သံယုတ္တနိကာယ်—၂၂
၅—အတ္တဒီပဝဂ်
၇—သောဏသုတ်
၄၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် — အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်ရှဉ့်နက်တို့ကို အစာကျွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါသူကြွယ်သား သောဏသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ။ပ။ တစ်ခုသော နေရာ၌ ထိုင်နေသောသူကြွယ်သား သောဏအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ —
သောဏ သမဏဗြာဟ္မဏအချို့သည် မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ဖြင့်”ငါသည် အမြတ်ဆုံးဖြစ်၏”ဟူ၍လည်း ရှုကုန်၏၊ “ငါသည် အတန်းအစားတူ ဖြစ်၏”ဟူ၍လည်းရှုကုန်၏၊ “ငါသည် အောက်တန်းစား ဖြစ်၏ “ဟူ၍လည်း ရှုကုန်၏၊ ထိုသမဏဗြာဟ္မဏတို့အားဟုတ်မှန်တိုင်းကို မမြင်သည်မှတစ်ပါး အခြားဆိုဖွယ် မရှိနိုင်တော့ပြီ။ မမြဲသော ဆင်းရဲသောဖောက်ပြန်ခြင်းသဘောရှိသော ဝေဒနာဖြင့် “ငါသည် အမြတ်ဆုံး ဖြစ်၏ “ဟူ၍လည်း ရှုကုန်၏၊ “ငါသည်အတန်းအစားတူ ဖြစ်၏” ဟူ၍လည်း ရှုကုန်၏၊ “ငါသည် အောက်တန်းစား ဖြစ်၏”ဟူ၍လည်းရှုကုန်၏၊ ထိုသမဏဗြာဟ္မဏတို့အားဟုတ်မှန်တိုင်းကို မမြင်သည်မှတစ်ပါး အခြားဆိုဖွယ် မရှိတော့ပြီ။ မမြဲသော။ပ။ သညာဖြင့်။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိကုန်သော သင်္ခါရတို့ဖြင့်”ငါသည် အမြတ်ဆုံး ဖြစ်၏ “ဟူ၍လည်း ရှုကုန်၏၊ “ငါသည် အတန်းအစားတူ ဖြစ်၏”ဟူ၍လည်းရှုကုန်၏၊ “ငါသည် အောက်တန်းစား ဖြစ်၏” ဟူ၍လည်း ရှုကုန်၏၊ ထိုသမဏဗြာဟ္မဏတို့အားဟုတ်မှန်တိုင်းကို မမြင်သည်မှတစ်ပါး အခြားဆိုဖွယ် မရှိတော့ချေ။ မမြဲသော ဆင်းရဲသောဖောက်ပြန်ခြင်းသဘောရှိသော ဝိညာဏ်ဖြင့် “ငါသည် အမြတ်ဆုံး ဖြစ်၏ “ဟူ၍လည်း ရှုကုန်၏၊ “ငါသည်အတန်းအစားတူ ဖြစ်၏ “ဟူ၍လည်း ရှုကုန်၏၊ “ငါသည် အောက်တန်းစား ဖြစ်၏ “ဟူ၍လည်းရှုကုန်၏၊ ထိုသမဏဗြာဟ္မဏတို့အားဟုတ်မှန်တိုင်းကို မမြင်သည်မှ တစ်ပါး အခြားဆိုဖွယ်မရှိတော့ချေ။
သောဏ သမဏဗြာဟ္မဏအချို့တို့သည် မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ဖြင့်”ငါသည် အမြတ်ဆုံး ဖြစ်၏”ဟူ၍လည်း မရှုကုန်၊ “ငါသည် အတန်းအစားတူ ဖြစ်၏”ဟူ၍လည်းမရှုကုန်၊ “ငါသည် အောက်တန်းစား ဖြစ်၏”ဟူ၍လည်း မရှုကုန်၊ ထိုသမဏဗြာဟ္မဏတို့အားဟုတ်မှန်တိုင်းကို မြင်သည်မှတစ်ပါး အခြားဆိုဖွယ် မရှိတော့ချေ။ မမြဲသော ဝေဒနာဖြင့်။ မမြဲသော သညာဖြင့်။ မမြဲကုန်သော သင်္ခါရတို့ဖြင့်။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဝိညာဏ်ဖြင့်”ငါသည် အမြတ်ဆုံး ဖြစ်၏”ဟူ၍လည်း မရှုကုန်၊ “ငါသည် အတန်းအစားတူ ဖြစ်၏”ဟူ၍လည်းမရှုကုန်၊ “ငါသည် အောက်တန်းစား ဖြစ်၏ “ဟူ၍လည်း မရှုကုန်၊ ထိုသမဏဗြာဟ္မဏတို့အားဟုတ်မှန်တိုင်းကို မြင်သည်မှ တစ်ပါး အခြားဆိုဖွယ် မရှိတော့ချေ။
သောဏ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော ရုပ်သည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသောဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို “ ဤရုပ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤရုပ်သည် ငါ ဖြစ်၏၊ ဤရုပ်သည် ငါ၏ အတ္တတည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။ ဝေဒနာသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော ဝိညာဏ်သည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသောဝိညာဏ်ကို “ ဤဝိညာဏ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ၏အတ္တတည်း “ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။
သောဏ ထို့ကြောင့်ပင် အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပြင်လည်းဖြစ်သော အကြမ်း အနုလည်းဖြစ်သော အယုတ် အမြတ်လည်းဖြစ်သော အဝေး အနီးလည်းဖြစ်သောရုပ်အားလုံးကို “ ဤရုပ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါ၏အတ္တမဟုတ်”ဟုဟုတ်တိုင်း မှန်စွာ ပညာဖြင့် ရှုရမည်။ အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သောအတွင်း အပြင်လည်းဖြစ်သော အကြမ်း အနုလည်းဖြစ်သော အယုတ် အမြတ်လည်းဖြစ်သော အဝေးအနီးလည်းဖြစ်သော ဝေဒနာ အားလုံးကို။ သညာအားလုံးကို။ သင်္ခါရအားလုံးတို့ကို။ ဝိညာဏ်အားလုံးကို “ ဤအားလုံးသော ဝိညာဏ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤဝိညာဏ်သည် ငါ မဟုတ်၊ ဤဝိညာဏ်သည် ငါ၏ အတ္တမဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။
သောဏ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ဝိညာဏ်၌လည်းငြီးငွေ့၏၊ ငြီးငွေ့သော် တပ်မက်မှု ကင်း၏၊ တပ်မက်မှု ကင်းခြင်းကြောင့် ကိလေသာမှ လွတ်မြောက်၏၊ ကိလေသာမှ လွတ်မြောက်သော် ကိလေသာမှ “လွတ်မြောက်ပြီ “ဟု အသိဉာဏ် ဖြစ်၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။