အင်္ဂုတ္တရနိကာယ်
၁ဝ-ဒုတိယ ပမာဒါဒိဝဂ်
၉၈။ ရဟန်းတို့ ဤမေ့လျော့ခြင်း ‘ပမာဒ’တရားသည် မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော အကြောင်းကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မေ့လျော့ခြင်း ‘ပမာဒ’တရားသည် များစွာ အကျိုးမဲ့ခြင်းငှါဖြစ်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။
၉၉။ ရဟန်းတို့ ဤမမေ့မလျော့ခြင်း ‘အပ္ပမာဒ’တရားသည် မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မမေ့မလျော့ခြင်း ‘အပ္ပမာဒ’တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။
၁ဝဝ။ ရဟန်းတို့ ဤပျင်းရိခြင်း ‘ကောသဇ္ဇ’တရားသည် မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ပျင်းရိခြင်း ‘ကောသဇ္ဇ’တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
တတိယသုတ်။
၁ဝ၁။ ရဟန်းတို့ ဤထက်သန်သော လုံ့လ ‘ဝီရိယာရ မ္ဘ’တရားသည် မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ထက်သန်သော လုံ့လ ‘ဝီရိယာရ မ္ဘ’တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။
၁ဝ၂—၁ဝ၉။ ရဟန်းတို့ ဤအလိုကြီးခြင်း ‘မဟိစ္ဆတာ’တရားသည် မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ပ။ အလိုနည်းခြင်း ‘အပ္ပိစ္ဆတာ’တရားသည်။ မရောင့်ရဲခြင်း ‘အသန္တုဋ္ဌိတာ’တရားသည်။ ရောင့်ရဲခြင်း ‘သန္တုဋ္ဌိတာ’တရားသည်။ မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း ‘အယောနိ သောမနသိကာရ’တရားသည်။ သင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း ‘ယောနိသော မနသိကာရ’တရားသည်။ မဆင်ခြင်ခြင်း ‘အသမ္ပဇည’တရားသည်။ ဆင်ခြင်ခြင်း ‘သမ္ပဇည’တရားသည်။
ဒွါဒသမသုတ်။
၁၁ဝ။ ရဟန်းတို့ ဤအဆွေခင်ပွန်းယုတ်ရှိခြင်း ‘ပါပမိတ္တတာ’တရားသည် အပသန္တာန်၌ ဖြစ်သော အကြောင်းဟု ပြု၍ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ အပသန္တာန်၌ ဖြစ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အဆွေ ခင်ပွန်းယုတ်ရှိခြင်းသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
တေရသမသုတ်။
၁၁၁။ ရဟန်းတို့ ဤအဆွေခင်ပွန်းကောင်းရှိခြင်း ‘ကလျာဏမိတ္တတာ’တရားသည် အပသန္တာန်၌ ဖြစ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ အပသန္တာန်၌ ဖြစ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အဆွေခင်ပွန်းကောင်းရှိခြင်းသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
စုဒ္ဒသမသုတ်။
၁၁၂။ ရဟန်းတို့ ဤအကုသိုလ်တရားတို့ကို အားထုတ်ခြင်း ကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အကုသိုလ်တရားတို့ကို အားထုတ်ခြင်း ကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ပန္နရသမသုတ်။
၁၁၃။ ရဟန်းတို့ ဤကုသိုလ်တရားတို့ကို အားထုတ်ခြင်း အကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ မိမိ၏ အတွင်းသန္တာန်၌ ဖြစ်ပေါ်သော အကြောင်းဟု ပြု၍ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ကုသိုလ်တရားတို့ကို အားထုတ်ခြင်း အကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
သောဠသမသုတ်။
