အင်္ဂုတ္တရနိကာယ်

(၉) ၄-ထေရဝဂ်

၅-ကတ္ထီသုတ်

၈၅။ အခါတစ်ပါး၌ အသျှင်မဟာစုန္ဒသည်စေတီတိုင်း သဟဇာတိမြို့၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်မဟာစုန္ဒသည် ရဟန်းတို့ကို “ငါ့သျှင်ရဟန်းတို့”ဟု ခေါ်တော်မူ၏။ “ငါ့သျှင်”ဟု ထိုရဟန်းတို့သည် အသျှင်မဟာစုန္ဒအား ပြန်ကြား လျှောက်ထားကြကုန်၏။ အသျှင်မဟာစုန္ဒသည် ဤ စကားကို မိန့်ဆို၏— ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် “ငါသည် ပဌမဈာန်ကို ဝင်စားလည်း ဝင်စား၏၊ ထလည်း ထ၏၊ ငါသည် ဒုတိယဈာန်ကို ဝင်စားလည်း ဝင်စား၏၊ ထလည်း ထ၏၊ ငါသည် တတိယဈာန်ကို ဝင်စားလည်း ဝင်စား၏၊ ထလည်း ထ၏။ ငါသည် စတုတ္ထဈာန်ကို ဝင်စားလည်း ဝင်စား၏၊ ထလည်း ထ၏၊ ငါသည် အာကာသာနဉ္စာယတနဈာန်ကို ဝင်စားလည်း ဝင်စား၏၊ ထလည်း ထ၏၊ ငါသည် ဝိညာဏဉ္စာယတနဈာန်ကို ဝင်စားလည်း ဝင်စား၏၊ ထလည်း ထ၏၊ ငါသည် အာကိဉ္စညာယတနဈာန်ကို ဝင်စားလည်း ဝင်စား၏၊ ထလည်း ထ၏။ ငါသည် နေဝသညာနာသညာ ယတနဈာန်ကို ဝင်စားလည်း ဝင်စား၏၊ ထလည်း ထ၏၊ ငါသည် သညာဝေဒနာတို့၏ ချုပ်ရာ နိရောဓသမာပတ်ကို ဝင်စားလည်း ဝင်စား၏၊ ထလည်း ထ၏”ဟု ရထိုက်သော ဈာန်မဂ်ဖိုလ်တရားတို့၌ ပြောကြားပလွှားလေ့ရှိ၏။ ထိုရဟန်းကို မြတ်စွာဘုရားကသော်လည်းကောင်း၊ ဈာန်နှင့်ပြည့်စုံသော သမာပတ်၌ လိမ္မာသော သူတစ်ပါးစိတ်၌ လိမ္မာသော သူတစ်ပါးစိတ်ဖြစ်ပုံ၌ လိမ္မာသော မြတ်စွာဘုရား၏ တပည့်ကသော်လည်းကောင်း စိစစ်၏၊ စုံစမ်း၏၊ မေးမြန်း၏။ ထိုရဟန်းသည် မြတ်စွာဘုရားကသော်လည်းကောင်း၊ ဈာန်နှင့် ပြည့်စုံသော သမာပတ်၌ လိမ္မာသော သူတစ်ပါးစိတ်၌ လိမ္မာသော သူတစ်ပါးစိတ်ဖြစ်ပုံ၌ လိမ္မာသော မြတ်စွာဘုရား၏ တပည့်ကသော်လည်းကောင်း စိစစ်လတ်သော် စုံစမ်းလတ်သော် မေးမြန်းလတ်သော် အချည်းနှီးဖြစ်ခြင်းသို့ ရောက်၏၊ ဂုဏ်ကင်းခြင်းသို့ ရောက်၏၊ အကျိုးမဲ့ခြင်းသို့ ရောက်၏၊ ပျက်စီးခြင်း သို့ ရောက်၏၊ အကျိုးမဲ့ပျက်စီးခြင်းသို့ ရောက်၏။ ထိုရဟန်းကို မြတ်စွာဘုရားကသော်လည်းကောင်း၊ ဈာန်နှင့်ပြည့်စုံသော သမာပတ်၌ လိမ္မာသော သူတစ်ပါးစိတ်၌ လိမ္မာသော သူတစ်ပါးစိတ် ဖြစ်ပုံ၌ လိမ္မာသော မြတ်စွာဘုရား၏ တပည့်ကသော်လည်းကောင်း ဤသို့ စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ နှလုံးပြု၏၊ “ဤအသျှင်သည် အဘယ့်ကြောင့် ငါသည် ပဌမဈာန်ကို ဝင်စားလည်း ဝင်စား၏၊ ထလည်း ထ၏။ပ။ ငါသည် သညာဝေဒနာတို့၏ ချုပ်ရာ နိရောဓသမာပတ်ကို ဝင်စားလည်း ဝင်စား၏၊ ထလည်း ထ၏”ဟု ရထိုက်သော ဈာန်မဂ်ဖိုလ်တရားတို့၌့ပြောကြားလေ့ ပလွှားလေ့ရှိဘိသနည်းဟု (နှလုံးသွင်း၏ )။

