အင်္ဂုတ္တရနိကာယ်
(၁၂) ၂-ပစ္စောရောဟဏိဝဂ်
၆-သြရိမ တီရသုတ်
၁၁၈။ ရဟန်းတို့ ဤမှာဘက်ကမ်းကိုလည်းကောင်း၊ ထိုမှာဘက်ကမ်းကိုလည်းကောင်း ဟောကြား ပေအံ့၊ ထိုတရားကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။
“အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ ရဟန်းတို့ ဤမှာဘက်ကမ်းဟူသည် အဘယ်နည်း၊ ထိုမှာဘက်ကမ်းဟူသည် အဘယ်နည်း၊ မှားယွင်းသော အမြင်သည် ဤမှာဘက်ကမ်းတည်း၊ မှန်ကန်သော အမြင်သည် ထိုမှာဘက်ကမ်းတည်း။ပ။ မှားယွင်းသော လွတ်မြောက်မှုသည် ဤမှာဘက်ကမ်းတည်း မှန်ကန်သော လွတ်မြောက်မှုသည် ထိုမှာဘက်ကမ်းတည်း။ ရဟန်းတို့ ဤသည်ကား ဤမှာဘက်ကမ်းတည်း၊ ဤသည်ကား ထိုမှာဘက်ကမ်းတည်းဟု (မိန့်တော်မူ၏)။
လူတို့တွင် အကြင်လူတို့သည် ထိုမှာဘက်ကမ်း (နိဗ္ဗာန်) သို့ သွားရောက်ကုန်၏၊ ထိုလူတို့သည်ကား နည်းပါးလှကုန်၏၊ ထို့ပြင် (ထိုမှာဘက်ကမ်းသို့သွားရောက် သူတို့မှ) တစ်ပါးသော ဤသတ္တဝါအပေါင်းသည် ဤမှာဘက်ကမ်း (သက္ကာယဒိဋ္ဌိ) သို့သာလျှင် အဖန်ဖန် ပြေးသွား၏။ အကြင်သူတို့သည်ကား ကောင်းစွာ ဟောအပ်တော်မူအပ်သော တရား၌ တရားအားလျော်စွာ ကျင့်ကုန်၏၊ ထိုသူတို့သည်သာ ကူးတက်နိုင်ခဲသော သေမင်း၏ တည်ရာ (ဝဋ်တရား) ကို (ကူးတက်ကာ) ထိုမှာဘက်ကမ်း (နိဗ္ဗာန်) သို့ ရောက်ကုန် လတ္တံ့။ ပညာရှိသည် မည်းညစ်သော (အကုသိုလ်) တရားကို ပယ်၍ ဖြူစင်သော (ကုသိုလ်) တရားကို ပွါးရာ၏၊ ကပ်ငြိရာ (ဝဋ်) မှ မကပ်ငြိရာ (နိဗ္ဗာန်) ကို အာရုံ ပြု၍ အကြင်ကင်းဆိတ်ရာ၌ မွေ့လျော်နိုင်ခဲ၏၊ ထိုကင်းဆိတ်ရာ၌ ကာမတို့ကို ပယ်စွန့်၍ ကြောင့်ကြမရှိဘဲ အလွန်မွေ့လျော်ခြင်းကို အလိုရှိရာ၏၊ ပညာရှိသည် စိတ်ညစ်ညူးခြင်းတို့မှ မိမိကိုယ်ကို ဖြူစင်စေရာ၏။ အကြင်သူတို့၏ စိတ်သည် သမ္ဗောဓိ၏အင်္ဂါ (ဗောဇ္ဈင်)တို့၌ ကောင်းစွာ ပွါးပြီး ဖြစ်၏၊ အကြင်ပုဂ္ဂိုလ်တို့သည် စွဲလမ်းမှု မရှိဘဲ စွဲလမ်းမှုကို စွန့်ရာ (နိဗ္ဗာန်) ၌ မွေ့လျော်ကုန်၏၊ အာသဝေါတရားကုန်ပြီးကုန်သော တန်ခိုးအာနုဘော်ကြီးကုန်သော ထို(ရဟန္တာ) ပုဂ္ဂိုလ်တို့သည် လောက၌ ထက်ဝန်းကျင် ချုပ်ငြိမ်းပြီး ဖြစ်ကုန်၏။
ဆဋ္ဌသုတ်။