အင်္ဂုတ္တရနိကာယ်

(၇) ၂-ယမကဝဂ်

၇-ပဌမ နဠကပါနသုတ်

၆၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းအပေါင်းနှင့်အတူ ကောသလတိုင်းသို့ဒေသစာရီလှည့်လည်တော်မူလတ်သော် နဠကပါနမည်သော ကောသလတိုင်းသူတို့၏ နိဂုံးသို့ ရောက်တော်မူ၏။ မြတ်စွာဘုရားသည် ထိုနဠကပါနနိဂုံးတွင် ပေါက်ပင်တော၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဥပုသ်နေ့၌ ရဟန်းအပေါင်း ခြံရံလျက် ထိုင်နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် များစွာသော ညဉ့်ပတ်လုံး ရဟန်းတို့အား တရားနှင့်စပ်သော စကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေ လျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေပြီးလျှင် ဆိတ်ဆိတ်နေသော ရဟန်းအပေါင်းကိုစောင်းငဲ့ကြည့်ရှုတော်မူကာ အသျှင်သာရိပုတြာအား— သာရိပုတြာ ရဟန်းသံဃာ သည် ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ကင်း၏။ သာရိပုတြာ ရဟန်းတို့အား တရားစကားသည် သင့်ဉာဏ်၌ ထင်စေ လော့၊ ငါ၏ ကျောက်ကုန်းသည် ညောင်းညာ၏၊ ငါသည် ထိုကျောက်ကုန်းကို ဆန့်ဦးအံ့ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်သာရိပုတြာသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏။ ထိုအခါ မြတ်စွာဘုရားသည် ဒုကုဋ်ကို လေးထပ်ခင်း၍ လကျာ်နံတောင်းဖြင့် ခြေတစ်ဖက်၌ ခြေတစ်ဖက်ကို (စဉ်းငယ်) လွန်ကာ တင်ထား၍ သတိသမ္ပဇဉ်ရှိလျက် ထအံ့ဟူသော အမှတ်သညာကို နှလုံးပြုပြီးလျှင် မြတ်သော အိပ်ခြင်းကို ပြုတော်မူ၏။

ထိုအခါ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို “ငါ့သျှင် ရဟန်းတို့”ဟု ခေါ်တော်မူ၏။ “ငါ့သျှင်”ဟု ထိုရဟန်းတို့သည် အသျှင်သာရိပုတြာအား ပြန်ကြားလျှောက်ထားကုန်၏။ အသျှင်သာရိပုတြာသည် ဤစကားကို မိန့်ဆို၏ —ငါ့သျှင်တို့ ကုသိုလ်တရားတို့၌ ယုံကြည်မှုမရှိသူ၊ အရှက်မရှိသူ၊ ထိတ်လန့်မှု မရှိသူ၊ အားထုတ်မှု မရှိသူ၊ ကုသိုလ်တရားတို့၌ အသိဉာဏ်မရှိသူ မည်သူ့အားမဆို ရောက်လာသမျှသော ညဉ့်နေ့တို့ဝယ် ကုသိုလ်တရားတို့၌ ဆုတ်ယုတ်မှု(မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်နိုင်၏၊ တိုးပွါးမှု(မချွတ် ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။

ငါ့သျှင်တို့ လဆုတ်ပက္ခ၌ လအား ရောက်လာသမျှ ညဉ့်နေ့တို့ဝယ် အဆင်းအားဖြင့် ဆုတ်ယုတ် သည်သာ, အဝန်းအဝိုင်းအားဖြင့် ဆုတ်ယုတ်သည်သာ, အရောင်အားဖြင့် ဆုတ်ယုတ်သည်သာ, လုံးရပ် အားဖြင့် ဆုတ်ယုတ်သည်သာ ဖြစ်သကဲ့သို့၊ ငါ့သျှင်တို့ ဤအတူပင် ကုသိုလ်တရားတို့၌ ယုံကြည်မှုမရှိသူ၊ အရှက်မရှိသူ၊ ထိတ်လန့်မှုမရှိသူ၊ အားထုတ်မှုမရှိသူ၊ ကုသိုလ်တရားတို့၌ အသိဉာဏ်မရှိသူ မည်သူ့အား မဆို ရောက်လာသမျှသော ညဉ့်နေ့တို့ဝယ် ကုသိုလ်တရားတို့၌ ဆုတ်ယုတ်မှု (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်နိုင်၏၊ တိုးပွါးမှု (မချွတ်ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။