ထိုရဟန်းကို မြတ်စွာဘုရားကသော်လည်းကောင်း၊ ဈာန်နှင့်ပြည့်စုံသော သမာပတ်၌ လိမ္မာသော သူတစ်ပါးစိတ်၌လိမ္မာသော သူတစ်ပါးစိတ်ဖြစ်ပုံ၌လိမ္မာသော မြတ်စွာဘုရား၏ တပည့်ကသော်လည်းကောင်း ဤသို့ စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ သိ၏— ဤအသျှင်သည် နေ့ညဉ့်ကြာမြင့်စွာ သီလတို့၌ ကျိုးသည်ကို ပြုလေ့ရှိ၏၊ ပေါက်သည်ကို ပြုလေ့ရှိ၏၊ ပြောက်သည်ကို ပြုလေ့ရှိ၏၊ ကျားသည်ကို ပြုလေ့ရှိ၏၊ အစဉ် မပြတ် ပြုလေ့မရှိ၊ အစဉ်မပြတ် ဖြစ်လေ့မရှိ။ ဤအသျှင်သည် သီလမရှိသူတည်း၊ ဤသီလမရှိခြင်းသည် မြတ်စွာဘုရား ဟောတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ ဆုတ်ယုတ်မှုတည်း။ ဤအသျှင်သည် ယုံကြည်မှုမရှိသူတည်း၊ ဤယုံကြည်မှု မရှိခြင်းသည် မြတ်စွာဘုရား ဟောတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ ဆုတ်ယုတ်မှုတည်း။ ဤအသျှင်သည် အကြားအမြင်နည်း၍ မကျင့်အပ်သည်ကို ကျင့်သူတည်း၊ ဤအကြားအမြင်နည်း၍ မကျင့်အပ်သည်ကို ကျင့်ခြင်းသည် မြတ်စွာဘုရား ဟောတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ ဆုတ်ယုတ်မှုတည်း။ ဤအသျှင်သည် ဆိုဆုံးမခက်သူတည်း၊ ဤဆိုဆုံးမခက်ခြင်းသည် မြတ်စွာဘုရားဟောတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ ဆုတ်ယုတ်မှုတည်း။ ဤအသျှင်သည် မိတ်ဆွေယုတ်ရှိသူတည်း၊ ဤမိတ်ဆွေယုတ်ရှိခြင်းသည် မြတ်စွာဘုရား ဟောတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ ဆုတ်ယုတ်မှုတည်း။ ဤအသျှင်သည် ပျင်းရိသူတည်း၊ ဤပျင်းရိခြင်းသည် မြတ်စွာဘုရား ဟောတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ ဆုတ်ယုတ်မှုတည်း။ ဤအသျှင်သည် သတိမေ့ပျောက်သူတည်း၊ ဤသတိမေ့ပျောက်ခြင်းသည် မြတ်စွာဘုရား ဟောတော်မူသော ဓမ္မဝိနယ’သာသနာတော်’ ၌ဆုတ်ယုတ်မှုတည်း။ ဤအသျှင်သည် ‘အံ့သြဖွယ်ပြုတတ်’ သူတည်း၊ ဤအံ့သြ ဖွယ်ပြုခြင်းသည် မြတ်စွာဘုရား ဟောတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ ဆုတ်ယုတ်မှုတည်း။ ဤအသျှင်သည် မွေးမြူရန် ခက်သူတည်း၊ ဤမွေးမြူရန်ခက်ခြင်းသည် မြတ်စွာဘုရား ဟောတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ ဆုတ်ယုတ်မှုတည်း။ ဤအသျှင်သည် ပညာမဲ့သူတည်း၊ ဤပညာမဲ့ခြင်းသည် မြတ်စွာဘုရား ဟောတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ ဆုတ်ယုတ်မှုတည်း။

