အင်္ဂုတ္တရနိကာယ်
(၈) ၃-အာကင်္ခဝဂ်
၈-နိဂဏ္ဌသုတ်
၇၈။ ရဟန်းတို့ နိဂဏ္ဌ ‘တက္ကတွန်း’တို့သည် မသူတော်တရား ဆယ်မျိုးတို့နှင့် ပြည့်စုံကုန်၏။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ—ရဟန်းတို့ နိဂဏ္ဌတို့သည် ယုံကြည်မှုမရှိကုန်။ ရဟန်းတို့ နိဂဏ္ဌတို့ သည် သီလမရှိကုန်။ ရဟန်းတို့ နိဂဏ္ဌတို့သည် အရှက်မရှိကုန်။ ရဟန်းတို့ နိဂဏ္ဌတို့သည် အကြောက် မရှိကုန်။ ရဟန်းတို့ နိဂဏ္ဌတို့သည် မသူတော်ကို ဆည်းကပ်တတ်ကုန်၏။ ရဟန်းတို့ နိဂဏ္ဌတို့သည် မိမိကိုယ်ကို ချီးမြှောက်၍ သူတစ်ပါးကို နှိမ့်ချတတ်ကုန်၏။ ရဟန်းတို့ နိဂဏ္ဌတို့သည် မိမိအမြင်အတိုင်း အမှားသုံးသပ်တတ်ကုန်၏၊ စွဲစွဲမြဲမြဲ ယူလေ့ရှိကုန်၏၊ (အယူကို) စွန့်နိုင်ခဲကုန်၏။ ရဟန်းတို့ နိဂဏ္ဌတို့သည် အံ့သြဖွယ် ပြုတတ်ကုန်၏။ ရဟန်းတို့ နိဂဏ္ဌတို့သည် အလိုဆိုးရှိကုန်၏။ ရဟန်းတို့ နိဂဏ္ဌတို့သည် မိတ်ဆွေယုတ် ရှိကုန်၏။ ရဟန်းတို့ နိဂဏ္ဌတို့သည် ဤမသူတော်တရား ဆယ်မျိုးတို့နှင့် ပြည့်စုံကုန်၏ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။