အင်္ဂုတ္တရနိကာယ်

(၂၁) ၁-ကရဇကာယဝဂ်

၆-သံသပ္ပနီယသုတ်

၂၁၆။ ရဟန်းတို့ သင်တို့အား ရွေ့လျားကြောင်းဖြစ်သော တရားဒေသနာကို ဟောပေအံ့၊ ထိုတရားကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောကြားပေအံ့ဟု (မိန့်တော်မူ၏)။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—ရဟန်းတို့ ရွေ့လျားကြောင်းဖြစ်သော တရားဒေသနာဟူသည် အဘယ်နည်း။ ရဟန်းတို့ သတ္တဝါတို့သည် ကံသာလျှင် မိမိဥစ္စာရှိကုန်၏၊ ကံ၏ အမွေခံသာ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် ဆွေမျိုးရှိကုန်၏၊ ကံသာလျှင် လဲလျောင်းရာ ရှိကုန်၏၊ ကောင်းသည်လည်းဖြစ်စေ မကောင်းသည်လည်းဖြစ်စေ အကြင်ကံကို ပြုကုန်၏၊ ထိုကံ၏ အမွေခံတို့သာ ဖြစ်ကြကုန်၏။ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် သူ့အသက်ကို သတ်လေ့ရှိ၏၊ ကြမ်းတမ်း၏၊ လက်၌ သွေးစွန်း၏၊ သတ်ဖြတ်ပုတ်ခတ်ရာ၌ စိတ်ဝင်စား၏၊ သတ္တဝါအားလုံးတို့၌ မသနားတတ်။ ထိုသူသည် ကိုယ်ဖြင့် ရွေ့လျား၏၊ နှုတ်ဖြင့် ရွေ့လျား၏၊ စိတ်ဖြင့် ရွေ့လျား၏။ ထိုသူ၏ ကာယကံသည် ကောက်၏၊ ထိုသူ၏ ဝစီကံသည် ကောက်၏၊ ထိုသူ၏ မနောကံသည် ကောက်၏၊ လားရာ’ဂတိ’သည် ကောက်၏၊ (ဘဝ၌) ဖြစ်မှုသည် ကောက်၏၊

ရဟန်းတို့ လားရာ ‘ဂတိ’ကောက်၍ (ဘဝ၌) ဖြစ်မှု ကောက်သော သူအား စင်စစ် ဆင်းရဲသော ငရဲနှင့် ရွေ့လျားခြင်းသဘောရှိသော တိရစ္ဆာန်မျိုးဟူကုန်သော ဤလားရာ ‘ဂတိ’နှစ်မျိုးတို့တွင် တစ်မျိုးမျိုးသော လားရာ ‘ဂတိ’ ကို ငါဆို၏။ ရဟန်းတို့ ရွေ့လျားခြင်းသဘောရှိသော တိရစ္ဆာန်ဘဝဟူသည် အဘယ်နည်း၊ မြွေ ကင်းမြီးကောက် ကင်းခြေများ မြွေပါ ကြောင် ကြွက် ခင်ပုပ်ငှက်၊ ထိုမှတစ်ပါး လူတို့ကို မြင်လျှင် ရွေ့လျားတတ်သော အခြားသော တိရစ္ဆာန်မျိုး သတ္တဝါအားလုံးတို့တည်း။ ရဟန်းတို့ ဤသို့လျှင် (ကံ၏) ထင်ရှားရှိခြင်း ကြောင့် သတ္တဝါဖြစ်လာမှု ဖြစ်၏၊ အကြင်ကံကို ပြု၏၊ ထိုကံကြောင့် ဖြစ်၏၊ ဖြစ်လာသော ထိုသတ္တဝါတို့ကို တွေ့ထိမှု (သဘော)တို့သည် တွေ့ထိကုန်၏။ ရဟန်းတို့ ဤသို့ သတ္တဝါတို့သည် ကံ၏့အမွေခံတို့သာ ဖြစ်ကုန်၏ဟု ငါဆို၏။ ရဟန်းတို့ ဤလောက၌ အချို့သောသူသည် မပေးသည်ကို ယူလေ့ရှိ၏။ပ။ ကာမတို့၌ မှားယွင်းစွာ ကျင့်လေ့ရှိ၏။ မဟုတ်မမှန် ပြောလေ့ရှိ၏။ ကုန်းစကားရှိ၏။ ရုန့်ရင်းကြမ်းတမ်းသောစကား ရှိ၏။ ပြိန်ဖျင်းသော စကားရှိ၏။ အဘိဇ္ဈာများ၏။ ဖျက်ဆီးလိုသော စိတ်ရှိ၏။ မှားယွင်းသော အမြင်ရှိ၏၊ လှူရကျိုးမရှိ။ပ။ ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ဟောကြားနိုင်ကုန်သော ဖြောင့်မှန်သော အရိယမဂ်သို့ ရောက်ကြကုန် ကောင်းစွာ ကျင့်ကြကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ မရှိကုန်”ဟု ဖောက်ပြန်သော