ငါ့သျှင်တို့ ဥပမာသော်ကား သူငယ်ချင်းတစ်ယောက်သည် သူငယ်ချင်းတစ်ယောက်ကို “မိတ်ဆွေ သင့်အား ဥစ္စာဖြင့် ပြုဖွယ်ရှိသောအခါ ငါ့ကို ဥစ္စာတောင်းပါ၊ သင့်အား ဥစ္စာကို ပေးပါမည်”ဟု ဤသို့ ဆိုရာ၏၊ ထိုသူငယ်ချင်းသည် ပြုဖွယ်တစ်စုံတစ်ရာဖြစ်ပေါ်လတ်သော် သူငယ်ချင်းကို “မိတ်ဆွေ ငါသည် ဥစ္စာဖြင့် အလိုရှိပါ၏၊ ငါ့အား ဥစ္စာကို ပေးပါ”ဟု ဤသို့ ဆိုရာ၏။ ထိုသူသည် “မိတ်ဆွေ ထိုသို့ဖြစ်လျှင် ဤနေရာ၌ တူးလော့”ဟု ဆိုရာ၏၊ ထိုသူသည် ထိုနေရာ၌ တူးလတ်သော် (ဥစ္စာကို) မရရာ၊ ထိုသူသည် “မိတ်ဆွေ ငါ့ကို ချွတ်ယွင်းစွာ ဆိုဘိ၏၊ မိတ်ဆွေ ‘ဤနေရာ၌ တူးလော့’ဟု ငါ့ကို အချည်းနှီး ဆိုဘိ၏”ဟု ဤသို့ ဆိုရာ၏၊ ထိုသူသည် “မိတ်ဆွေ ငါသည် သင့်ကို ချွတ်ယွင်းစွာ မဆိုပါ၊ အချည်းနှီး မဆိုပါ၊ မိတ်ဆွေ ထိုသို့ဖြစ်လျှင် ဤနေရာ၌ တူးလော့”ဟု ဤသို့ ဆိုရာ၏၊ ထိုသူသည် ထိုနေရာ၌ တူးသော် လည်း (ဥစ္စာကို) မရရာ၊ ထိုသူသည် “မိတ်ဆွေ ငါ့ကို ချွတ်ယွင်းစွာ ဆိုဘိ၏၊ မိတ်ဆွေ ‘ဤနေရာ၌ တူးလော့’ဟု ငါ့ကို အချည်းနှီး ဆိုဘိ၏’ဟု ဤသို့ ဆိုရာ၏။ ထိုသူသည် “မိတ်ဆွေ ငါသည် သင့်ကို ချွတ်ယွင်းစွာ မဆိုပါ၊ အချည်းနှီး မဆိုပါ၊ မိတ်ဆွေ ထိုသို့ဖြစ်လျှင် ဤနေရာ၌ တူးလော့”ဟု ဤသို့ ဆိုရာ၏။ ထိုသူသည် ထိုနေရာ၌ တူးသော်လည်း (ဥစ္စာကို) မရရာ၊ ထိုသူသည် “မိတ်ဆွေ ငါ့ကို ချွတ်ယွင်းစွာ ဆိုဘိ၏၊ ‘ဤနေရာ၌ တူးလော့’ဟု ငါ့ကို အချည်းနှီး ဆိုဘိ၏”ဟု ဤသို့ ဆိုရာ၏။ ထိုသူသည် “မိတ်ဆွေ ငါသည် သင့်ကို ချွတ်ယွင်းစွာ မဆိုပါ၊ အချည်းနှီး မဆိုပါ၊ မိတ်ဆွေ အမှန် အားဖြင့် ငါသည်သာ ရူးသွပ်ခြင်း စိတ်ဖောက်ပြန်ခြင်းသို့ ရောက်ပါ၏”ဟု ဤသို့ ဆိုရာ၏။

