သုတ္တနိပါတ်ပါဠိတော်
ပါရာယနာနုဂီတိဂါထာ
၁၁၃၈။ (ပိင်္ဂိယသည် ဤသို့ ပြောဆို၏) -
မြတ်စွာဘုရား ဟောတော်မူသော ပါရာယနသုတ်ကို အတုယူ၍ ဟောပြပါအံ့၊ အညစ်အကြေး ကင်းတော်မူသော မြေကြီးကဲ့သို့ ကျယ်ပြန့်သော ပညာရှိတော်မူသော ကာမမှ ထွက်မြောက်ပြီးသော (ကိလေသာ) တော ကင်းတော်မူပြီးသော ရဟန္တာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် အကြင်ဉာဏ်တော်ဖြင့် မြင်တော်မူ၏။ ထိုဉာဏ်ဖြင့် ဟောကြားတော်မူ၏။ အဘယ့်ကြောင့် ချွတ်ယွင်းသောစကားကို မြတ်စွာဘုရား ဟောကြားလိမ့်မည်နည်း။ (၁)
၁၁၃၉။ တွေဝေမှု 'မောဟ' အညစ်အကြေးကို ပယ်ပြီးသော ထောင်လွှားမှု 'မာန' ကျေးဇူးချေဖျက်မှု 'မက္ခ'ကို ပယ်ပြီးသော မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးနှင့် စပ်ယှဉ်သော တရားစကားကို ယခုအခါ အကျွန်ုပ် ပြောကြားပါအံ့။ (၂)
၁၁၄ဝ။ ဗာဝရီမည်သော ဆရာပုဏ္ဏား မြတ်စွာဘုရားသည် အမိုက်တိုက်ကို ပယ်ဖျက်ပြီး ဖြစ်၏။ ထက်ဝန်းကျင် မြင်စွမ်းနိုင်သော ဉာဏ်မျက်စိ ရှိတော်မူ၏။ လောကအဆုံးသို့ ရောက်တော်မူ၏။ ဘဝအားလုံးကို လွန်မြောက်တော်မူ၏။ အာသဝေါ ကင်းတော်မူ၏။ ဆင်းရဲအားလုံးကို ပယ်ပြီးသူ ဖြစ်၏။ (ဗုဒ္ဓဟူသော) အမည်မှန် ရှိတော်မူ၏။ (ထိုမြတ်စွာဘုရားကို) အကျွန်ုပ်သည် ဆည်းကပ်ခဲ့ပြီ။ (၃)
၁၁၄၁။ ငှက်သည် အသီးနည်းပါးသော စက်ဆုပ်ဖွယ်သော တောကို ပယ်စွန့်ကာ အသီးများ စွာရှိသော တောကိုမှီလျက် နေသကဲ့သို့ ဤအတူ အကျွန်ုပ်သည် ဉာဏ်အမြင် နည်းသူတို့ကို ပယ်စွန့်၍ ဟင်္သာသည် ရေများသော အိုင်သို့ သက်ဆင်းသကဲ့သို့ သက်ဆင်းခဲ့ပြီ။ (၄)
၁၁၄၂။ ဂေါတမမြတ်စွာဘုရား၏ သာသနာတော် မပေါ်ပေါက်သေးမီ ရှေးအခါက အကြင်ဆရာတို့သည် ဤသို့ ဖြစ်ခဲ့ပြီ၊ ဤသို့ ဖြစ်လိမ့်မည်ဟု မိမိတို့ အယူအဆကို အကျွန်ုပ်အား ပြောကြားကြပါကုန်၏။ ထိုဆရာတို့၏ ထိုအလုံးစုံသော စကားသည် ပြောဆိုသံ ကြားကာမျှ သာတည်း၊ ထိုအလုံးစုံသည် ကာမဝိတက် စသည်ကိုသာ ပွါးစေ၏။ (၅)
