အင်္ဂုတ္တရနိကာယ်

၁-ကမ္မကာရဏဝဂ်

၂-ပဓာနသုတ်

၂။ ရဟန်းတို့ လောက၌ ဖြစ်စေနိုင်ခဲသော အားထုတ်ခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်း ဟူမူŠ အိမ်၌ နေကုန်သော လူတို့၏ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်တို့ကို ထောက်ပံ့ခြင်းငှါ အားထုတ်ခြင်း လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ ရဟန်းပြုကုန်သော ရှင်ရဟန်းတို့၏ အလုံးစုံသော ဥပဓိတို့မှ ကင်းလွတ်ရာ နိဗ္ဗာန်အကျိုးငှါ အားထုတ်ခြင်းတို့တည်း။ ရဟန်းတို့ ဖြစ်စေနိုင်ခဲကုန်သော အားထုတ်ခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ လောက၌ ဤအားထုတ်ခြင်း နှစ်မျိုးတို့တွင် အလုံးစုံသော ဥပဓိတို့ကို စွန့်ရာဖြစ်သော နိဗ္ဗာန်အလို့ငှာ အားထုတ်ခြင်းသည် အမြတ်ဆုံးပေတည်း။ ရဟန်းတို့ ထို့ကြောင့် ဤသာသာတော်၌ “အလုံးစုံသော ဥပဓိတို့မှ ကင်းလွတ်ရာ နိဗ္ဗာန်အကျိုးငှာ အားထုတ်ခြင်းကို အားထုတ်ကြကုန်အံ့”ဟု ကျင့်ရမည်။ ရဟန်းတို့ သင်တို့သည် ဤသို့သာလျှင် ကျင့်ရမည်—ဟု မိန့်တော်မူ၏။

ဒုတိယသုတ် ပြီး၏။