အင်္ဂုတ္တရနိကာယ်

(၁၂) ၂-ပစ္စောရောဟဏိဝဂ်

၁-ပဌမ အဓမ္မသုတ်

၁၁၃။ ရဟန်းတို့ တရားမဟုတ်သည်ကိုလည်းကောင်း၊ အကျိုးမဲ့ကိုလည်းကောင်း သိအပ်၏၊ တရားကိုလည်းကောင်း၊ အကျိုးကိုလည်းကောင်း သိအပ်၏၊ တရားမဟုတ်သည်ကိုလည်းကောင်း၊ အကျိုး မဲ့ကိုလည်းကောင်း၊ သိ၍ တရားကိုလည်းကောင်း၊ အကျိုးကိုလည်းကောင်း သိ၍ တရားအားလျော်စွာ အကျိုးအားလျော်စွာ ကျင့်အပ်၏။ ရဟန်းတို့ တရားမဟုတ်ဟူသည်လည်းကောင်း၊ အကျိုးမဲ့ဟူသည် လည်းကောင်း အဘယ်နည်း။ မှားယွင်းသော အမြင်၊ မှားယွင်းသော အကြံအစည်၊ မှားယွင်းသော စကား၊ မှားယွင်းသော အလုပ်၊ မှားယွင်းသော အသက်မွေးမှု၊ မှားယွင်းသော လုံ့လ၊ မှားယွင်းသော သတိ၊ မှားယွင်းသော သမာဓိ၊ မှားယွင်းသော ဉာဏ်၊ မှားယွင်းသော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို တရားမဟုတ်ဟူ၍လည်းကောင်း၊ အကျိုးမဲ့ဟူ၍လည်းကောင်း ဆိုအပ်၏။ ရဟန်းတို့ တရားဟူသည်လည်းကောင်း၊ အကျိုးဟူသည်လည်းကောင်း အဘယ်နည်း။ မှန်ကန်သော အမြင်၊ မှန်ကန်သော အကြံအစည်၊ မှန်ကန်သော စကား၊ မှန်ကန်သော အလုပ်၊ မှန်ကန်သော အသက်မွေးမှု၊ မှန်ကန်သော လုံ့လ၊ မှန်ကန်သော သတိ၊ မှန်ကန်သော သမာဓိ၊ မှန်ကန်သော ဉာဏ်၊ မှန်ကန်သော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို တရားဟူ၍လည်းကောင်း၊ အကျိုးဟူ၍ လည်းကောင်း ဆိုအပ်၏။ “ရဟန်းတို့ တရားမဟုတ်သည်ကိုလည်းကောင်း၊ အကျိုးမဲ့ကိုလည်းကောင်း သိအပ်၏၊ တရားကို လည်းကောင်း၊ အကျိုးကိုလည်းကောင်း သိအပ်၏၊ တရားမဟုတ်သည်ကိုလည်းကောင်း၊ အကျိုးမဲ့ကို လည်းကောင်း၊ သိ၍ တရားကိုလည်းကောင်း၊ အကျိုးကိုလည်းကောင်း သိ၍ တရားအားလျော်စွာ အကျိုး အားလျော်စွာ ကျင့်အပ်၏”ဟု ဆိုခဲ့သော စကားကို ဤသည်ကို စွဲ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။