၁၁၄၃။ ဂေါတမအနွယ်ဖြစ်သော ထိုမြတ်စွာဘုရားသည် ပြိုင်ဖက်မပြူ တစ်ဆူတည်း ဖြစ်တော်မူ၏။ အမိုက်တိုက်ကို ဖျက်ဆီး၍ နေတော်မူတတ်၏။ တန်ခိုး ရှိတော်မူ၏။ ပညာအရောင်ကို ပြုတော်မူတတ်၏။ ဂေါတမနွယ် ဖြစ်တော်မူ၏။ ပညာတံခွန် ရှိတော်မူ၏။ မြေကြီးအထုနှင့်တူသော ပညာရှိတော်မူ၏။ (၆)
၁၁၄၄။ အကြင်မြတ်စွာဘုရားသည် ကိုယ်တိုင် သိမြင်အပ်သော အခါမလင့် အကျိုးပေး၍ တပ်မက်မှု 'တဏှာ'၏ ကုန်ရာဖြစ်သော ဘေးရန်မရှိသောတရားကို အကျွန်ုပ်အား ဟောတော်မူ၏။ ယင်းနိဗ္ဗာန်တရားအား တစ်စုံတစ်ခုသော နှိုင်းရှည်စရာ ဥပမာ မရှိ။ (၇)
၁၁၄၅-၁၁၄၆။ ပိင်္ဂိယ အကြင်ဘုရားသည် ကိုယ်တိုင်သိမြင်အပ်သော အခါမလင့် အကျိုးပေး၍ တပ်မက်မှု 'တဏှာ'၏ ကုန်ရာဖြစ်သော ဘေးရန်မရှိသော တရားကို သင့်အား ဟောကြား၏။ ယင်းနိဗ္ဗာန်တရားအား တစ်စုံတစ်ခုသော နှိုင်းရှည့်စရာ ဥပမာ မရှိ၊ ဂေါတမနွယ်ဖြစ်တော်မူသော ပညာတံခွန်ရှိတော်မူသော မြေကြီးအထုနှင့်တူသော ပညာရှိတော်မူသော ထိုဂေါတမမြတ်စွာဘုရားမှ တစ်မုဟုတ်မျှပင် ကင်း၍ အဘယ့်ကြောင့် နေဘိသနည်း။ (၈-၉)
၁၁၄၇-၁၁၄၈။ ဆရာပုဏ္ဏား အကြင်ဂေါတမ မြတ်စွာဘုရားသည် ကိုယ်တော်တိုင် သိမြင်အပ်သော အခါမလင့် အကျိုးပေး၍ တပ်မက်မှု 'တဏှာ'၏ ကုန်ရာဖြစ်သော ဘေးရန်မရှိသော တရားကို အကျွန်ုပ်အား ဟောတော်မူ၏။ ယင်းနိဗ္ဗာန်တရားအား တစ်စုံတစ်ခုသော နှိုင်းရှည့်စရာ ဥပမာ မရှိ၊ ဂေါတမနွယ် ဖြစ်တော်မူသော ပညာ တံခွန်ရှိတော်မူသော မြေကြီးအထုနှင့်တူသော ပညာရှိတော်မူသော ထိုဂေါတမ မြတ်စွာဘုရားမှ တစ်မုဟုတ်မျှပင် ကင်း၍ အကျွန်ုပ် မနေနိုင်ပါ။ (၁ဝ-၁၁)
၁၁၄၉။ ဆရာပုဏ္ဏား ထိုမြတ်စွာဘုရားကို ပြကတေ့မျက်စိဖြင့် မြင်ရသကဲ့သို့ မမေ့မလျော့မူ၍ နေ့ရောညဉ့်ပါ အကျွန်ုပ်စိတ်ဖြင့် မြင်နေပါ၏။ ညဉ့်အခါ၌ ရှိခိုးလျက် နေပါ၏။ ထို့ကြောင့်သာလျှင် ကင်း၍ မနေဟု အကျွန်ုပ် ထင်ပါ၏။ (၁၂)