ငါ့သျှင်တို့ ဤအတူပင် ရဟန်းသည် “ငါသည် ပဌမဈာန်ကို ဝင်စားလည်း ဝင်စား၏၊ ထလည်း ထ၏၊ ငါသည် ဒုတိယဈာန်ကို ဝင်စားလည်း ဝင်စား၏၊ ထလည်း ထ၏၊ ငါသည် တတိယဈာန်ကို ဝင်စားလည်း ဝင်စား၏၊ ထလည်း ထ၏။ ငါသည် စတုတ္ထဈာန်ကို ဝင်စားလည်း ဝင်စား၏၊ ထလည်း ထ၏၊ ငါသည် အာကာသာနဉ္စာယတနဈာန်ကို ဝင်စားလည်း ဝင်စား၏၊ ထလည်း ထ၏၊ ငါသည် ဝိညာဏဉ္စာယတနဈာန်ကို ဝင်စားလည်း ဝင်စား၏၊ ထလည်း ထ၏၊ ငါသည် အာကိဉ္စညာယတနဈာန်ကို ဝင်စားလည်း ဝင်စား၏၊ ထလည်း ထ၏။ ငါသည် နေဝသညာနာသညာယတနဈာန်ကို ဝင်စားလည်း ဝင်စား၏၊ ထလည်း ထ၏၊ ငါသည် သညာဝေဒနာတို့၏ ချုပ်ရာ နိရောဓသမာပတ်ကို ဝင်စားလည်း ဝင်စား၏၊ ထလည်း ထ၏”ဟု ရထိုက်သော ဈာန်မဂ်ဖိုလ်တရားတို့၌ ပြောကြားလေ့ ပလွှားလေ့ရှိ၏။ ထိုရဟန်းကို မြတ်စွာဘုရားကသော်လည်းကောင်း၊ ဈာန်နှင့်ပြည့်စုံသော သမာပတ်၌ လိမ္မာသော သူတစ်ပါးစိတ်၌ လိမ္မာသော သူတစ်ပါးစိတ်ဖြစ်ပုံ၌ လိမ္မာသော မြတ်စွာဘုရား၏ တပည့်ကသော်လည်းကောင်း စိစစ်၏၊ စုံစမ်း၏၊ မေးမြန်း၏။ ထိုရဟန်းသည် မြတ်စွာဘုရားကသော်လည်းကောင်း၊ ဈာန်နှင့် ပြည့်စုံသော သမာပတ်၌ လိမ္မာသော သူတစ်ပါးစိတ်၌ လိမ္မာသော သူတစ်ပါးစိတ်ဖြစ်ပုံ၌ လိမ္မာသော မြတ်စွာဘုရား၏ တပည့်ကသော်လည်းကောင်း စိစစ်လတ်သော် စုံစမ်းလတ်သော် မေးမြန်းလတ်သော် အချည်းနှီးဖြစ်ခြင်းသို့ ရောက်၏၊ ဂုဏ်ကင်းခြင်းသို့ ရောက်၏၊ အကျိုးမဲ့ခြင်းသို့ ရောက်၏။ ပျက်စီးခြင်း သို့ ရောက်၏၊ အကျိုးမဲ့ ပျက်စီးခြင်းသို့ ရောက်၏။ ထိုရဟန်းကို မြတ်စွာဘုရားကသော်လည်းကောင်း၊ ဈာန်နှင့်ပြည့်စုံသော သမာပတ်၌ လိမ္မာသော သူတစ်ပါးစိတ်၌ လိမ္မာသော သူတစ်ပါးစိတ်ဖြစ်ပုံ၌ လိမ္မာသော မြတ်စွာဘုရား၏ တပည့်ကသော်လည်းကောင်း ဤသို့ စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ နှလုံးပြု၏၊ “ဤအသျှင်သည် အဘယ့်ကြောင့် ငါသည် ပဌမ ဈာန်ကို ဝင်စားလည်း ဝင်စား၏။ပ။ ငါသည် သညာဝေဒနာတို့၏ ချုပ်ရာ နိရောဓသမာပတ်ကို ဝင်စား လည်း ဝင်စား၏၊ ထလည်း ထ၏”ဟု ရထိုက်သော ဈာန်မဂ်ဖိုလ်တရားတို့၌ ပြောကြားလေ့ ပလွှားလေ့ ရှိဘိသနည်းဟု (နှလုံးပြု၏ )။

ထိုရဟန်းကို မြတ်စွာဘုရားကသော်လည်းကောင်း၊ ဈာန်နှင့်ပြည့်စုံသော သမာပတ်၌ လိမ္မာသော သူတစ်ပါး စိတ်၌ လိမ္မာသော သူတစ်ပါးစိတ်ဖြစ်ပုံ၌ လိမ္မာသော မြတ်စွာဘုရား၏ တပည့်ကသော်လည်းကောင်း ဤသို့ စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍ သိ၏—

ဤအသျှင်သည် နေ့ညဉ့်ကြာမြင့်စွာ သီလတို့၌ ကျိုးသည်ကို ပြုလေ့ရှိ၏၊ ပေါက်သည်ကို ပြုလေ့ ရှိ၏၊ ပြောက်သည်ကို ပြုလေ့ရှိ၏၊ ကျားသည်ကို ပြုလေ့ရှိ၏၊ အစဉ်မပြတ် ပြုလေ့မရှိ၊ အစဉ်မပြတ် ဖြစ်လေ့မရှိ။

ဤအသျှင်သည် သီလမရှိသူတည်း၊ ဤသီလမရှိခြင်းသည် မြတ်စွာဘုရားဟောတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’၌ ဆုတ်ယုတ်မှုတည်း။

ဤအသျှင်သည် ယုံကြည်မှုမရှိသူတည်း၊ ဤယုံကြည်မှုမရှိခြင်းသည် မြတ်စွာဘုရား ဟောတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ ဆုတ်ယုတ်မှုတည်း။

ဤအသျှင်သည် အကြားအမြင်နည်း၍ မကျင့်အပ်သည်ကို ကျင့်သူတည်း၊ ဤအကြားအမြင်နည်း၍ မကျင့်အပ်သည်ကို ကျင့်ခြင်းသည် မြတ်စွာဘုရားဟောတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ ဆုတ် ယုတ်မှုတည်း။

ဤအသျှင်သည် ဆိုဆုံးမခက်သူတည်း၊ ဤဆိုဆုံးမခက်ခြင်းသည် မြတ်စွာဘုရားဟောတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ ဆုတ်ယုတ်မှုတည်း။

ဤအသျှင်သည် မိတ်ဆွေယုတ်ရှိသူတည်း၊ ဤမိတ်ဆွေယုတ်ရှိခြင်းသည် မြတ်စွာဘုရား ဟောတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ ဆုတ်ယုတ်မှုတည်း။

ဤအသျှင်သည် ပျင်းရိသူတည်း၊ ဤပျင်းရိခြင်းသည် မြတ်စွာဘုရား ဟောတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ ဆုတ်ယုတ်မှုတည်း။

ဤအသျှင်သည် သတိမေ့ပျောက်သူတည်း၊ ဤသတိမေ့ပျောက်ခြင်းသည် မြတ်စွာဘုရားဟောတော်မူသော ဓမ္မဝိနယ’သာသနာတော်’ ၌ ဆုတ်ယုတ်မှုတည်း။

ဤအသျှင်သည် အံ့သြဖွယ်ကို ပြုတတ်သူတည်း၊ ဤအံ့သြဖွယ်ကို ပြုခြင်းသည် မြတ်စွာဘုရား ဟောတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ ဆုတ်ယုတ်မှုတည်း။

ဤအသျှင်သည် မွေးမြူရန် ခက်သူတည်း၊ ဤမွေးမြူရန်ခက်ခြင်းသည် မြတ်စွာဘုရား ဟောတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ ဆုတ်ယုတ်မှုတည်း။

ဤအသျှင်သည် ပညာမဲ့သူတည်း၊ ဤပညာမဲ့ခြင်းသည် မြတ်စွာဘုရား ဟောတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ ဆုတ်ယုတ်မှုတည်း (ဟု ပိုင်းခြား၍ သိ၏ )။

ငါ့သျှင်တို့ စင်စစ် ထို ရဟန်းသည် ဤတရားဆယ်မျိုးတို့ကို မပယ်ဘဲ ဤဓမ္မဝိနယ ‘သာသနာ တော်’ ၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်လိမ့်မည်ဟူသော ဤအကြောင်းသည် မရှိ။ ငါ့သျှင်တို့ စင်စစ် ထိုရဟန်းသည် ဤတရားဆယ်မျိုးတို့ကို ပယ်လျှင် ဤဓမ္မဝိနယ ‘သာသနာတော်’၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်လိမ့်မည်ဟူသော ဤအကြောင်းသည် ရှိ၏ဟု (မိန့်ဆို၏ )။

ပဉ္စမသုတ်။