၁၁၄။ ရဟန်းတို့ ဤမေ့လျော့ခြင်း ‘ပမာဒ’တရားသည် သာသနာတော်၏ ပျက်စီးခြင်း ကွယ် ပျောက်ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ သာသနာတော်၏ ပျက်စီးခြင်း ကွယ်ပျောက်ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မေ့လျော့ခြင်း ‘ပမာဒ’တရားသည် သာသနာ တော်၏ ပျက်စီးခြင်း ကွယ်ပျောက်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
သတ္တရသမသုတ်။
၁၁၅။ ရဟန်းတို့ ဤမမေ့မလျော့ခြင်း ‘အပ္ပမာဒ’တရားသည် သာသနာတော်၏ ကြာမြင့်စွာ တည်ခြင်း မပျက်စီးခြင်း မကွယ်ပျောက်ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ သာသနာတော်၏ ကြာမြင့်စွာ တည်ခြင်း မပျက်စီးခြင်း မကွယ်ပျောက်ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မမေ့မလျော့ခြင်း ‘အပ္ပမာဒ’တရားသည် သာသနာတော်၏ ကြာမြင့်စွာ တည်ခြင်း မပျက်စီးခြင်း မကွယ်ပျောက်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
အဋ္ဌာရသမသုတ်။
၁၁၆။ ရဟန်းတို့ ဤပျင်းရိခြင်း ‘ကောသဇ္ဇ’တရားသည် သာသနာတော်၏ ပျက်စီးခြင်း ကွယ် ပျောက်ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ သာသနာတော်၏ ပျက်စီးခြင်း ကွယ်ပျောက်ခြင်းငှါ ဖြစ်သော အခြား တစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ပျင်းရိခြင်း ‘ကောသဇ္ဇ’တရားသည် သာသနာ တော်၏ ပျက်စီးခြင်း ကွယ်ပျောက်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ဧကူနဝီသတိမသုတ်။
၁၁၇။ ရဟန်းတို့ ဤထက်သန်သော လုံ့လ ‘ဝီရိယာရ မ္ဘ’တရားသည် သာသနာတော်၏ ကြာမြင့်စွာ တည်ခြင်း မပျက်စီးခြင်း မကွယ်ပျောက်ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ သာသနာတော်၏ ကြာမြင့်စွာ တည်ခြင်း မပျက်စီးခြင်း မကွယ်ပျောက်ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ထက်သန်သော လုံ့လ ‘ဝီရိယာရ မ္ဘ’တရားသည် သာသနာတော်၏ ကြာမြင့်စွာ တည်ခြင်း မပျက်စီးခြင်း မကွယ်ပျောက်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ဝီသတိမသုတ်။
၁၁၈—၁၂၈။ ရဟန်းတို့ ဤအလိုကြီးခြင်း ‘မဟိစ္ဆတာ’တရားသည် သာသနာတော်၏ ပျက်စီးခြင်း ကွယ်ပျောက်ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ သာသနာတော်၏ ပျက်စီးခြင်း ကွယ်ပျောက်ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ပ။ အလိုနည်းခြင်း ‘အပ္ပိစ္ဆတာ’တရားသည်။ မရောင့်ရဲခြင်း ‘အသန္တုဋ္ဌိတာ’တရားသည်။ ရောင့်ရဲခြင်း ‘သန္တုဋ္ဌိတာ’တရားသည်။ မသင့်လျော်သော အကြောင်းအား ဖြင့် နှလုံးသွင်းခြင်း ‘အယောနိသော မနသိကာရ’တရားသည်။ သင့်လျော်သော အကြောင်းအားဖြင့် နှလုံး သွင်းခြင်း ‘ယောနိသော မနသိကာရ’တရားသည်။ မဆင်ခြင်ခြင်း ‘အသမ္ပဇည’တရားသည်။ ဆင်ခြင်ခြင်း ‘သမ္ပဇည’တရားသည်။ အဆွေခင်ပွန်းယုတ်ရှိခြင်း ‘ပါပမိတ္တတာ’တရားသည်။ အဆွေခင်ပွန်းကောင်းရှိခြင်း ‘ကလျာဏမိတ္တတာ’တရားသည်။ အကုသိုလ်တရားတို့ကို အားထုတ်ခြင်း ကုသိုလ်တရားတို့ကို အား မထုတ်ခြင်းသည်။ ရဟန်းတို့ အကုသိုလ်တရားတို့ကို အားထုတ်ခြင်း ကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် သာသနာတော်၏ ပျက်စီးခြင်း ကွယ်ပျောက်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ဧကတ္တိံသတိမသုတ်။
