အင်္ဂုတ္တရနိကာယ်

(၁၂) ၂-ပစ္စောရောဟဏိဝဂ်

၇-ပဌမ ပစ္စောရောဟဏီသုတ်

၁၁၉။ ထိုအခါ ဇာဏေုဿာဏိပုဏ္ဏားသည် ထိုဥပုသ်နေ့၌ ခေါင်းလျှော်ရေချိုးပြီး၍ အသစ်ဖြစ်သော ခေါမမည်သော အဝတ်စုံကို ဝတ်ကာ စိုသော သမန်းမြက်ဆုပ်ကို ယူ၍ မြတ်စွာဘုရား၏ အနီး တစ်ခုသောနေရာ၌ ရပ်တည်၏၊ မြတ်စွာဘုရားသည် ဥပုသ်နေ့၌ ခေါင်းလျှော်ရေချိုးပြီး၍ အသစ်ဖြစ်သော ခေါမမည်သော အဝတ်စုံကို ဝတ်ကာ စိုသော သမန်းမြက်ဆုပ်ကို ယူ၍ တစ်ခုသောနေရာ၌ ရပ်တည်နေသော ဇာဏေုဿာဏိပုဏ္ဏားကို မြင်တော်မူ၍—“ပုဏ္ဏား အဘယ်ကြောင့် သင်သည် ထိုဥပုသ်နေ့၌ ခေါင်းလျှော်ရေချိုးပြီး၍ အသစ်ဖြစ်သော ခေါမမည်သော အဝတ်စုံကို ဝတ်ကာ စိုသော သမန်းမြက်ဆုပ်ကို ယူ၍ တစ်ခုသောနေရာ၌ ရပ်တည်နေသနည်း၊ ပုဏ္ဏား ယနေ့ ပုဏ္ဏားမျိုးအား အဘယ်မည်သော ကိစ္စ ဖြစ်သနည်း”ဟု မေးတော်မူ၏။ “အသျှင်ဂေါတမ ယနေ့ ပုဏ္ဏားမျိုးအား မကောင်းမှုကို နှင်ထုတ်ခြင်း ကိစ္စ ဖြစ်ပါ၏”ဟု (လျှောက်၏)။

ပုဏ္ဏား အဘယ်အခြင်းအရာအားဖြင့် ပုဏ္ဏားတို့၏ မကောင်းမှုကို နှင်ထုတ်ခြင်း ဖြစ်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤလောက၌ ပုဏ္ဏားတို့သည် ဥပုသ်နေ့၌ ခေါင်းလျှော်ရေချိုးပြီး၍ အသစ်ဖြစ်သော ခေါမမည်သော အဝတ်စုံကို ဝတ်ကာ စိုသော နွားချေးဖြင့် မြေကို သုတ်လိမ်း၍ စိမ်းစိုသော သမန်းမြက်တို့ကို ဖြန့်ခင်းလျက် သဲပုံနှင့် မီးတင်းကုပ်အကြား၌ အိပ်ခြင်းကို ပြုကုန်၏။ ထိုပုဏ္ဏားတို့သည် ထိုညဉ့်၌ သုံးကြိမ်ထ၍ လက်အုပ်ချီကာ “အသျှင်ထံသို့ (မကောင်းမှုကို) နှင်ထုတ်ပါကုန်၏၊ အသျှင်ထံသို့ (မကောင်းမှုကို) နှင်ထုတ်ပါကုန်၏”ဟု (ဆို၍) မီးကို ရှိခိုးကုန်၏။ များစွာသော ထောပတ် ဆီ ဆီဦးဖြင့်လည်း မီးစာကျွေးကုန်၏၊ ထိုညဉ့်လွန်မြောက်သော အခါ၌လည်း မွန်မြတ်သော ခဲဖွယ် ဘောဇဉ်ဖြင့် ပုဏ္ဏားတို့ကို ရောင့်ရဲစေကုန်၏။ အသျှင်ဂေါတမ ဤသို့အားဖြင့် ပုဏ္ဏားတို့၏ မကောင်းမှုကို နှင်ထုတ်ခြင်းသည် ဖြစ်ပါ၏ဟု (လျှောက်၏)။

ပုဏ္ဏား ပုဏ္ဏားတို့၏ မကောင်းမှုကို နှင်ထုတ်ခြင်းသည် တစ်မျိုးဖြစ်၏၊ အရိယာ၏ ဝိနည်း၌ မကောင်းမှုကို နှင်ထုတ်ခြင်းသည် တစ်မျိုးဖြစ်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ အရိယာ၏ ဝိနည်း၌ မကောင်းမှုကို နှင်ထုတ်ခြင်းကား အဘယ်သို့ပါနည်း၊ တောင်းပန်ပါ၏၊ အကျွန်ုပ်အား အသျှင်ဂေါတမသည် အရိယာ၏ ဝိနည်း၌ မကောင်းမှုနှင်ထုတ်ပုံတရားကို ဟောတော်မူပါလော့ဟု (လျှောက်၏)။ ပုဏ္ဏား ထိုသို့ ဖြစ်လျှင် နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။ “အသျှင် ကောင်းပါပြီ”ဟု ဇာဏေုဿာဏိပုဏ္ဏားသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