အမြင်ရှိ၏။ ထိုသူသည် ကိုယ်ဖြင့် ရွေ့လျား၏၊ နှုတ်ဖြင့် ရွေ့လျား၏၊ စိတ်ဖြင့် ရွေ့လျား၏။ ထိုသူ၏ ကာယကံသည် ကောက်၏၊ ထိုသူ၏ ဝစီကံသည် ကောက်၏၊ ထိုသူ၏ မနောကံသည် ကောက်၏၊ လားရာ ‘ဂတိ’ သည် ကောက်၏၊ (ဘဝ၌) ဖြစ်မှုသည် ကောက်၏။ ရဟန်းတို့ လားရာ ‘ဂတိ’ ကောက်၍ (ဘဝ၌) ဖြစ်မှုကောက်သော သူအား စင်စစ် ဆင်းရဲသော ငရဲနှင့် ရွေ့လျားခြင်းသဘောရှိသော တိရစ္ဆာန်မျိုးဟူကုန်သော ဤလားရာ ‘ဂတိ’ နှစ်မျိုးတို့တွင် တစ်မျိုး မျိုးသော လားရာ ‘ဂတိ’ကို ငါဆို၏။ ရဟန်းတို့ ရွေ့လျားခြင်းသဘောရှိသော တိရစ္ဆာန်ဘဝဟူသည် အဘယ်နည်း၊ မြွေ ကင်းမြီးကောက် ကင်းခြေများ မြွေပါ ကြောင် ကြွက် ခင်ပုပ်ငှက်၊ ထိုမှတစ်ပါး လူတို့ကို မြင်လျှင် ရွေ့လျားတတ်သော အခြားသော တိရစ္ဆာန်မျိုး သတ္တဝါအားလုံးတို့တည်း။ ရဟန်းတို့ ဤသို့လျှင် (ကံ၏) ထင်ရှားရှိခြင်း ကြောင့် သတ္တဝါဖြစ်လာမှု ဖြစ်၏၊ အကြင်ကံကို ပြု၏၊ ထိုကံကြောင့် ဖြစ်၏၊ (ဘဝ၌) ဖြစ်လာသော ထိုသတ္တဝါတို့ကို တွေ့ထိမှု (သဘော)တို့သည် တွေ့ထိကုန်၏။ ရဟန်းတို့ ဤသို့ သတ္တဝါတို့သည် ကံ၏ အမွေခံတို့သာ ဖြစ်ကုန်၏ဟု ငါ ဆို၏။ ရဟန်းတို့ သတ္တဝါတို့သည် ကံသာလျှင် မိမိဥစ္စာရှိကုန်၏၊ ကံ၏ အမွေခံတို့သာ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် ဆွေမျိုးရှိကုန်၏၊ ကံသာလျှင် လဲလျောင်းရာ ရှိကုန်၏၊ ကောင်းသည်လည်းဖြစ်စေ မကောင်းသည်လည်းဖြစ်စေ အကြင်ကံကို ပြုကုန်၏၊ ထိုကံ၏ အမွေခံတို့ သာ ဖြစ်ကုန်၏။ ရဟန်းတို့ ဤလောက၌ အချို့သောသူသည် သူ့အသက်သတ်ခြင်းကို ပယ်၍ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ တုတ်ကိုချထားပြီး ဖြစ်၏၊ လက်နက်ကိုချထားပြီး ဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားတတ်၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက်နေ၏။ ထိုသူသည် ကိုယ်ဖြင့် မရွေ့လျား၊ နှုတ်ဖြင့် မရွေ့လျား၊ စိတ်ဖြင့် မရွေ့လျား။ ထိုသူ၏ ကာယကံသည် ဖြောင့်၏၊ ဝစီကံသည် ဖြောင့်၏၊ မနောကံသည် ဖြောင့်၏၊ လားရာ ‘ဂတိ’ သည် ဖြောင့်၏၊ (ဘဝ၌) ဖြစ်မှုသည် ဖြောင့်၏။ ရဟန်းတို့ လားရာ ‘ဂတိ’ ဖြောင့်၍ (ဘဝ၌) ဖြစ်မှု ဖြောင့်သော သူအား စင်စစ် ချမ်းသာသော နတ်ပြည်နှင့် ကြွယ်ဝကုန်သော ဥစ္စာများကုန်သော စန်းစိမ်များကုန်သော ရွှေငွေများကုန်သော နှစ်သက်ဖွယ် အဆောက် အဦများကုန်သော ဥစ္စာစပါးများကုန်သော မြင့်မြတ်သော အမျိုးဖြစ်သော ခတ္တိယမဟာသာလမျိုး ဗြာဟ္မဏမဟာသာလမျိုး ဂဟပတိမဟာသာလမျိုးဟူကုန်သော ဤလားရာဂတိ နှစ်မျိုးတို့တွင် တစ်မျိုး မျိုးသော လားရာ ‘ဂတိ’ ကို ငါဆို၏။ ရဟန်းတို့ ဤသို့လျှင် (ကံ၏) ထင်ရှားရှိခြင်းကြောင့် သတ္တဝါ ဖြစ်လာမှု ဖြစ်၏၊ အကြင်ကံကို ပြု၏၊ ထိုကံကြောင့် ဖြစ်၏၊ ဖြစ်လာသော ထိုသူကို တွေ့ထိမှု (သဘော)တို့သည် တွေ့ထိကုန်၏။ ရဟန်းတို့ ဤသို့ သတ္တဝါတို့သည် ကံ၏ အမွေခံတို့သာ ဖြစ်ကုန်၏ဟု ငါ ဆို၏။ ရဟန်းတို့ ဤလောက၌ အချို့သောသူသည် မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏။ပ။ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏။ မဟုတ်မမှန် ပြောခြင်းကို ပယ်၍့မဟုတ် မမှန် ပြောခြင်းမှ ရှောင်ကြဉ်၏။ ကုန်းစကားကို ပယ်၍ ကုန်းစကားမှ ရှောင်ကြဉ်၏။ ရုန့်ရင်းကြမ်းတမ်းသော စကားကို ပယ်၍ ရုန့်ရင်းကြမ်းတမ်းသော စကားမှ ရှောင်ကြဉ်၏။ ပြိန်ဖျင်းသော စကားကို ပယ်၍ ပြိန်ဖျင်းသော စကားမှ ရှောင်ကြဉ်၏။ အဘိဇ္ဈာ မများ၊ မပျက်စီးစေလိုသော စိတ်ရှိသူဖြစ်၏။ မှန်ကန်သော အမြင်ရှိ၏။ “လှူရကျိုး ရှိ၏။ပ။ ဤလောကကိုလည်းကောင်း၊ တစ်ပါးသော လောကကိုလည်းကောင်း ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ဟောကြား နိုင်ကုန်သော ဖြောင့်မှန်သော အရိယမဂ်သို့ ရောက်ကြကုန် ကောင်းစွာ ကျင့်ကြကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ ရှိကုန်၏”ဟု မဖောက်ပြန်သော အမြင်ရှိ၏။ ထိုသူသည် ကိုယ်ဖြင့် မရွေ့လျား၊ နှုတ်ဖြင့် မရွေ့လျား၊ စိတ်ဖြင့် မရွေ့လျား။ ထိုသူ၏ ကာယကံသည် ဖြောင့်၏၊ ဝစီကံသည် ဖြောင့်၏၊ မနောကံသည် ဖြောင့်၏၊ လားရာ ‘ဂတိ’ သည် ဖြောင့်၏၊ (ဘဝ၌) ဖြစ်မှုသည် ဖြောင့်၏။ ရဟန်းတို့ လားရာ ‘ဂတိ’ ဖြောင့်၍ (ဘဝ၌) ဖြစ်မှု ဖြောင့်သောသူအား စင်စစ် ချမ်းသာသော နတ်ပြည်နှင့် ကြွယ်ဝကုန်သော ဥစ္စာများကုန်သော စည်းစိမ်များကုန်သော ရွှေငွေများကုန်သော နှစ်သက် ဖွယ် အဆောက်အဦများကုန်သော ဥစ္စာစပါးများကုန်သော မြင့်မြတ်သော အမျိုးဖြစ်ကုန်သော ခတ္တိယ မဟာသာလမျိုး ဗြာဟ္မဏမဟာသာလမျိုး ဂဟပတိမဟာသာလမျိုးဟူကုန်သော ဤလားရာဂတိ နှစ်မျိုးတို့တွင် တစ်မျိုးမျိုးသော လားရာ ‘ဂတိ’ကို ငါဆို၏။ ရဟန်းတို့ ဤသို့လျှင် (ကံ၏) ထင်ရှားရှိခြင်း ကြောင့် သတ္တဝါ၏ ဖြစ်လာမှု ဖြစ်၏၊ အကြင်ကံကို ပြု၏၊ ထိုကံကြောင့် ဖြစ်၏၊ (ဘဝ၌) ဖြစ်လာသော ထိုသူကို တွေ့ထိမှု (သဘော)တို့သည် တွေ့ထိကုန်၏။ ရဟန်းတို့ ဤသို့ သတ္တဝါတို့သည် ကံ၏ အမွေခံတို့သာ ဖြစ်ကုန်၏ဟု ငါဆို၏။ ရဟန်းတို့ သတ္တဝါတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံတို့သာ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်း ရှိကုန်၏၊ ကံသာလျှင် ဆွေမျိုးရှိကုန်၏၊ ကံသာလျှင် လဲလျောင်းရာ ရှိကုန်၏၊ ကောင်းသည်လည်းဖြစ်စေ မကောင်းသည်လည်းဖြစ်စေ အကြင်ကံကို ပြုကုန်၏၊ ထိုကံ၏ အမွေခံတို့သာ ဖြစ်ကုန်၏။ ရဟန်းတို့ ဤသည်ကား ရွေ့လျားကြောင်းဖြစ်သော တရားဒေသနာပေတည်းဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။