၁၁၅ဝ။ အကျွန်ုပ်၏ ယုံကြည်မှု 'သဒ္ဓါ'သည်လည်းကောင်း၊ နှစ်သိမ့်မှု 'ပီတိ'သည် လည်းကောင်း၊ သိမှု 'မန'သည်လည်းကောင်း၊ အောက်မေ့မှု 'သတိ'သည်လည်းကောင်း ဂေါတမသာသနာမှ မဖဲမရှောင်ကြပါကုန်၊ မြေကြီးနှင့်တူသော ကျယ်ပြန့်သော ပညာရှိသော မြတ်စွာဘုရားသည် အကြင်အကြင်အရပ်သို့ ကြွတော်မူ၏။ ထိုအကျွန်ုပ်သည် ထိုထို (မြတ်စွာဘုရားရှိရာ) အရပ်သို့သာလျှင် ညွတ်ကိုင်းသူ ဖြစ်ပါ၏။ (၁၃)
၁၁၅၁။ ဗာဝရီမည်သော ဆရာပုဏ္ဏား အိုမင်း၍ ခွန်အားနည်းသော အကျွန်ုပ်၏ကိုယ်သည် ထိုသို့ ခွန်အားနည်းသောကြောင့်သာလျှင် ထိုမြတ်စွာဘုရားရှိရာသို့ မသွားရောက်နိုင်ပါ၊ စိတ်အကြံဟူသော သွားခြင်းဖြင့်သာလျှင် အကျွန်ုပ်သည် အမြဲ သွားရောက်ပါ၏။ အကျွန်ုပ်၏ စိတ်သည် ထိုမြတ်စွာဘုရားနှင့် ယှဉ်စပ်နေပါ၏။ (၁၄)
၁၁၅၂။ အကျွန်ုပ်သည် ကာမဂုဏ်ညွန်ထဲ၌ အိပ်လျက် ထက်ဝန်းကျင် တုန်တုန်လှုပ်လှုပ် မှီခိုရာကျွန်းတစ်ခုမှ မှီခိုရာကျွန်းတစ်ခုသို့ မျောပါနေပါ၏။ ထိုအခါ သံသရာအယဉ် 'သြဃ'ကို လွန်မြောက်တော်မူပြီးသော အာသဝေါကင်းတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရပါ၏။ (၁၅)
၁၁၅၃။ ပိင်္ဂိယ ဝက္ကလိသည်လည်းကောင်း၊ ဘဒြာဝုဓသည်လည်းကောင်း၊ အာဠဝီပြည်သား ဂေါတမသည်လည်းကောင်း ယုံကြည်မှု 'သဒ္ဓါ' တရားကို (နိဗ္ဗာန်သို့) စေလွှတ်လော့၊ ဤသို့ စေလွှတ်သည်ရှိသော် သင်သည် သေမင်းတည်ရာ သံသရာ၏ တစ်ဖက်ကမ်းဖြစ်သော နိဗ္ဗာန်သို့ ရောက်ရလတ္တံ့ဟု မြတ်စွာဘုရားသည် တန်ခိုးတော်ဖြင့် ကြွလာ၍ ဟောတော်မူ၏။ (၁၆)
၁၁၅၄-၁၁၅၅။ ထိုအကျွန်ုပ်သည် မုနိဖြစ်တော်မူသော မြတ်စွာဘုရား၏ စကားတော်ကို ကြားရ၍ အလွန်ကြည်လင်ပါ၏။ ဝဋ်ဟူသော အမိုးကို ဖွင့်ပြီးသော ငြောင့်ကင်းတော်မူပြီးသော ဆင်ခြင်ဉာဏ် (ပဋိဘာန်) ရှိတော်မူသောာ အမေးပြဿနာ၏ အဆုံးကို ပြုတော်မူသော