“ငါ့သျှင်တို့ ယုံကြည်မှုမရှိသော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည် ဆုတ်ယုတ်မှုတည်း။ “ငါ့သျှင်တို့ အရှက်မရှိသော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည် ဆုတ်ယုတ်မှုတည်း။ “ငါ့သျှင်တို့ ထိတ်လန့်မှုမရှိသော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည် ဆုတ်ယုတ်မှုတည်း။ “ငါ့သျှင်တို့ ပျင်းရိသော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည် ဆုတ်ယုတ်မှုတည်း။ “ငါ့သျှင်တို့ ပညာမဲ့သော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည် ဆုတ်ယုတ်မှုတည်း။ “ငါ့သျှင်တို့ အမျက်ထွက်သော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည် ဆုတ်ယုတ်မှုတည်း။ “ငါ့သျှင်တို့ ရန်ငြိုးဖွဲ့သော ယောကျာ်း ပုဂ္ဂိုလ်”ဟူသော ဤစကားသည် ဆုတ်ယုတ်မှုတည်း။ “ငါ့သျှင်တို့ အလိုဆိုးရှိသော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည် ဆုတ်ယုတ်မှုတည်း။ “ငါ့သျှင်တို့ မိတ်ဆွေယုတ်ရှိသော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည် ဆုတ်ယုတ်မှုတည်း။ “ငါ့သျှင်တို့ အယူမှားရှိသော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည် ဆုတ်ယုတ်မှုတည်း။

ငါ့သျှင်တို့ ကုသိုလ်တရားတို့၌ ယုံကြည်မှုရှိသူ၊ အရှက်ရှိသူ၊ ထိတ်လန့်မှုရှိသူ၊ အားထုတ်မှုရှိသူ၊ ကုသိုလ်တရားတို့၌ အသိဉာဏ်ရှိသူ မည်သူ့အားမဆို ရောက်လာသမျှသော ညဉ့်နေ့တို့ဝယ် ကုသိုလ် တရားတို့၌ တိုးပွါးမှုသာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်နိုင်၏၊ ဆုတ်ယုတ်မှု (မချွတ်ဖြစ်လိမ့်မည်ဟု)့မမျှော်လင့်နိုင်။ ငါ့သျှင်တို့ လဆန်းပက္ခ၌ လအား ရောက်လာသမျှသော ညဉ့်နေ့တို့ဝယ် အဆင်းအားဖြင့် တိုးပွါးသည်သာ, အဝန်းအဝိုင်းအားဖြင့် တိုးပွါးသည်သာ, အရောင်အားဖြင့် တိုးပွားသည်သာ, လုံးရပ် အားဖြင့် တိုးပွားသည်သာ ဖြစ်သကဲ့သို့၊ ငါ့သျှင်တို့ ဤအတူပင် ယုံကြည်မှုရှိသူ၊ အရှက်ရှိသူ၊ ထိတ်လန့်မှုရှိသူ၊ အားထုတ်မှုရှိသူ မည်သူ့အားမဆို ကုသိုလ်တရားတို့၌ တိုးပွါးမှုသာ (မချွတ်ဖြစ် လိမ့်မည်ဟု) မျှော်လင့်နိုင်၏။ ဆုတ်ယုတ်မှု (မချွတ်ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။

“ငါ့သျှင်တို့ ယုံကြည်မှုရှိသော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည် မဆုတ်ယုတ်မှုတည်း။ “ငါ့သျှင်တို့ အရှက်ရှိသော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည် မဆုတ်ယုတ်မှုတည်း။ “ငါ့သျှင်တို့ ထိတ်လန့်မှုရှိသော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည် မဆုတ်ယုတ်မှုတည်း။ “ငါ့သျှင်တို့ ထက်သန်သော လုံ့လရှိသော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည် မဆုတ်ယုတ်မှုတည်း။ “ငါ့သျှင်တို့ ပညာရှိသော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည် မဆုတ်ယုတ်မှုတည်း။ “ငါ့သျှင်တို့ အမျက် မထွက်သော ယောကျာ်း ပုဂ္ဂိုလ်”ဟူသော ဤစကားသည် မဆုတ်ယုတ်မှုတည်း။ “ငါ့သျှင်တို့ ရန်ငြိုးမဖွဲ့သော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည် မဆုတ်ယုတ်မှုတည်း။ “ငါ့သျှင်တို့ အလိုနည်းသော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည် မဆုတ်ယုတ်မှုတည်း။ “ငါ့သျှင်တို့ မိတ်ကောင်းရှိသော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည် မဆုတ်ယုတ်မှုတည်း။ ငါ့သျှင်တို့ အယူမှန်ရှိသော ယောကျာ်း ပုဂ္ဂိုလ်”ဟူသော ဤစကားသည် မဆုတ်ယုတ်မှုတည်းဟု (မိန့်ဆို၏ )။