ပုဏ္ဏား ဤလောက၌ အရိယာတပည့်သည် “မျက်မှောက်ဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း မှားယွင်းသော အမြင်၏ အကျိုးသည် ယုတ်ညံ့ဆိုးဝါး၏”ဟု ဆင်ခြင်၏။ ထိုအရိယာတပည့်သည် ဤသို့ ဆင်ခြင်ပြီး၍ မှားယွင်းသော အမြင်ကို ပယ်စွန့်၏၊ မှားယွင်းသော အမြင်ကို နှင်ထုတ်၏။ “မျက်မှောက်ဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း မှားယွင်းသော အကြံအစည်၏ အကျိုးသည် ယုတ်ညံ့ဆိုးဝါး၏”ဟု ဆင်ခြင်၏။ ထိုသူသည် ဤသို့ ဆင်ခြင်ပြီး၍ မှားယွင်းသော အကြံ အစည်ကို ပယ်စွန့်၏၊ မှားယွင်းသော အကြံအစည်ကို နှင်ထုတ်၏။ “မျက်မှောက်ဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း မှားယွင်းသော စကား၏ အကျိုး သည် ယုတ်ညံ့ဆိုးဝါး၏”ဟု ဆင်ခြင်၏။ ထိုသူသည် ဤသို့ ဆင်ခြင်ပြီး၍ မှားယွင်းသော စကားကို ပယ်စွန့်၏၊ မှားယွင်းသော စကားကို နှင်ထုတ်၏။ “မျက်မှောက်ဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း မှားယွင်းသော အလုပ်၏ အကျိုး သည် ယုတ်ညံ့ဆိုးဝါး၏”ဟု ဆင်ခြင်၏။ ထိုသူသည် ဤသို့ ဆင်ခြင်ပြီး၍ မှားယွင်းသော အလုပ်ကို ပယ်စွန့်၏၊ မှားယွင်းသော အလုပ်ကို နှင်ထုတ်၏။ “မျက်မှောက်ဘဝ၌လည်းကောင်း တမလွန်ဘဝ၌လည်းကောင်း မှားယွင်းသော အသက်မွေးမှု၏ အကျိုးသည် ယုတ်ညံ့ဆိုးဝါး၏”ဟု ဆင်ခြင်၏။ ထိုသူသည် ဤသို့ ဆင်ခြင်ပြီး၍ မှားယွင်းသော အသက်မွေးမှုကို ပယ်စွန့်၏၊ မှားယွင်းသော အသက်မွေးမှုကို နှင်ထုတ်၏။ “မျက်မှောက်ဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း မှားယွင်းသော လုံ့လ၏ အကျိုး သည် ယုတ်ညံ့ဆိုးဝါး၏”ဟု ဆင်ခြင်၏။ ထိုသူသည် ဤသို့ ဆင်ခြင်ပြီး၍ မှားယွင်းသော လုံ့လကို ပယ်စွန့်၏၊ မှားယွင်းသော လုံ့လကို နှင်ထုတ်၏။ “မျက်မှောက်ဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း မှားယွင်းသော သတိ၏ အကျိုးသည် ယုတ်ညံ့ဆိုးဝါး၏”ဟု ဆင်ခြင်၏။ ထိုသူသည် ဤသို့ ဆင်ခြင်ပြီး၍ မှားယွင်းသော သတိကို ပယ်စွန့်၏၊ မှားယွင်းသော သတိကို နှင်ထုတ်၏။ “မျက်မှောက်ဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း မှားယွင်းသော သမာဓိ၏ အကျိုး သည် ယုတ်ညံ့ဆိုးဝါး၏”ဟု ဆင်ခြင်၏။ ထိုသူသည် ဤသို့ ဆင်ခြင်ပြီး၍ မှားယွင်းသော သမာဓိကို ပယ်စွန့်၏၊ မှားယွင်းသော သမာဓိကို နှင်ထုတ်၏။ “မျက်မှောက်ဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း မှားယွင်းသော ဉာဏ်၏ အကျိုးသည့်ယုတ်ညံ့ဆိုးဝါး၏”ဟု ဆင်ခြင်၏။ ထိုသူသည် ဤသို့ ဆင်ခြင်ပြီး၍ မှားယွင်းသော ဉာဏ်ကို ပယ်စွန့်၏၊ မှားယွင်းသော ဉာဏ်ကို နှင်ထုတ်၏။ “မျက်မှောက်ဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း မှားယွင်းသော လွတ်မြောက်မှု၏ အကျိုးသည် ယုတ်ညံ့ဆိုးဝါး၏”ဟု ဆင်ခြင်၏။ ထိုသူသည် ဤသို့ ဆင်ခြင်ပြီး၍ မှားယွင်းသော လွတ်မြောက်မှုကို ပယ်စွန့်၏၊ မှားယွင်းသော လွတ်မြောက်မှုကို နှင်ထုတ်၏။ ပုဏ္ဏား ဤသို့လျှင် အရိယာ၏ ဝိနည်း၌ မကောင်းမှုကို နှင်ထုတ်ခြင်းသည် ဖြစ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ ပုဏ္ဏားတို့၏ မကောင်းမှုကို နှင်ထုတ်ခြင်းသည် တစ်မျိုးဖြစ်ပါ၏၊ အရိယာ၏ ဝိနည်း၌ မကောင်းမှုကို နှင်ထုတ်ခြင်းသည် တစ်မျိုးဖြစ်ပါ၏။ အသျှင်ဂေါတမ ပုဏ္ဏားတို့၏ မကောင်းမှုကို နှင်ထုတ်ခြင်းသည် ဤအရိယာ၏ ဝိနည်း၌ မကောင်းမှုကို နှင်ထုတ်ခြင်း၏ တစ်ဆယ့်ခြောက်စိတ် တစ်စိတ်မျှ မမီပါ။ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေ၏။ပ။ အသျှင်ဂေါတမ သည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟု (လျှောက်၏)။

သတ္တမသုတ်။