ယုံမှားခြင်းရှိသည် ဖြစ်ကုန်လျက် ယုံမှားကင်း၏ဟု ဝန်ခံသူတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် သမ္မုတိနတ် ဥပပတ္တိနတ်တို့ထက် လွန်ကဲထူးမြတ်သော ဝိသုဒ္ဓိနတ်တို့ကို ထူးသောဉာဏ်ဖြင့် သိတော်မူ၍ မိမိသူတစ်ပါး နှစ်ပါးစုံ၏ ဝိသုဒ္ဓိနတ်အဖြစ်ကို ပြုတတ်သော တရားအားလုံးကိုလည်း သိတော်မူပြီ။ (၁၇-၁၈)
၁၁၅၆။ အကြင်နိဗ္ဗာန်တရားအား တစ်စုံတစ်ခု နှိုင်းယှဉ်စရာ ဥပမာမရှိ၊ မရွေ့ရှား မပျက်စီးနိုင်သော ထိုနိဗ္ဗာန်သို့ မချွတ်သွားရတော့အံ့၊ ဤနိဗ္ဗာန်သို့ သွားရာ၌ အကျွန်ုပ်အား ယုံမှားမှု မရှိတော့ပါ၊ အကျွန်ုပ်ကို ကိလေသာမှ လွတ်မြောက်သော စိတ်ရှိသူဟူ၍ မှတ်တော်မူပါလော့။ (၁၉)
ငါးခုမြောက်ပါရာယနဝဂ် ပြီး၏။
သုတ်၏ ဥဒ္ဒါန်း
၁။ ဥရဂသုတ် ဓနိယသုတ် ခဂ္ဂဝိသာဏသုတ် ကသိဘာရဒွါဇသုတ် စုန္ဒသုတ် တစ်ဖန်လျှင် ပရာဘဝသုတ် ဝသလသုတ် ကရဏီယ (မေတ္တ) သုတ် ဟေမဝတသုတ် ထိုမှတစ်ပါး ယက္ခ (အာဠဝက) သုတ် ဝိဇယသုတ် မြတ်သောမုနိသုတ်။
၂။ ဤသို့ တစ်ဆယ့်နှစ်သုတ်ကိုဆောင်သော အလုံးစုံသောဝဂ်၏ ရှေးဦးစွာ တည်သည်ဖြစ်၍ မြတ်သော ပညာမျက်စိ ရှိတော်မူသော အညစ်အကြေးကင်းသော မြတ်စွာဘုရားသည် ကောင်းစွာဝေဖန်အပ်ပြီးသော ဟောအပ်သော မြတ်သောဝဂ်ကို မြတ်သော ဥရဂဝဂ်ဟူ၍ ကြားအပ်၏။
၃။ ရတနသုတ် အာမဂန္ဓသုတ် ဟိရိသုတ် မင်္ဂလသုတ် သူစိလောမသုတ် ဓမ္မာစရိယသုတ် ဗြာဟ္မဏဓမ္မိကသုတ် နာဝါသုတ် ကိံသီလသုတ် ဥဋ္ဌာနသုတ် ရာဟုလသုတ် တစ်ဖန်လည်း ဝင်္ဂီသ (နိဂြောဓကပ္ပသုတ်)။
၄။ ဤ၌ သမ္မာပရိဗ္ဗာဇနီယသုတ် မြတ်သော ဓမ္မိကသုတ် ဤသို့ နှစ်ကြိမ်မြောက်၌ ကောင်းစွာဝေဖန်အပ်သော တစ်ဆယ့်လေးသုတ်၏ အပေါင်းကို ဆောင်သောဝဂ် ထိုဝဂ်ကို မြတ်သော စူဠကဝဂ်ဟူ၍ ဆိုကုန်၏။
၅။ ပဗ္ဗဇ္ဇာသုတ် ပဓာနသုတ် သုဘာသိတမည်သောသုတ် သုန္ဒရိကဘာရဒွါဇ (ပူရဠာသ) သုတ် မာဃသုတ် သဘိယသုတ် ကေဏိယသုတ် (သေလသုတ်) သလ္လ မည်သောသုတ် မြတ်သော ဝါသေဋ္ဌသုတ် ကောကာလိကသုတ်။
