထေရ်ကြီးရဟန်းတို့သည် နံနက်အခါ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ရွာသို့ဖြစ်စေ၊ နိဂုံးသို့ဖြစ်စေ ဆွမ်းခံဝင်ကုန်၏။ ထိုရဟန်းတို့သည် ထိုရွာနိဂုံး၌ တရားဟောကုန်၏၊ ထိုရဟန်းတို့အား လူတို့သည် ကြည်ညိုသော အခြင်း အရာကို ပြုကုန်၏၊ ထိုမထေရ်တို့သည် ထိုလာဘ်ကို မတပ်မက်ကုန်သည် မတွေဝေကုန်သည် တဏှာဖြင့် မလွှမ်းမိုးကုန်သည်ဖြစ်၍ အပြစ်ကို ရှုကုန်သည် ထွက်မြောက်ကြောင်း ပညာရှိကုန်သည်ဖြစ်၍ သုံးဆောင် ကုန်၏၊ ထိုရဟန်းတို့အား ထိုသုံးဆောင်ခြင်းသည် အဆင်းလှခြင်းငှါလည်း ဖြစ်၏၊ အားရှိခြင်းငှါလည်း ဖြစ်၏၊ ထိုလာဘ်ဟူသော အကြောင်းကြောင့် သေခြင်းသို့လည်း မရောက်ကုန်၊ သေလောက်သော ဆင်းရဲ သို့လည်း မရောက်ကုန်။
ရဟန်းတို့ ထိုမထေရ်ကြီးရဟန်းတို့ကိုပင်လျှင် အတုလိုက်၍ ကျင့်ကုန်သော သီတင်းငယ်ရဟန်းတို့သည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျင် ရွာသို့ဖြစ်စေ၊ နိဂုံးသို့ ဖြစ်စေ ဆွမ်းခံဝင်ကုန်၏။ ထိုရဟန်းတို့သည် ထိုရွာနိဂုံး၌ တရားဟောကုန်၏၊ ထိုရဟန်းတို့အား လူတို့ သည် ကြည်ညိုသော အခြင်းအရာကို ပြုကုန်၏၊ ထိုရဟန်းတို့သည် ထိုလာဘ်ကို တပ်မက်ကုန်သည်တွေ ဝေကုန်သည် တဏှာဖြင့် လွှမ်းမိုးကုန်သည် ဖြစ်၍ အပြစ်ကို မမြင်ကုန်ဘဲ ထွက်မြောက်ကြောင်း ပညာ မရှိကုန်သည် ဖြစ်၍ သုံးဆောင်ကုန်၏၊ ထိုရဟန်းငယ်တို့အား ထိုသုံးဆောင်ခြင်းသည် အဆင်းလှခြင်းငှါ မဖြစ်၊ အားရှိခြင်းငှါ မဖြစ်၊ ထိုရဟန်းတို့သည် ထိုလာဘ်ဟူသော အကြောင်းကြောင့် သေခြင်းသို့လည်း ရောက်ကုန်၏၊ သေလောက်သော ဆင်းရဲသို့လည်း ရောက်ကုန်၏။ ရဟန်းတို့ ထို့ကြောင့် ဤသာသနာ တော်၌ “မတပ်မက် မတွေဝေမူ၍ တဏှာဖြင့် မလွှမ်းမိုးဘဲ အပြစ်ကို ရှုလျှက် ထွက်မြောက်ကြောင်း ပညာရှိသည် ဖြစ်၍ ထိုလာဘ်ကို သုံးဆောင်ကုန်အံ့”ဟု ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (ဟောတော်မူ၏)။
နဝမသုတ်။