ထို့နောက် မြတ်စွာဘုရားသည်စောစောထတော်မူ၍ အသျှင်သာရိပုတြာကို သာရိပုတြာ ကောင်း ပေစွ၊ ကောင်းပေစွ၊ သာရိပုတြာ ကုသိုလ်တရားတို့၌ ယုံကြည်မှုမရှိသူ၊ အရှက်မရှိသူ၊ ထိတ်လန့်မှု မရှိသူ၊ အားထုတ်မှု မရှိသူ၊ ကုသိုလ်တရားတို့၌ အသိဉာဏ်မရှိသူ မည်သူအားမဆို ရောက်လာသမျှသော ညဉ့်နေ့တို့ဝယ် ကုသိုလ်တရားတို့၌ ဆုတ်ယုတ်မှုသာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်နိုင်၏၊ တိုးပွါးမှု (မချွတ်ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။

သာရိပုတြာ လဆုတ်ပက္ခ၌ လအား ရောက်လာသမျှသော ညဉ့်နေ့တို့ဝယ် အဆင်းအားဖြင့် ဆုတ်ယုတ်သည်သာ, အဝန်းအဝိုင်းအားဖြင့် ဆုတ်ယုတ်သည်သာ, အရောင်အားဖြင့် ဆုတ်ယုတ်သည်သာ, အလုံးအရပ်အားဖြင့် ဆုတ်ယုတ်သည်သာ ဖြစ်သကဲ့သို့၊ သာရိပုတြာ ဤအတူပင် ကုသိုလ်တရားတို့၌ ယုံကြည်မှုမရှိသူ။ပ။ ကုသိုလ်တရားတို့၌ အသိဉာဏ်မရှိသူ မည်သူအားမဆို ရောက်လာသမျှသော ညဉ့်နေ့တို့ဝယ်။ပ။ တိုးပွါးမှု (မချွတ်ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။ သာရိပုတြာ “ယုံကြည်မှုမရှိသော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည် ဆုတ်ယုတ်မှုတည်း၊ “အရှက်မရှိသော။ ထိတ်လန့်မှု မရှိသော။ ပျင်းရိသော။ ပညာမဲ့သော။ အမျက်ထွက်သော။ ရန်ငြိုးဖွဲ့သော။ အလိုဆိုးရှိသော။ မိတ်ဆွေ ယုတ်ရှိသော။ အယူမှားရှိသော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည် ဆုတ်ယုတ်မှုတည်း။ သာရိပုတြာ ကုသိုလ်တရားတို့၌ ယုံကြည်မှုရှိသူ၊ အရှက်ရှိသူ၊ ထိတ်လန့် မှုရှိသူ၊ အားထုတ်မှုရှိသူ၊ ကုသိုလ်တရားတို့၌ အသိဉာဏ်ရှိသူ မည်သူအားမဆို ရောက်လာသမျှသော ညဉ့်နေ့တို့ဝယ် ကုသိုလ် တရားတို့၌ တိုးပွါးမှုသာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်နိုင်၏၊ ဆုတ်ယုတ်မှု (မချွတ်ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။ သာရိပုတြာ လဆန်းပက္ခ၌ လအား ရောက်လာသမျှသော ညဉ့်နေ့တို့ဝယ် အဆင်း အားဖြင့် တိုးပွါးသည်သာ, အဝန်းအဝိုင်းအားဖြင့် တိုးပွါးသည်သာ, အရောင်အားဖြင့် တိုးပွါးသည်သာ, လုံးရပ်အားဖြင့် တိုးပွါးသည်သာ ဖြစ်သကဲ့သို့၊ သာရိပုတြာ ဤအတူပင် ကုသိုလ်တရားတို့၌ ယုံကြည်မှု ရှိသူ၊ အရှက်ရှိသူ၊ ထိတ်လန့်မှုရှိသူ၊ အားထုတ်မှုရှိသူ၊ ကုသိုလ်တရားတို့၌ အသိဉာဏ်ရှိသူ မည်သူအား မဆို ရောက်လာသမျှသော ညဉ့်နေ့တို့ဝယ် ကုသိုလ်တရားတို့၌ တိုးပွါးမှုသာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်နိုင်၏၊ ဆုတ်ယုတ်မှု (မချွတ်ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။

သာရိပုတြာ “ယုံကြည်မှုရှိသော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည် မဆုတ်ယုတ်မှုတည်း၊ အရှက်ရှိသော။ ထိတ်လန့်မှုရှိသော။ ထက်သန်သော လုံ့လရှိသော။ ပညာရှိသော။ အမျက်မထွက်သော။ ရန်ငြိုးမဖွဲ့သော။ အလိုနည်းသော။ မိတ်ဆွေကောင်းရှိသော။ အယူမှန်ရှိသော ယောကျာ်းပုဂ္ဂိုလ်”ဟူသော ဤစကားသည် မဆုတ်ယုတ်မှုတည်းဟု မိန့်တော်မူ၏။

သတ္တမသုတ်။