၆။ ကောင်းစွာဝေဖန်အပ်သော မြတ်သော နာလကသုတ် ထို့ပြင် ဒွယတာနုပဿနာ မည်သောသုတ် သုံးကြိမ်မြောက်၌ တစ်ဆယ့်နှစ်သုတ်ကို ဆောင်သော မြတ်သောဝဂ်ကို မဟာဝဂ်မည်၏ဟူ၍ ကြားအပ်၏။
၇။ ကာမသုတ် ဂုဟဋ္ဌကသုတ် ဒုဋ္ဌဋ္ဌကသုတ် သုဒ္ဓဋ္ဌကသုတ် ပရမဋ္ဌကသုတ် ဇရာသုတ် ကောင်းစွာဝေဖန်အပ်သော မြတ်သော မေတ္တေယျသုတ် တိဿမေတ္တယျသုတ် ပသူရသုတ် မာဂဏ္ဍိယသုတ် ပုရာဘေဒသုတ်။
၈။ ကလဟဝိဝါဒသုတ် နှစ်ပါးသော စူဠဗျူဟသုတ် မဟာဗျူဟသုတ် တုဝဋကသုတ် အတ္တဒဏ္ဍသုတ် သာရိပုတ္တသုတ် လေးကြိမ်မြောက်၌ တစ်ဆယ့်ခြောက်သုတ်ကို ဆောင်သော ဝဂ်သည် အဋ္ဌကဝဂ်မည်၏ဟု ထိုဝဂ်ကို ဆိုကုန်၏။
၉။ မွေ့လျော်ဖွယ်ရှိသော မြတ်သောဒေသဖြစ်သော ပြုအပ်သော ကောင်းမှုရှိသူတို့၏ နေရာဖြစ်သော မဂဓဇနပုဒ်၌ ကောင်းစွာ ဝေဖန်အပ်သော မြတ်သော ပါသာဏက စေတီအရပ်၌ ဂိုဏ်းတို့၏ အမြတ်ဖြစ်သော မြတ်စွာဘုရားသည် နေတော်မူ၏။
၁ဝ။ (ထိုအရပ်၌) လာသော မုဠကမင်း အသကမင်းနှစ်ပါးတို့၏ နိုင်ငံစပ်ဖြစ်သော ထိုပုဏ္ဏားတို့၏နေရာ ဂေါဓာဝရီမြစ်နားမှ တစ်ဆယ့်နှစ်ယူဇနာရှိသော ပရိသတ်၌ တစ်ဆယ့်ခြောက်ယောက်သော ပုဏ္ဏားတို့၏ အဇိတစသော တစ်ဆယ့်ခြောက်ပါးသော ပုစ္ဆာနှင့် ယှဉ်ထသော အမေးဖြင့် မေးအပ်သော မြတ်စွာဘုရားသည် (ထိုပုစ္ဆာ၏ အနက်ကို) အကြွင်းမဲ့ ပြုပြီးသတတ်၊ ထိုပုဏ္ဏားတို့အား တရားကို မေးပြီးသတတ်။
၁၁။ အခြေနှစ်ချောင်းရှိသော သတ္တဝါတို့တွင် မြတ်သော မြတ်စွာဘုရားသည် လောကစီးပွါးအလို့ငှါ အနက်ကို ပြတတ်သော သဒ္ဒါနှင့်ပြည့်စုံသော (သူတစ်ပါးတို့) နှစ်သက်အပ်သော မြတ်သောတရားကို ဟောတော်မူ၏။ မြတ်သောသုတ်ဖြစ်သော များစွာသော ဓမ္မဖြင့် ဆန်းကြယ်သော လွတ်ကြောင်းဖြစ်သော သုတ်ကို ဟောတော်မူ၏။ ခပ်သိမ်းသော ကိလေသာမှ လွတ်ခြင်း၏ အကြောင်းဖြစ်သော မြတ်သောသုတ်ကို အခြေနှစ်ချောင်းရှိသော သတ္တဝါတို့ထက် မြတ်သော မြတ်စွာဘုရားသည် ဟောတော်မူ၏။
