အင်္ဂုတ္တရနိကာယ်

(၈) ၃-အာကင်္ခဝဂ်

၄-ဝဎ္ဍိသုတ်

၇၄။ ရဟန်းတို့ တိုးပွါးမှုဆယ်မျိုးတို့ဖြင့် တိုးပွါးသော အရိယာတပည့်သည် အရိယာတို့၏ တိုးပွါးခြင်းဖြင့် တိုးပွါး၏၊ ကိုယ် (ခန္ဓာ)၏ အနှစ်ကို ယူသူလည်း ဖြစ်၏၊ အမြတ်ကို ယူသူလည်း ဖြစ်၏။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ—လယ်ယာတို့ဖြင့် တိုးပွါး၏၊ ဥစ္စာစပါးတို့ဖြင့် တိုးပွါး၏၊ သားမယားတို့ဖြင့် တိုးပွါး၏၊ ကျွန်အမှုလုပ် ယောကျာ်းတို့ဖြင့် တိုးပွါး၏၊ အခြေလေးချောင်းရှိသော သတ္တဝါတို့ဖြင့် တိုးပွါး၏၊ သဒ္ဓါဖြင့် တိုးပွါး၏၊ သီလဖြင့် တိုးပွါး၏၊ သုတဖြင့် တိုးပွါး၏၊ စာဂဖြင့် တိုးပွါး၏၊ ပညာဖြင့် တိုးပွါး၏၊ ရဟန်းတို့ ဤတိုးပွါးမှု ဆယ်မျိုးတို့ဖြင့် တိုးပွါးသော အရိယာတပည့်သည် အရိယာတို့၏ တိုးပွါးခြင်းဖြင့် တိုးပွါး၏၊ ကိုယ်(ခန္ဓာ)၏ အနှစ်ကို ယူသူလည်း ဖြစ်၏၊ အမြတ်ကို ယူသူလည်းဖြစ်၏ဟု (မိန့်တော်မူ၏)။

ဤလောက၌ အကြင်သူသည် ဥစ္စာဖြင့်လည်းကောင်း၊ စပါးဖြင့်လည်းကောင်း၊ သားသမီးတို့ဖြင့်လည်းကောင်း၊ မယားတို့ဖြင့်လည်းကောင်း၊ အခြေလေးချောင်း ရှိသော သတ္တဝါတို့ဖြင့်လည်းကောင်း တိုးပွါး၏၊ ထိုသူသည် စည်းစိမ်ဥစ္စာရှိသူ ဖြစ်၏၊ အခြံအရံရှိသူ ဖြစ်၏။ ဆွေမျိုးတို့သည်လည်းကောင်း၊ မိတ်ဆွေတို့သည် လည်းကောင်း၊ ထိုမှတစ်ပါး မင်းတို့သည်လည်းကောင်း ပူဇော်အပ်သူဖြစ်၏။ ဤလောက၌ အကြင်သူသည် သဒ္ဓါဖြင့်လည်းကောင်း၊ သီလဖြင့်လည်းကောင်း၊ ပညာဖြင့်လည်းကောင်း၊ စာဂ, သုတ နှစ်ပါးစုံဖြင့်လည်းကောင်း တိုးပွါး၏၊ ထိုသို့ သဘောရှိသော အမြော်အမြင် (ဆင်ခြင်ဉာဏ်) ရှိသော ထိုသူတော်ကောင်းသည် မျက်မှောက်ဘဝ၌ပင် (လောက, ဓမ္မ) နှစ်ပါးစုံဖြင့် တိုးပွါး၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။