အင်္ဂုတ္တရနိကာယ်

၁၂-အနာပတ္တိဝဂ်

၁၅ဝ။ ရဟန်းတို့ အကြင် ရဟန်းတို့သည် အာပတ်မဟုတ်သည်ကို “အာပတ်”ဟု ပြကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော အကုသိုလ်တရားကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏၊ ထို ုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၁၅၁။ ရဟန်းတို့ အကြင် ရဟန်းတို့သည် အာပတ်ကို “အာပတ် မဟုတ်”ဟု ပြကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော အကုသိုလ်တရားကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏၊ ထို ုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

၁၅၂—၁၅၉။ ရဟန်းတို့ အကြင် ရဟန်းတို့သည် ပေါ့သော အာပတ်ကို “လေးသော အာပတ်”ဟု ပြကုန်၏။ပ။ လေးသော အာပတ်ကို “ပေါ့သော အာပတ်”ဟု ပြကုန်၏။ပ။ ရုန့်ရင်းသော အာပတ်ကို “ရုန့်ရင်းသော အာပတ် မဟုတ်”ဟု ပြကုန်၏။ပ။ ရုန့်ရင်းသော အာပတ်မဟုတ်သည်ကို “ရုန့်ရင်းသော အာပတ်”ဟု ပြကုန်၏။ပ။ ကုစားခွင့် အကြွင်းရှိသော အာပတ်ကို “ကုစားခွင့် အကြွင်းမရှိသော အာပတ်”ဟု ပြကုန်၏။ပ။ ကုစားခွင့် အကြွင်းမရှိသော အာပတ်ကို “ကုစားခွင့် အကြွင်းရှိသော အာပတ်”ဟု ပြကုန်၏။ပ။ ကုစားကောင်းသော အာပတ်ကို “မကုစားကောင်းသော အာပတ်”ဟု ပြကုန်၏။ပ။ မကုစားကောင်းသော အာပတ်ကို “ကုစားကောင်းသော အာပတ်”ဟု ပြကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော အကုသိုလ်တရားကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏။ ထို ုရဟန်းတို့သည် ဤသာသနာ တော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

၁၆ဝ။ ရဟန်းတို့ အကြင် ရဟန်းတို့သည် အာပတ် မဟုတ်သည်ကို “အာပတ် မဟုတ်”ဟု ပြကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးဖြစ်ခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးဖြစ်ခြင်းငှါ နတ်လူတို့၏ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ကျင့်သည် မည်ကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏၊ ထို ုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း တည်တံ့စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။

ဧကာဒသမသုတ်။

၁၆၁။ ရဟန်းတို့ အကြင် ရဟန်းတို့သည် အာပတ်ကို “အာပတ်”ဟု ပြကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးဖြစ်ခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုး ဖြစ်ခြင်းငှါ နတ်လူတို့၏ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထို ့ရဟန်းတို့သည် များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏၊ ထို ုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း တည်တံ့စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒွါဒသမသုတ်။

၁၆၂—၁၆၉။ ရဟန်းတို့ အကြင် ရဟန်းတို့သည် ပေါ့သော အာပတ်ကို “ပေါ့သော အာပတ်”ဟု ပြကုန်၏။ လေးသော အာပတ်ကို “လေးသော အာပတ်”ဟု ပြကုန်၏။ ရုန့်ရင်းသော အာပတ်ကို “ရုန့်ရင်းသော အာပတ်”ဟု ပြကုန်၏။ ရုန့်ရင်းသော အာပတ် မဟုတ်သည်ကို “ရုန့်ရင်းသော အာပတ် မဟုတ်”ဟု ပြကုန်၏။ ကုစားခွင့် အကြွင်းရှိသော အာပတ်ကို “ကုစားခွင့် အကြွင်းရှိသော အာပတ်”ဟု ပြကုန်၏။ ကုစားခွင့် အကြွင်းမရှိသော အာပတ်ကို “ကုစားခွင့် အကြွင်းမရှိသော အာပတ်”ဟု ပြကုန်၏။ ကုစားကောင်းသော အာပတ်ကို “ကုစားကောင်းသော အာပတ်”ဟု ပြကုန်၏။ မကုစားကောင်းသော အာပတ်ကို “မကုစားကောင်းသော အာပတ်”ဟု ပြကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးဖြစ်ခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးဖြစ်ခြင်းငှါ နတ်လူတို့၏ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏၊ ထို ုရဟန်းတို့သည် ဤသာသနာတော် ကိုလည်း တည်တံ့စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။

ဝီသတိမသုတ်။

တစ်ဆယ့်နှစ်ခုမြောက် အနာပတ္တိဝဂ် ပြီး၏။