၁၂။ ဗျဉ္ဇနပဒ အတ္ထပဒနှင့် အညီအညွတ်ယှဉ်သော၊ အက္ခရာဖြင့်မှတ်အပ်သော၊ ဥပမာဖြင့် မြဲစွာထသော၊ ခန္ဓာစသော လောကကို ဆင်ခြင်တတ်သော၊ ဉာဏ်တည်းဟူသော အရောင်ဖြင့် မြတ်သော၊ အခြေနှစ်ချောင်းရှိသော သတ္တဝါတို့ထက် မြတ်သော မြတ်စွာဘုရားသည် မြတ်သောသုတ်ကို ဟောတော်မူ၏။
၁၃။ ရာဂဟူသော အညစ်အကြေးဖြင့် အညစ်အကြေးကင်းသော၊ အညစ်အကြေး ကင်း၍ မြတ်သော၊ ဒေါသဟူသော အညစ်အကြေးဖြင့် အညစ်အကြေး ကင်းသော၊ အညစ်အကြေး ကင်း၍ မြတ်သော မောဟဟူသော အညစ်အကြေးဖြင့် အညစ်အကြေး ကင်းသော၊ အညစ်အကြေး ကင်း၍ မြတ်သော၊ ခန္ဓာစသော လောကကို ဆင်ခြင်တတ်သော၊ ဉာဏ်တည်းဟူသော အရောင်ဖြင့် မြတ်သော၊ အခြေနှစ်ချောင်းရှိသော သတ္တဝါတို့ထက် မြတ်သော မြတ်စွာဘုရားသည် မြတ်သောသုတ်ကို ဟောတော်မူ၏။
၁၄။ ကိလေသာဟူသော အညစ်အကြေးဖြင့် အညစ်အကြေးကင်းသော၊ အညစ်အကြေး ကင်း၍ မြတ်သော၊ ဒုစရိုက်ဟူသော အညစ်အကြေးဖြင့် အညစ်အကြေး ကင်းသော၊ အညစ်အကြေး ကင်း၍ မြတ်သော၊ ခန္ဓာစသော လောကကို ဆင်ခြင်တတ်သော၊ ဉာဏ်တည်းဟူသော အရောင်ဖြင့် မြတ်သော၊ အခြေနှစ်ချောင်းရှိသော သတ္တဝါတို့ထက် မြတ်သော မြတ်စွာဘုရားသည် မြတ်သောသုတ်ကို ဟောတော်မူ၏။
၁၅။ အာသဝတည်းဟူသော အနှောင်အဖွဲ့နှင့် ယှဉ်သည်ဖြစ်၍ လိမ်းကျံအပ်သော နီဝရဏတို့သည်လည်းကောင်း၊ အညစ်အကြေး သုံးပါးတို့သည်လည်းကောင်း အကြင်သတ္တဝါအား ရှိကုန်၏။ ထိုသတ္တဝါ၏ ကိလေသာမှ လွတ်ခြင်း၏ အကြောင်းဖြစ်သော မြတ်သောသုတ်ကို အခြေနှစ်ချောင်းရှိသော သတ္တဝါတို့ထက် မြတ်သော မြတ်စွာဘုရားသည် ဟောတော်မူ၏။
၁၆။ အညစ်အကြေး ကင်းထသော၊ ခပ်သိမ်းသော ကိလေသာကို ပယ်ဖျောက်တတ်သော၊ ရာဂကင်းပြီးသော တဏှာမရှိသော၊ စိုးရိမ်ခြင်းကင်းထသော၊ ငြိမ်သက်သော တောင့်တအပ်သော၊ အလွန်မြင်နိုင်ခဲသော လောကုတ္တရာတရားကို ထင်ရှားပြ၍ မြတ်သောသုတ်ကို အခြေနှစ်ချောင်း ရှိသော သတ္တဝါတို့ထက် မြတ်သော မြတ်စွာဘုရားသည် ဟောတော်မူ၏။