၁၂၉။ ရဟန်းတို့ ဤကုသိုလ်တရားတို့ကို အားထုတ်ခြင်း အကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် သာသနာတော်၏ ကြာမြင့်စွာ တည်တံ့ခြင်း မပျက်စီးခြင်း မကွယ်ပျောက်ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ သာသနာတော်၏ ကြာမြင့်စွာ တည်တံ့ခြင်း မပျက်စီးခြင်း မကွယ်ပျောက်ခြင်းငှါ ဖြစ်သော အခြား တစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ကုသိုလ်တရားတို့ကို အားထုတ်ခြင်း အကုသိုလ်တရားတို့ကို အားမထုတ်ခြင်းသည် သာသနာတော်၏ ကြာမြင့်စွာ တည်တံ့ခြင်း မပျက်စီးခြင်း မကွယ်ပျောက်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ဗာတ္တိံသတိမသုတ်။
စတုက္ကောဋိက ပြီး၏။
၁၃ဝ။ ရဟန်းတို့ အကြင် ရဟန်းတို့သည် အဓမ္မ၁ကို “ဓမ္မ”၂ဟု ပြကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာ သော အကုသိုလ်ကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏၊ ထို ုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။
တေတ္တိံသတိမသုတ်။
၁၃၁။ ရဟန်းတို့ အကြင် ရဟန်းတို့သည် ဓမ္မ္မကို “အဓမ္မ”ဟု ပြကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာ သော အကုသိုလ်ကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏၊ ထို ုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။
စတုတ္တိံသတိမသုတ်။
၁၃၂—၁၃၉။ ရဟန်းတို့ အကြင် ရဟန်းတို့သည် အဝိနယ၃ကို “ဝိနယ”၄ဟု ပြကုန်၏။ပ။ ဝိနယကို “အဝိနယ”ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား မဟောအပ် မပြောအပ်သည်ကို “မြတ်စွာဘုရား ဟောအပ် ပြောအပ်၏”ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား ဟောအပ် ပြောအပ်သည်ကို “မြတ်စွာဘုရား မဟောအပ် မပြောအပ်”ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား အလေ့အကျင့် မပြုအပ်သည်ကို “မြတ်စွာဘုရား အလေ့ အကျင့် ပြုအပ်၏”ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား အလေ့အကျင့် ပြုအပ်သည်ကို “မြတ်စွာဘုရား အလေ့အကျင့် မပြုအပ်”ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား မပညတ်အပ်သည်ကို “မြတ်စွာဘုရား ပညတ် အပ်၏”ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား ပညတ်အပ်သည်ကို “မြတ်စွာဘုရား မပညတ်အပ်”ဟု ပြ ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သည် မည်ကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော အကုသိုလ်ကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏။ ထို ုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။
ဒွါစတ္တာလီသတိမသုတ်။
ဆယ်ခုမြောက် ဒုတိယ ပမာဒါဒိဝဂ် ပြီး၏။
၁။ သုတ္တန်ပရိယာယ်အားဖြင့် အကုသလကမ္မပထတရားဆယ်ပါး ဝိနည်းပရိယာယ်အားဖြင့် မဟုတ်မမှန်သော ဝတ္ထုဖြင့် စောဒနာခြင်းစသည်။
၂။ သုတ္တန်ပရိယာယ်အားဖြင့် ကုသလကမ္မပထတရားဆယ်ပါး ဝိနည်းပရိယာယ်အားဖြင့် ဟုတ်မှန်သောဝတ္ထုဖြင့် စောဒနာခြင်းစသည်။
၃။ သုတ္တန်ပရိယာယ်အားဖြင့် ရာဂစသည်တို့ကို မပယ်ခြင်း ပညာဖြင့် မဆင်ခြင်ခြင်း၊ ဝိနည်းပရိယာယ်အားဖြင့် ဝတ္ထုဝိပတ္တိ သီမာဝိပတ္တိစသည်။
၄။ သုတ္တန်ပရိယာယ်အားဖြင့် ရာဂစသည်တို့ကို ပယ်ခြင်း ပညာဖြင့် ဆင်ခြင်ခြင်း၊ ဝိနည်းပရိယာယ်အားဖြင့် ဝတ္ထုသမ္ပပတ္တိ သီမာသမ္ပတ္တိစသည်။