အင်္ဂုတ္တရနိကာယ်

(၈) ၃-အာကင်္ခဝဂ်

၇-ကာကသုတ်

၇၇။ ရဟန်းတို့ ကျီးသည် မသူတော်တရား ဆယ်မျိုးတို့နှင့် ပြည့်စုံ၏၊ အဘယ်ဆယ်မျိုးတို့နည်းဟူမူ— (ဂုဏ်ကျေးဇူးကို) ဖျက်ဆီးတတ်၏၊ ရဲတင်း၏၊ တဏှာနှင့် ပြည့်စုံ၏၊ အစားကြီး၏၊ ကြမ်း၊ကတ်၏၊ သနားခြင်း ကရုဏာမရှိ၊ အားနည်း၏၊ မြည်တွန်တတ်၏၊ သတိမေ့တတ်၏၊ မစုဆောင်း တတ်။ ရဟန်းတို့ ကျီးသည် ဤမသူတော်တရား ဆယ်မျိုးတို့နှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤအတူပင် ရဟန်းယုတ်သည် မသူတော်တရား ဆယ်မျိုးတို့နှင့် ပြည့်စုံ၏။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ—့(ဂုဏ်ကျေးဇူးကို) ဖျက်ဆီးတတ်၏၊ ရဲတင်း၏၊ တဏှာနှင့် ပြည့်စုံ၏၊ အစားကြီး၏၊ ကြမ်း၊ကတ်၏၊ သနားခြင်းကရုဏာမရှိ၊ အားနည်း၏၊ မြည်တွန်တတ်၏၊ သတိမေ့တတ်၏၊ မစုဆောင်းတတ်။ ရဟန်းတို့ ရဟန်းယုတ်သည် ဤမသူတော်တရား ဆယ်မျိုးတို့နှင့် ပြည့်စုံ၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။