အင်္ဂုတ္တရနိကာယ်

၂-နာထဝဂ်

၂-ပဉ္စင်္ဂသုတ်

၁၂။ ရဟန်းတို့ အင်္ဂါငါးမျိုးကို ပယ်ပြီး၍ အင်္ဂါငါးမျိုးနှင့် ပြည့်စုံသော ရဟန်းကို ဤဓမ္မဝိနယ ‘သာသနာတော်’၌ အလုံးစုံ (ဂုဏ်) ရှိသော ကျင့်သုံးပြီးသော “ယောကျာ်းမြတ်”ဟု ဆိုအပ်၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အင်္ဂါငါးမျိုးကို ပယ်ပြီးသူဖြစ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမ၌ လိုချင်မှု ‘ကာမစ္ဆန္ဒ’ကို ပယ်ပြီးသူ ဖြစ်၏၊ ပျက်စီးစေလိုမှု ‘ဗျာပါဒ’ကို ပယ်ပြီးသူ ဖြစ်၏။ ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ကို ပယ်ပြီးသူ ဖြစ်၏၊ ပျံ့လွင့်မှု နောင်တတစ်ဖန်ပူပန်မှု ‘ဥဒ္ဓစ္စ ကုက္ကုစ္စ’ကို ပယ်ပြီးသူ ဖြစ်၏၊ ယုံမှားမှု ‘ဝိစိကိစ္ဆာ’ ကို ပယ်ပြီးသူ ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အင်္ဂါ ငါးမျိုးကို ပယ်ပြီးသူဖြစ်၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အင်္ဂါငါးမျိုးနှင့် ပြည့်စုံသူ ဖြစ်သနည်း၊ ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းသည် ရဟန္တာတို့၏ဥစ္စာဖြစ်သော သီလအစုနှင့် ပြည့်စုံ၏၊ သမာဓိအစုနှင့် ပြည့်စုံ၏၊ ပညာအစုနှင့် ပြည့်စုံ၏၊ လွတ်မြောက်မှုအစု ‘အရဟတ္တဖိုလ်’နှင့် ပြည့်စုံ၏၊ လွတ်မြောက်မှုကို သိမှု (ဉာဏ်အမြင်) အစု ‘ပစ္စဝေက္ခဏာဉာဏ်’နှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အင်္ဂါ ငါးမျိုးနှင့် ပြည့်စုံ၏။ ရဟန်းတို့ အင်္ဂါငါးမျိုးကို ပယ်ပြီး၍ အင်္ဂါငါးမျိုးနှင့် ပြည့်စုံသော ရဟန်းကို ဤဓမ္မဝိနယ ‘သာသနာတော်’၌ အလုံးစုံ (ဂုဏ်) ရှိသော ကျင့်သုံးပြီးသော “ယောကျာ်းမြတ်”ဟု ဆိုအပ်၏။ ရဟန်းအား ကာမ၌လိုချင်မှု၊ ပျက်စီးစေလိုမှု၊ ထိုင်းမှိုင်းမှု၊ ပျံ့လွင့်မှု၊ ယုံမှားမှုတို့သည် အချင်းခပ်သိမ်း မရှိ။ ရဟန္တာတို့၏ ဥစ္စာဖြစ်သော သီလနှင့်လည်းကောင်း၊ ရဟန္တာတို့၏ ဥစ္စာဖြစ်သော သမာဓိနှင့်လည်းကောင်း၊ လွတ်မြောက်မှု ‘အရဟတ္တဖိုလ်’ နှင့်လည်းကောင်း ပြည့်စုံ၏။ (ပစ္စဝေက္ခဏာ) ဉာဏ်နှင့်လည်း ပြည့်စုံသော သဘောရှိ၏။ အင်္ဂါငါးမျိုးတို့ကိုပယ်၍ အင်္ဂါငါးမျိုးနှင့် ပြည့်စုံသော ထိုသို့သဘောရှိသော ထိုရဟန်းကို စင်စစ် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ အလုံးစုံ (ဂုဏ်) နှင့် ပြည့်စုံသူဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။