သံယုတ္တနိကာယ်—၅၆

၁—သမာဓိဝဂ်

၃—ပဌမ ကုလပုတ္တသုတ်

၁ဝ၇၃။ ရဟန်းတို့ အတိတ်အခါ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ကောင်းစွာ ဝင်ရောက်ရဟန်းပြုကြသောအမျိုးကောင်းသားဟူသမျှ အားလုံးတို့သည် အရိယသစ္စာ လေးပါးတို့ကိုဟုတ်တိုင်းမှန်စွာ သိခြင်းအကျိုးငှါ ဝင်ရောက်ကြကုန်ပြီ။ ရဟန်းတို့ အနာဂတ်အခါ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ကောင်းစွာ ဝင်ရောက်ရဟန်းပြုကြသောအမျိုးကောင်းသားဟူသမျှ အားလုံးတို့သည် အရိယသစ္စာလေးပါးတို့ကိုဟုတ်တိုင်းမှန်စွာ သိခြင်းအကျိုးငှါ ဝင်ရောက်ကုန်လတ္တံ့။ ရဟန်းတို့ ပစ္စုပ္ပန်အခါ၌လူ့ဘောင်မှ ရဟန်း ဘောင်သို့ ကောင်းစွာ ဝင်ရောက်ရဟန်းပြုကြသောအမျိုးကောင်းသားဟူသမျှအားလုံးတို့သည် အရိယ သစ္စာ လေးပါးတို့ကိုဟုတ်တိုင်းမှန်စွာ သိခြင်းအကျိုးငှါ ဝင်ရောက်ကုန်၏။

အဘယ်လေးပါးတို့နည်း —

ဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရား၊ ဆင်းရဲခြင်း၏ အကြောင်းဖြစ်သောအရိယာတို့၏အမှန်တရား၊ ဆင်းရဲ၏ ချုပ်ရာဖြစ်သောအရိယာတို့၏ အမှန်တရား၊ ဆင်းရဲ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်း အကျင့်ဖြစ်သောအရိယာတို့၏ အမှန်တရားတို့တည်း။

ရဟန်းတို့ ရှေးအခါ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ကောင်းစွာ ဝင်ရောက်ကုန်ပြီ။ပ။ ဝင်ရောက်ကုန်လတ္တံ့။ပ။ အမျိုးကောင်းသားဟူသမျှ အားလုံးတို့သည် အရိယာတို့၏ အမှန်တရား (သစ္စာ) လေးပါးတို့ကို သိခြင်းအကျိုးငှါသာ ဝင်ရောက်ကြကုန်၏။

ရဟန်းတို့ ထို့ကြောင့် “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်၊ “ဤကား ဆင်းရဲဖြစ်ပေါ်ကြောင်းတည်း”ဟု သိရန် အားထုတ်ရမည်၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) တည်း”ဟု သိရန် အားထုတ်ရမည်၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။

တတိယသုတ်။