အင်္ဂုတ္တရနိကာယ်
(၂၁) ၁-ကရဇကာယဝဂ်
၁-ပဌမ နိရယသဂ္ဂသုတ်
၂၁၁။ ရဟန်းတို့ တရားဆယ်မျိုးတို့နှင့် ပြည့်စုံသော သူသည်ဆောင်ယူလာသော ဝန်ထုပ်ကို ပစ်ချလိုက်သကဲ့သို့ ထို့အတူ ငရဲ၌ ဖြစ်ရ၏။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ—ရဟန်းတို့ ဤလောက၌ အချို့သော သူသည်သူ့အသက်သတ်လေ့ရှိ၏၊ ကြမ်းတမ်း၏၊ လက်၌ သွေးစွန်း၏၊ သတ်ဖြတ်ပုတ်ခတ်ရာ၌ စိတ်ဝင်စား၏၊ သတ္တဝါအားလုံးတို့၌ မသနားတတ်။
မပေးသည်ကို ယူတတ်၏၊ ရွာ၌ဖြစ်စေ တော၌ဖြစ်စေ တည်သော သူတစ်ပါး၏ ပစ္စည်းဥစ္စာ အသုံးဆောင်ကို ခိုးလိုသော စိတ်ဖြင့် ယူတတ်၏။ ကာမတို့၌ မှားယွင်းစွာ ကျင့်လေ့ရှိ၏၊ အကြင်မိန်းမတို့ကို အမိစောင့်၏၊ အဖစောင့်၏၊ အမိအဖစောင့်၏၊ မောင်ကြီးမောင်ငယ်စောင့်၏၊ အစ်မညီမစောင့်၏၊ ဆွေမျိုးစောင့်၏၊ အနွယ်စောင့်၏၊ တရား ကျင့်ဖော်စောင့်၏၊ အရှင် ‘လင်’ ရှိ၏၊ ဒဏ်ထား၏၊ အယုတ်သဖြင့် ပန်းခွေဖြင့်သော်လည်း ကာရံ ထား၏၊ ထိုကဲ့သို့သော မိန်းမတို့၌ သွားလာခြင်းသို့ ရောက်၏။ မဟုတ်မမှန်ပြောလေ့ရှိ၏၊ သဘင်သို့ ရောက်သော်လည်းကောင်း၊ ပရိသတ်သို့ ရောက်သော်လည်းကောင်း၊ ဆွေမျိုးတို့အလယ်သို့ရောက်သော်လည်းကောင်း၊ အသင်းအပင်းအလယ်သို့ရောက်သော်လည်းကောင်း၊ မင်းမျိုးအလယ်သို့ ရောက်သော်လည်းကောင်း “အိုယောကျာ်း လာလော့၊ သင်သိသမျှကို ပြောလော့”ဟု သက်သေခေါ်ဆောင်အမေးခံရလျှင်ထိုသူသည်မသိသည်ကို “ငါသိ၏”ဟုလည်းကောင်း၊ သိသည်ကို “ငါမသိ”ဟုလည်းကောင်း၊ မမြင်သည်ကို “ငါမြင်၏”ဟုလည်းကောင်း၊ မြင်သည်ကို”ငါမမြင်”ဟုလည်းကောင်း၊ ဤသို့ မိမိအကြောင်းကြောင့်သော်လည်းကောင်း၊ သူတစ်ပါး အကြောင်းကြောင့်သော်လည်းကောင်း၊ လာဘ် ‘အာမိသ’ တံစိုးလက်ဆောင်ဟူသော အကြောင်းကြောင့်သော်လည်းကောင်း သိလျက်မဟုတ်မမှန်ပြောတတ်၏။ ကုန်းစကား ပြောတတ်၏၊ ဤသူတို့ထံမှ နားထောင်၍ (ထိုသူတို့နှင့်) ဤသူတို့ ကွဲပြားရန် ထိုသူတို့ထံ၌ ပြောတတ်၏၊ ထိုသူတို့ထံမှ နားထောင်၍ (ဤသူတို့နှင့်) ထိုသူတို့ ကွဲပြားရန် ဤသူတို့ထံ၌ ပြောတတ်၏၊ ဤသို့ ညီညွတ်သူတို့ကိုလည်း ကွဲအောင်ခွဲတတ်၏၊ ကွဲပြားသူတို့ကိုလည်း အားပေး တတ်၏၊ ကွဲပြားမှု အစု ‘ဝဂ္ဂ’ ၌ မွေ့လျော်တတ်၏၊ ကွဲပြားမှုအစု’ဝဂ္ဂ’၌ ပျော်ပိုက်တတ်၏၊ ကွဲပြားမှု အစု ‘ဝဂ္ဂ’ကို နှစ်သက်တတ်၏၊ ကွဲပြားမှုအစု ‘ဝဂ္ဂ’ကို ပြုတတ်သော စကားကို ဆိုတတ်၏။ ရုန့်ရင်းကြမ်းတမ်းသော စကားရှိ၏၊ အကြင်စကားသည်အပြစ်ရှိ၏၊ ကြမ်းတမ်း၏၊ သူတစ်ပါးနားကို စပ်ခါးစေတတ်၏၊ သူတစ်ပါးကို ထိခိုက်၏၊ အမျက်ထွက်ဖွယ်ကောင်း၏၊ သမာဓိကို မဖြစ်စေတတ်၊ ထိုသို့သဘောရှိသော စကားကို ဆိုတတ်၏။ ပြိန်ဖျင်းသော စကားရှိ၏၊ အခါမဟုတ်သည်၌ ဆိုလေ့ရှိ၏၊ မဟုတ်သည်ကို ဆိုလေ့ရှိ၏၊ အကျိုးမဲ့ ကို့ဆိုလေ့ရှိ၏၊ တရားမဲ့ကို ဆိုလေ့ရှိ၏၊ ဆုံးမစကားမဟုတ်သည်ကို ဆိုလေ့ရှိ၏၊ အခါမဟုတ်သည်၌ အကြောင်းမဲ့ အပိုင်းအခြားမရှိဘဲ အစီးအပွါးမဲ့နှင့်စပ်သော မှတ်သားဖွယ်မရှိသော စကားကို ဆိုတတ်၏။ အဘိဇ္ဈာများ၏၊ “သူတစ်ပါး၏ ထိုစည်းစိမ်ဥစ္စာအဆာက်အဦသည်ငါ့ဥစ္စာ ဖြစ်မူ ကောင်းလေစွ”ဟု သူတစ်ပါး၏ စည်းစိမ်ဥစ္စာအဆာက်အဦကို ရှေးရှုကြံစည်တတ်၏။ ဖျက်ဆီးလိုသော စိတ်ရှိ၏၊ ဤ “သတ္တဝါတို့ကို သတ်စေကုန်၊ ဖမ်းစေကုန်၊ ဖြတ်စေကုန်၊ (ဤသတ္တဝါတို့သည်) ပျောက်ပျက်စေကုန်၊ မရှိကြစေကုန်လင့်”ဟု ဖျက်ဆီးလိုသော စိတ်အကြံရှိ၏၊
မှားယွင်းသော အယူရှိ၏။ “လှူရကျိုး မရှိ၊ ပူဇော်ရကျိုး မရှိ၊ ဧည့်ဝတ်ပြုရကျိုး မရှိ၊ ကောင်းစွာ ပြုအပ်မကောင်းသဖြင့်ပြုအပ်သော ကံတို့၏ အကျိုးဝိပါက်မရှိ၊ ဤလောကဟူသည်မရှိ၊ တစ်ပါးသော လောကဟူသည်မရှိ၊ အမိ၌ ကောင်းမကောင်းပြုမှု အကျိုးဟူသည်မရှိ၊ အဖ၌ ကောင်း မကောင်းပြုမှု အကျိုးဟူသည်မရှိ၊ ဥပပါတ်သတ္တဝါတို့ဟူသည် မရှိကြ၊ ဤလောကကိုလည်းကောင်း၊ တစ်ပါးသော လောကကိုလည်းကောင်း ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ဟောကြား နိုင်သော၊ ဖြောင့်မှန်သော အရိယမဂ်သို့ ရောက်ကြကုန်ကောင်းစွာ ကျင့်ကြကုန်သော သမဏဗြာဟ္မဏတို့ဟူသည် လောက၌ မရှိကုန်”ဟု ဖောက်ပြန်သော အမြင်ရှိ၏။ ရဟန်းတို့ ဤတရားဆယ်မျိုးတို့နှင့် ပြည့်စုံသော သူသည်ဆောင်ယူလာသော ဝန်ထုပ်ကို ပစ်ချလိုက်သကဲ့သို့ ထို့အတူ ငရဲ၌ ဖြစ်ရ၏။ ရဟန်းတို့ တရားဆယ်မျိုးတို့နှင့် ပြည့်စုံသော သူသည်ဆောင်ယူ၍ ချထားလိုက်သကဲ့သို့ ထို့အတူ နတ်ပြည်၌ ဖြစ်ရ၏။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤလောက၌ အချို့သော သူသည် သူ့အသက်သတ်ခြင်းကို ပယ်၍ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူဖြစ်၏၊ တုတ်ကို ချထားပြီး ဖြစ်၏၊ လက်နက်ကို ချထားပြီး ဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားတတ်၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက်နေ၏။ မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ရွာ၌ဖြစ်စေ တော၌ဖြစ်စေ တည်သော သူတစ်ပါး၏ စည်းစိမ်ဥစ္စာအဆောက်အဦကို မပေးဘဲ ခိုးလိုစိတ်ဖြင့် မယူတတ်သူဖြစ်၏။ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းကို ပယ်၍ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်သူ ဖြစ်၏၊ အကြင်မိန်းမတို့ကို အမိစောင့်၏။ပ။ အယုတ်သဖြင့် ပန်းခွေဖြင့်သော်လည်း ကာရံထား၏၊ ထိုသို့ သဘောရှိသော မိန်းမတို့၌ သွားလာခြင်းသို့ မရောက်သူဖြစ်၏။ မဟုတ်မမှန်ပြောခြင်းကို ပယ်၍ မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်၏၊ သဘင်သို့ ရောက်သော် လည်းကောင်း၊ ပရိသတ်သို့ ရောက်သော်လည်းကောင်း၊ ဆွေမျိုးတို့အလယ်သို့ ရောက်သော် လည်းကောင်း၊ မင်းမျိုးအလယ်သို့ ရောက်သော်လည်းကောင်း၊ “အိုယောကျာ်း လာလော့၊ သင်သိသမျှကို ပြောလော့”ဟု သက်သေခေါ်ဆောင် အမေးခံရလျှင် ထိုသူသည်မသိသည်ကို “ငါမသိ”ဟုလည်းကောင်း၊ သိသည်ကို “ငါသိ၏”ဟုလည်းကောင်း၊ မမြင်သည်ကို “ငါမမြင်”ဟုလည်းကောင်း၊ မြင်သည်ကို “ငါမြင်၏”ဟုလည်းကောင်း ဤသို့ မိမိအကြောင်းကြောင့်သော်လည်းကောင်း၊ သူတစ်ပါးအကြောင်းကြောင့်သော်လည်းကောင်း၊ လာဘ်’အာမိသ’ တံစိုးလက်ဆောင်ဟူသော အကြောင်းကြောင့်သော်လည်းကောင်း သိလျက် မဟုတ်မမှန် မပြောတတ်သူ ဖြစ်၏။ ကုန်းစကားကို ပယ်၍ ကုန်းစကားမှ ရှောင်ကြဉ်သူဖြစ်၏၊ ဤသူ့ထံမှ နားထောင်၍ (ထိုသူတို့နှင့်) ဤသူတို့ ကွဲပြားရန်ထိုသူတို့အထံ၌ မပြောတတ်၊ ထိုသူတို့ထံမှ နားထောင်၍ (ဤသူတို့နှင့်) ထိုသူတို့ ကွဲပြားရန်ဤသူတို့အထံ၌ မပြောတတ်၊ ဤသို့ ကွဲပြားသူတို့ကိုလည်းစေ့စပ်တတ်၏၊ ညီညွတ်သူတို့ကို လည်း အားပေးတတ်၏၊ ညီညွတ်ခြင်း၌ မွေ့လျော်၏၊ ညီညွတ်ခြင်း၌ ပျော်ပိုက်၏၊ ညီညွတ်ခြင်းကို နှစ်သက်၏၊ ညီညွတ်ခြင်းကို ပြုတတ်သော စကားကို ဆိုတတ်၏။ ရုန့်ရင်းကြမ်းတမ်းသော စကားကို ပယ်၍ ရုန့်ရင်းကြမ်းတမ်းသော စကားမှ ရှောင်ကြဉ်တတ်၏၊ အကြင်စကားသည်အပြစ်ကင်း၏၊ နားချမ်းသာ၏၊ နှစ်လိုဖွယ်ရှိ၏၊ နှလုံးသို့ သက်ဝင်၏၊ ယဉ်ကျေး၏၊ လူအများ နှစ်သက်၏၊ လူအများ နှစ်ခြိုက်၏၊ ထိုသို့သဘောရှိသော စကားကိုသာ ဆိုတတ်၏။ ပြိန်ဖျင်းသောစကားကို ပယ်၍ ပြိန်ဖျင်းသောစကားမှ ရှောင်ကြဉ်၏၊ (သင့်သော) အခါ၌သာ ဆိုလေ့ရှိ၏၊ဟုတ်သည်ကိုသာ ဆိုလေ့ရှိ၏။ အကျိုးနှင့်စပ်သော စကားကိုသာ ဆိုလေ့ရှိ၏၊ တရားနှင့် စပ်သော စကားကိုသာ ဆိုလေ့ရှိ၏၊ အဆုံးအမနှင့်စပ်သော စကားကိုသာ ဆိုလေ့ရှိ၏၊ (သင့်လျော်သော) အခါ၌ အကြောင်းနှင့်တကွ အပိုင်းအခြားရှိ၍ အစီးအပွါးနှင့်စပ်သော မှတ်သားလောက်သော စကားကိုသာ ဆိုတတ်၏။ အဘိဇ္ဈာ မများသူဖြစ်၏၊ “သူတစ်ပါး၏ စည်းစိမ်ဥစ္စာ အဆောက်အဦသည် ငါ့ဥစ္စာဖြစ်မူ ကောင်းလေစွ”ဟု သူတစ်ပါး၏ စည်းစိမ်ဥစ္စာအဆောက်အဦကို ရှေးရှုမကြံတတ်သူ ဖြစ်၏။ မပျက်စီးစေလိုသော စိတ်ရှိ၏၊ “ဤသတ္တဝါတို့သည်ရန်ကင်းသူများ ဖြစ်ကြပါစေ၊ ကြောင့်ကြကင်း သူများ ဖြစ်ကြပါစေ၊ ဆင်းရဲကင်းသူများ ဖြစ်ကြပါစေ၊ မိမိကိုယ်ကို ချမ်းသာစွာ ဆောင်ရွက်နိုင်ကြ ပါစေ”ဟု မပျက်စီးစေလိုသော စိတ်အကြံရှိသူဖြစ်၏။ မှန်ကန်သော အယူရှိ၏၊ “လှူရကျိုး ရှိ၏၊ ပူဇော်ရကျိုး ရှိ၏၊ ဧည့်ဝတ်ပြုရကျိုး ရှိ၏၊ ကောင်းစွာ ပြုအပ်မကောင်းသဖြင့် ပြုအပ်သော ကံတရား၏ အကျိုးဝိပါက်သည် ရှိ၏၊ ဤလောကသည် ရှိ၏၊ တစ်ပါးသော လောကသည်ရှိ၏၊ အမိ၌ ကောင်း မကောင်းပြုမှု အကျိုးဟူသည် ရှိ၏၊ အဖ၌ ကောင်းမကောင်းပြုမှု အကျိုးဟူသည်ရှိ၏၊ ဥပပါတ်သတ္တဝါတို့သည်ရှိကုန်၏၊ ဤလောကကို လည်းကောင်း၊ တစ်ပါးသော လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ဟောကြားနိုင်ကုန်သော၊ ဖြောင့်မှန်သော အရိယမဂ်သို့ ရောက်ကြကုန်ကောင်းစွာ ကျင့်ကြကုန်သော သမဏဗြာဟ္မဏတို့ဟူသည်လောက၌ ရှိကြကုန်၏”ဟု မဖောက်ပြန်သော အမြင်ရှိ၏။ ရဟန်းတို့ ဤ တရားဆယ်မျိုးတို့နှင့် ပြည့်စုံသော သူသည်ဆောင်ယူ၍ ချထားလိုက်သကဲ့သို့ ထို့အတူ နတ်ပြည်၌ ဖြစ်ရ၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။