၁၇။ ရာဂကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ တောင့်တခြင်းကိုလည်းကောင်း အခြေနှစ်ချောင်းရှိသော သတ္တဝါတို့ထက် မြတ်သော မြတ်စွာဘုရားသည် ဖျက်ဆီး၏။ လေးပါးသော ယောနိ ငါးပါးသော ဂတိ ခုနစ်ပါးသော ဝိညာဏဋ္ဌိတိ တဏှာဂုဠှ တဏှာရတိ တဏှာဆဒန တဏှာလတာမှ လွတ်မြောက်စေတတ်သော မြတ်သောသုတ်ကို အခြေနှစ်ချောင်း ရှိသော သတ္တဝါတို့ထက် မြတ်သော မြတ်စွာဘုရားသည် ဟောတော်မူ၏။
၁၈။ နက်နဲသည်ဖြစ်၍ မြင်နိုင်ခဲသော၊ နူးညံ့သိမ်မွေ့သော ပညာရှိတို့သာ သိအပ်သော၊ သိမ်မွေ့သော အနက်ရှိသော၊ ခန္ဓာစသော လောကကို ဆင်ခြင်တတ်သော၊ ဉာဏ်တည်းဟူသော အရောင်ဖြင့် မြတ်သောသုတ်ကို အခြေနှစ်ချောင်း ရှိသော သတ္တဝါတို့ထက် မြတ်သော မြတ်စွာဘုရားသည် ဟောတော်မူ၏။
၁၉။ အင်္ဂါကိုးပါးတည်းဟူသော ပန်းဖြင့် ကောင်းစွာ ဆင်ယင်အပ်သော လည်ရွဲတန်ဆာရှိသော ဣန္ဒြေ ဈာန် ဝိမောက္ခတို့ဖြင့် ဝေဖန်အပ်ထသော၊ အဋ္ဌင်္ဂိက မဂ်တရားတည်းဟူသော မြတ်သောယာဉ် ရှိထသော မြတ်သောသုတ်ကို အခြေနှစ်ချောင်းရှိသော သတ္တဝါတို့ထက် မြတ်သော မြတ်စွာဘုရားသည် ဟောတော်မူ၏။
၂ဝ။ လလျှင် ဥပမာရှိသော အညစ်အကြေးကင်း၍ စင်ကြယ်သော၊ မဟာသမုဒ္ဒရာနှင့်အတူ ရတနာတို့ဖြင့် ဆန်းကြယ်သော၊ ပန်းနှင့်အတူ ဆန်းကြယ်စွာ နေနှင့်အတူ ထွန်းတောက်ပသော တန်ခိုးရှိသော မြတ်သောသုတ်ကို အခြေနှစ်ချောင်းရှိသော သတ္တဝါတို့ထက် မြတ်သော မြတ်စွာဘုရားသည် ဟောတော်မူ၏။
၂၁။ မြတ်သော (ဖိုလ်နိဗ္ဗာန်) အကျိုးရှိသော အရိယာ၏ ရွေ့ခြင်းမရှိ နိဗ္ဗာန်သို့ ရောက်သော ကာလတိုင်အောင် အလွန်ချမ်းမြေ့စွာ ငြိမ်းအေးသော ဘေးကင်းရာ နိဗ္ဗာန်သည် ရှိ၏။ အလွန်ငြိမ်းအေးသော ထိုနိဗ္ဗာန်ကို မြင်ခြင်း၏ အကြောင်းဖြစ်သော မြတ်သောသုတ်ကို အခြေနှစ်ချောင်းရှိသော သတ္တဝါတို့ထက် မြတ်သော မြတ်စွာဘုရားသည် ဟောတော်မူ၏။
ဤကား သုတ်၏ဥဒါန်းတည်း။
သုတ္တနိပါတ်ပါဠိတော် မြန်မာပြန် ပြီးပြီ။