သံယုတ္တနိကာယ်—၂၄

၂—ဒုတိယဂမနဝဂ်

၁—ဝါတသုတ်

၂၂၄။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အဘယ်တရားရှိလျှင် အဘယ်တရားတို့ကို အစွဲပြု၍ အဘယ်တရားတို့ကို အမှားနှလုံးသွင်း၍ “လေတို့သည် မတိုက်ကုန်၊ မြစ်တို့သည် မစီးကုန်၊ကိုယ်ဝန်ဆောင်တို့သည် မဖွားကုန်၊ လနေတို့သည် မထွက်ကုန်၊ မဝင်ကုန်၊ ခိုင်မြဲသော တံခါးတိုင်ကဲ့သို့ တည်ကုန်၏”ဟု ဤသို့သော အယူသည် ဖြစ်သနည်း။

အသျှင်ဘုရား တပည့်တော်တို့အား တရားတို့သည် မြတ်စွာဘုရားသာ အရင်းခံ ရှိပါကုန်၏။ပ။ ရဟန်းတို့ ရုပ်ရှိလျှင် ရုပ်ကို အစွဲပြု၍ ရုပ်ကို အမှားနှလုံးသွင်း၍ “လေတို့သည် မတိုက်ကုန်။ပ။ တံခါးတိုင်ကဲ့သို့ တည်ကုန်၏”ဟု ဤသို့သော အယူသည် ဖြစ်၏။ ဝေဒနာရှိလျှင်။ သညာရှိလျှင်။ သင်္ခါရတို့ရှိလျှင်။ ဝိညာဏ်ရှိလျှင် ဝိညာဏ်ကို အစွဲပြု၍ ဝိညာဏ်ကို အမှားနှလုံးသွင်း၍ “လေတို့သည် မတိုက်ကုန်။ပ။ တံခါးတိုင်ကဲ့သို့ တည်ကုန်၏”ဟု ဤသို့သော အယူသည် ဖြစ်၏။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ပ။ ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို အစွဲ မပြုခဲ့မူ “လေတို့သည် မတိုက်ကုန်။ပ။ ခိုင်မြဲ သော တံခါးတိုင်ကဲ့သို့ တည်ကုန်၏”ဟု ဤသို့သော အယူသည် ဖြစ်နိုင်ရာသလော။ မဖြစ်နိုင်ရာပါအသျှင် ဘုရား။ ရဟန်းတို့ ဤသို့ ဆင်းရဲရှိလျှင် ဆင်းရဲကို အစွဲပြု၍ ဆင်းရဲကို အမှားနှလုံးသွင်း၍ “လေတို့သည် မတိုက်ကုန်။ပ။ တံခါးတိုင်ကဲ့သို့ တည်ကုန်၏”ဟု ဤသို့သော အယူသည် ဖြစ်၏။

ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ပ။ ဖောက် ပြန်ခြင်းသဘောရှိသော ဝိညာဏ်ကို အစွဲ မပြုခဲ့မူ “လေတို့သည်မတိုက်ကုန်။ပ။ တံခါးတိုင်ကဲ့သို့ တည် ကုန်၏”ဟူသော အယူသည် ဖြစ်နိုင်ရာသလော။ မဖြစ်နိုင်ရာပါအသျှင်ဘုရား။

ရဟန်းတို့ ဤသို့ ဆင်းရဲရှိလျှင် ဆင်းရဲကို အစွဲပြု၍ ဆင်းရဲကို အမှားနှလုံးသွင်း၍ “လေတို့သည်မတိုက်ကုန်၊ မြစ်တို့သည် မစီးကုန်၊ကိုယ်ဝန်ဆောင်တို့သည် မဖွားကုန်၊ လနေတို့သည် မထွက်ကုန်၊ မဝင်ကုန်၊ တံခါးတိုင်ကဲ့သို့ တည်ကုန်၏”ဟူသော အယူသည် ဖြစ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။