သံယုတ္တနိကာယ်—၃၆
၂—ရဟောဂတဝဂ်
၂—ပဌမ အာကာသသုတ်
၂၆ဝ။ ရဟန်းတို့ ဥပမာသော်ကား ကောင်းကင်၌ အမျိုးမျိုးသော လေတို့သည် တိုက်ခတ်ကုန်၏၊ အရှေ့မှ လာသော လေတို့သည်လည်း တိုက်ခတ်ကုန်၏၊ အနောက်မှ လာသော လေတို့သည်လည်းတိုက် ခတ်ကုန်၏၊ မြောက်မှ လာသော လေတို့သည်လည်း တိုက်ခတ်ကုန်၏၊ တောင်မှ လာသောလေတို့သည်လည်း တိုက်ခတ်ကုန်၏၊ မြူမှုန်ပါသော လေတို့သည်လည်း တိုက်ခတ်ကုန်၏၊ မြူမှုန်မပါသော လေတို့သည်လည်း တိုက်ခတ်ကုန်၏၊ အေးမြသော လေတို့သည်လည်း တိုက်ခတ်ကုန်၏၊ ပူသော လေတို့သည်လည်း တိုက်ခတ်ကုန်၏၊ အားနည်းသော လေတို့သည်လည်း တိုက်ခတ်ကုန်၏၊ လွန်ကဲပြင်းထန်သော လေတို့သည်လည်း တိုက်ခတ်ကုန်၏။ ရဟန်းတို့ ဤအတူပင် ဤခန္ဓာကိုယ်၌ အမျိုးမျိုးသော ဝေဒနာတို့သည် ဖြစ်ကုန်၏၊ သုခဝေဒနာသည်လည်း ဖြစ်၏၊ ဒုက္ခဝေဒနာသည်လည်းဖြစ်၏၊ ဥပေက္ခာဝေဒနာသည်လည်း ဖြစ်၏ဟု (ဟောတော်မူ၏)။
ကောင်းကင်၌ အထူးထူးအပြားပြား များစွာသော လေတို့သည် တိုက်ခတ်ကုန် သကဲ့သို့လည်းကောင်း၊ အရှေ့မှ လာသောလေ, အနောက်မှ လာသောလေ, မြောက် မှ လာသောလေ, ထိုမှတစ်ပါး တောင်မှလာသောလေ, —ိံမြူမှုန်ပါသောလေ, မြူမှုန်မပါသောလေ, အေးမြသောလေ, တစ်ခါတစ်ရံ ပူသော လေ,လွန်ကဲပြင်းထန်သောလေ, အားနည်းသော လေဟု ဆိုအပ်သော များစွာသော လေတို့တိုက်ခတ်ကုန်သကဲ့သို့လည်းကောင်း —ိံထို့အတူပင် ဤခန္ဓာကိုယ်၌ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာတို့သည် ဖြစ်ကုန်၏။
အကြင်အခါ ရဟန်းသည် ထက်သန်သော လုံ့လရှိ၏၊ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ မဆိတ်သုဉ်း၊ ထိုအခါထိုပညာရှိရဟန်းသည် ဝေဒနာအားလုံးတို့ကို ပိုင်းခြား၍ သိ၏။
ထိုရဟန်းသည် ဝေဒနာတို့ကို ပိုင်းခြား၍ သိသော် ယခုဘဝ၌ ပင် အာသဝေါ ကင်းကွာနိုင်၏၊ လောကုတ္တရာဓမ္မ၌ တည်သော ရဟန္တာဖြစ်၍ ခန္ဓာကိုယ်ပျက်စီးသော် ဘဝသုံးပါး၌ ဖြစ်သူဟူသောအရေအတွက်သို့ မရောက်ရတော့ချေဟု (မိန့်တော် မူ၏)။
ဒုတိယသုတ်။