အင်္ဂုတ္တရနိကာယ်
(၁၇) ၂-ဇာဏေုဿာဏိဝဂ်
၅-ပဌမ အဓမ္မသုတ်
၁၇၁။ ရဟန်းတို့ တရားမဟုတ်သည်ကိုလည်းကောင်း၊ အကျိုးမဲ့ကိုလည်းကောင်း သိအပ်၏၊ တရားကိုလည်းကောင်း၊ အကျိုးကိုလည်းကောင်း သိအပ်၏၊ တရားမဟုတ်သည်ကိုလည်းကောင်း၊ အကျိုးမဲ့ ကိုလည်းကောင်း သိ၍ တရားကိုလည်းကောင်း၊ အကျိုးကိုလည်းကောင်း သိ၍ တရားအားလျော်စွာ အကျိုးအားလျော်စွာ ကျင့်အပ်၏။ ရဟန်းတို့ တရားမဟုတ်သည်နှင့် အကျိုးမဲ့ဟူသည် အဘယ်နည်း။ သူ့အသက်သတ်ခြင်း၊ မပေးသည်ကို ယူခြင်း၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်း၊ မဟုတ်မမှန်ပြောခြင်း၊ ကုန်းစကား၊ ရုန့်ရင်းကြမ်းတမ်းသောစကား၊ ပြိန်ဖျင်းသော စကားကို ပြောခြင်း၊ ရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ’၊ ပျက်စီးစေလိုမှု ‘ဗျာပါဒ’၊ မှားယွင်းသော အယူတို့တည်း။ ရဟန်းတို့ ဤသည်ကို တရား မဟုတ်သည်နှင့် အကျိုးမဲ့ဟု ဆိုအပ်၏။ ရဟန်းတို့ တရားနှင့် အကျိုးဟူသည် အဘယ်နည်း။ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မဟုတ် မမှန်ပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကုန်းစကားမှ ရှောင်ကြဉ်ခြင်း၊ ရုန့်ရင်းကြမ်းတမ်းသော စကားမှ ရှောင်ကြဉ်ခြင်း၊ ပြိန်ဖျင်းသော စကားကို ပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊ ရှေးရှုမကြံစည်မှု ‘အနဘိဇ္ဈာ’၊ မပျက်စီးစေလိုမှု ‘အဗျာပါဒ’၊ မှန်ကန်သော အယူတို့တည်း။ ရဟန်းတို့ ဤသည်ကို တရားနှင့် အကျိုးဟု ဆိုအပ်၏။ “ရဟန်းတို့ တရားမဟုတ်သည်ကိုလည်းကောင်း၊ အကျိုးမဲ့ကိုလည်းကောင်း သိအပ်၏၊ တရားကို လည်းကောင်း၊ အကျိုးကိုလည်းကောင်း သိအပ်၏၊ တရားမဟုတ်သည်ကိုလည်းကောင်း၊ အကျိုးမဲ့ကို လည်းကောင်း သိ၍ တရားကိုလည်းကောင်း၊ အကျိုးကိုလည်းကောင်း သိ၍ တရားအားလျော်စွာ အကျိုး အားလျော်စွာ ကျင့်အပ်၏ “ဟု ဆိုခဲ့သော ထိုစကားကို ဤသည်ကို စွဲ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။