အင်္ဂုတ္တရနိကာယ်
၁-ကမ္မကာရဏဝဂ်
၁-ဝဇ္ဇသုတ်
၁။ အကျွန်ုပ်သည် ဤသို့ ကြားခဲ့ရပါသည်Š အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ် သူဌေး၏ အရာမ်ဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ‘ရဟန်းတို့’ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့သည် ‘အရှင်ဘုရား’ဟု မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏Š
ရဟန်းတို့ အပြစ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်း ဟူမူŠ မျက်မှောက် ဘဝ၌ ဖြစ်သောအပြစ်၊ တမလွန်ဘဝ၌ ဖြစ်လတံ့သော အပြစ်တို့တည်း။ မျက်မှောက်ဘဝ၌ ဖြစ်သော အပြစ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သောသူသည် မင်းတို့က မကောင်းမှုပြုကျင့်သော ခိုးသူကို ဖမ်းဆီး၍ အမျိုးမျိုးသော နှိပ်စက် ညှင်းပန်းခြင်း ပြုစေသည်တို့ကို တွေ့မြင်၏။ နှင်တံတို့ဖြင့်ရိုက်နှက်စေသည် တို့ကိုလည်းကောင်း၊ ကြိမ်လုံးတို့ဖြင့် ရိုက်နှက်စေသည်တို့ကို လည်းကောင်း၊ တုတ်တိုတို့ဖြင့် ရိုက်နှက်စေသည် တို့ကိုလည်းကောင်း၊ လက်ကို ဖြတ်စေသည်တို့ကိုလည်းကောင်း၊ ခြေကို ဖြတ်စေသည်တို့ကိုလည်းကောင်း၊ လက်ခြေတို့ကို ဖြတ်စေသည်တို့ကိုလည်းကောင်း၊ နားကို ဖြတ်စေသည်တို့ကိုလည်းကောင်း၊ နှာခေါင်းကို ဖြတ်စေသည်တို့ကိုလည်းကောင်း၊ နား နှားခေါင်းတို့ကို ဖြတ်စေသည်တို့ကို လည်းကောင်း၊ ဦးထိပ်ကို ဖောက်ခွဲပြီးလျှင် ရဲရဲတောက်ပူသော သံတွေခဲကို ညှပ်ဖြင့်ယူ၍ ဦးခေါင်းထဲသို့ ထည့်လျက် ဦးနှောက်ကို ပအုံးရည်ကဲ့သို့ ကျိုက်ကျိုက်ဆူ၍ ကျအောင် နှိပ်စက်ညှင်းပန်းခြင်း ပြုစေသည်တို့ကို လည်းကောင်း၊ အထက်နှုတ်ခမ်း နားရင်းနှစ်ဘက်နှင့် လည်ပင်းတိုင်အောင် အရေကို လှီးဖြတ်ထားပြီးလျှင် ဆံပင်ကို တစ်ပေါင်းတည်း တုတ်ဖြင့်ရစ်ပတ်၍ ဆံပင်နှင့်တကွ ဦးရေကို ဆွဲဆောင့်ဆုတ်ခွာ၍ ကျောက်စရစ်ခဲများဖြင့် ပွတ်တိုက် ဆေးကြောကာ ဦးပြည်းခေါင်းကို ခရုသင်း အဆင်းကဲ့သို့ ဖြစ်အောင်ပြုလျက် နှိပ်စက် ညှင်းပန်းခြင်း ပြုစေသည်တို့ကိုလည်းကောင်း၊ ပါးစပ်ကို သံချွန်ဖြင့် ဖွင့်ထောက်၍ အတွင်း၌ မီးထွန်းကာ နေလကို ငုံထားသော ရာဟုခံတွင်းကဲ့သို့ ဖြစ်အောင်ပြုလျက် နှိပ်စက်ညှင်းပန်းခြင်း ပြုစေသည်တို့ကို လည်းကောင်း၊ တစ်ကိုယ်လုံး အဝတ်ပတ်ပြီးလျှင် ဆီလောင်း၍ မီးရှို့လျက် မီးပန်းကုံးကဲ့သို့ ဖြစ်အောင်ပြုလျက် နှိပ်စက်ညှင်းပန်းခြင်း ပြုစေသည်တို့ကို လည်းကောင်း၊ လက်တို့ကို အဝတ်ပတ်ပြီးလျှင် ဆီလောင်း၍ မီးရှို့လျက် လက်ဆီမီးတိုင်ကဲ့သို့ ဖြစ်အောင်ပြုလျက် နှိပ်စက်ညှင်းပန်းခြင်း ပြုစေသည်တို့ကို လည်းကောင်း၊ လည်ပင်းမှစ၍ အရေကို ခွာပြီးလျှင် ခြေကျင်းဝတ် ခြေမျက်စိပေါ်၌ ပုံထားလျက် လူကို လွန်ကြိုးနှင့်ဆွဲသဖြင့် မိမိ အရေကို မိမိ နင်းမိတိုင်း နင်းမိတိုင်း လဲ၍လဲ၍ သွားအောင်ပြုလျက် နှိပ်စက်ညှင်းပန်းခြင်း ပြုစေသည်တို့ကို လည်းကောင်း၊ လည်ပင်းမှစ၍ အရေကိုခွာပြီးလျှင် ခါးပေါ်၌ထား၍ ၎င်းခါးမှ စ၍ အရေကို ခွာပြီးလျှင် ခြေကျင်းဝတ် ခြေမျက်စိပေါ်၌ ထား၍လည်းကောင်း အထက်ပိုင်း အရေဖြင့် အောက်ပိုင်းကိုယ်ကို လျော်တေအဝတ် ဝတ်သကဲ့သို့ ဖြစ်အောင်ပြုလျက် နှိပ်စက်ညှင်းပန်းခြင်း ပြုစေသည်တို့ကို လည်းကောင်း၊ တံတောင်နှစ်ဘက် ဒူးနှစ်ဘက်တို့၌ သံထိပ် သံထူးခတ်၍ သံချွန်လေးခုစိုက်လျက် မြေ၌ တည်စေပြီးလျှင် သားကောင်းကို ဖုတ်ကင်သကဲ့သို့ ထက်ဝန်းကျင်မှ မီးဖြင့်ရှို့မြှိုက်ကာ နှိပ်စက်ညှင်းပန်းခြင်း ပြုစေသည်တို့ကို လည်းကောင်း၊ နှစ်ဘက်အသွားရှိသော သံချိတ်တို့ဖြင့် အရေအကြောအသားတို့ကို ခြစ်ခွာလျက် နှိပ်စက်ညှင်းပန်းခြင်း ပြုစေသည်တို့ကို လည်းကောင်း၊ ကျပ်ပြားမျှ ကျပ်ပြားမျှ အရေအကြော အသားများ ပြတ်ကျအောင် ခါးမှစ၍ တစ်ကိုယ်လုံးကို ထက်စွာသော ပဲကွပ်တို့ဖြင့် ခုတ်ရွေလျက် နှိပ်စက်ညှင်းပန်းခြင်း ပြုစေသည်တို့ကို လည်းကောင်း၊ ကိုယ်ကို တုတ်လက်နက်တို့ဖြင့် ရိုက်နှက်ပုတ်ခတ်ပြီးလျှင် သဲဆပ်ပြာရည် ပက်ကာ ဆတ်သွားသီးဖြင့် ပွတ်တိုက်၍ အရေအကြော အသားတို့ကို အရည်ပျော်ကျစေလျက် အရိုးချည်းသာ ကျန်သည့်တိုင်အောင် ပြုလျက် နှိပ်စက်ညှင်းပန်းခြင်း ပြုစေသည်တို့ကို လည်းကောင်း၊ မြေ၌ နံပါးတစ်ဘက်ဖြင့်း အိပ်စေလျက် နားတစ်ဘက်မှ တစ်ဘက်သို့ ပေါက်အောင် သံတံကျင်လျှိုကာ မြေကြီးနှင့် တစ်စပ်တည်း ရှိစေပြီးလျှင် ခြေတောက်မှ ကိုင်၍ တံခါးကျင်ကဲ့သို့ လှည့်လျက် နှိပ်စက်ညှင်းပန်းခြင်း ပြုစေသည်တို့ကို လည်းကောင်း၊ အရေအသားတို့ကို မပြတ်စေမူ၍ တင်းပုတ်တို့ဖြင့် အရိုးတို့ကို ထုရိုက်ကာ ဆံပင်တို့ကို ဆွဲကိုင် မြှောက်ပစ်လိုက်လျက် အသားစုချည်းသာ ဖြစ်သောအခါ ဆံပင်တို့ဖြင့် ချည်နှောင်ပြီးလျှင် ကောက်ရိုးထုံးကဲ့သို့ ဖြစ်အောင်ပြုလျက် နှိပ်စက်ညှင်းပန်းခြင်း ပြုစေသည်တို့ကို လည်းကောင်း၊ ကျိုက်ကျိုက်ဆူသော ဆီပူဖြင့် သွန်းလောင်းစေသည်တို့ကို လည်းကောင်း၊ နှစ်ရက် သုံးရက် အငတ်ထား၍ အလွန် ဆာလောင် မွတ်သိပ်နေသော ခွေးတို့ကို ကိုက်စားစေသည်တို့ကို လည်းကောင်း၊ အရှင်လတ်လတ် သံတံကျင်လျှိုစေသည် တို့ကိုလည်းကောင်း၊ သံလျက်ဖြင့် ဦးခေါင်းကို ဖြတ်စေသည်တို့ကို လည်းကောင်း တွေ့မြင်ရ၏။
ထိုသူအား ဤသို့သော ဆင်ခြင်ခြင်းသည်ဖြစ်၏ “ဤ အကြင်သို့ သဘောရှိကုန်သော မကောင်းမှုကံတို့၏ အကြောင်းကြောင့် မကောင်းမှုကို ပြုကျင့်သော ခိုးသူကို မင်းတို့သည် ဖမ်းဆီး၍ အမျိုးမျိုးသော နှိပ်စက်ညှင်းပန်းခြင်းတို့ကို ပြုစေကုန်၏။” နှင်တံတို့ဖြင့်ရိုက်နှက် စေကုန်၏၊ ကြိမ်လုံးတို့ဖြင့် ရိုက်နှက် စေကုန်၏၊ တုတ်တိုတို့ဖြင့် ရိုက်နှက် စေကုန်၏၊ လက်ကိုလည်းဖြန် စေကုန်၏၊ ခြေကိုလည်းဖြတ် စေကုန်၏၊ လက်ခြေတို့ကိုလည်း ဖြတ် စေကုန်၏၊ နားကိုလည်း ဖြတ် စေကုန်၏၊ နှာခေါင်းကိုလည်း ဖြတ် စေကုန်၏၊ နား နှားခေါင်းတို့ကိုလည်း ဖြတ် စေကုန်၏၊ ဦးထိပ်ကို ဖောက်ခွဲပြီးလျှင် ရဲရဲတောက်ပူသော သံတွေခဲကို ညှပ်ဖြင့်ယူ၍ ဦးခေါင်းထဲသို့ ထည့်လျက် ဦးနှောက်ကို ပအုံးရည်ကဲ့သို့ ကျိုက်ကျိုက်ဆူ၍ ကျအောင် နှိပ်စက်ညှင်းပန်းခြင်းကိုလည်း ပြုစေကုန်၏၊ အထက်နှုတ်ခမ်း နားရင်းနှစ်ဘက်နှင့် လည်ပင်းတိုင်အောင် အရေကို လှီးဖြတ်ထားပြီးလျှင် ဆံပင်ကို တစ်ပေါင်းတည်း တုတ်ဖြင့်ရစ်ပတ်၍ ဆံပင်နှင့်တကွ ဦးရေကို ဆွဲဆောင့်ဆုတ်ခွာ၍ ကျောက်စရစ်ခဲများဖြင့် ပွတ်တိုက် ဆေးကြောကာ ဦးပြည်းခေါင်းကို ခရုသင်း အဆင်းကဲ့သို့ ဖြစ်အောင်ပြုလျက် နှိပ်စက် ညှင်းပန်းခြင်း ကိုလည်း ပြုစေကုန်၏၊ ပါးစပ်ကို သံချွန်ဖြင့် ဖွင့်ထောက်၍ အတွင်း၌ မီးထွန်းကာ နေလကို ငုံထားသော ရာဟုခံတွင်းကဲ့သို့ ဖြစ်အောင်ပြုလျက် နှိပ်စက်ညှင်းပန်းခြင်းကိုလည်း ပြုစေကုန်၏၊ တစ်ကိုယ်လုံး အဝတ်ပတ်ပြီးလျှင် ဆီလောင်း၍ မီးရှို့လျက် မီးပန်းကုံးကဲ့သို့ ဖြစ်အောင်ပြုလျက် နှိပ်စက်ညှင်းပန်းခြင်းကိုလည်း ပြုစေကုန်၏၊ လက်တို့ကို အဝတ်ပတ်ပြီးလျှင် ဆီလောင်း၍ မီးရှို့လျက် လက်ဆီမီးတိုင်ကဲ့သို့ ဖြစ်အောင်ပြုလျက် နှိပ်စက်ညှင်းပန်းခြင်း ကိုလည်း ပြုစေကုန်၏၊ လည်ပင်းမှစ၍ အရေကို ခွာပြီးလျှင် ခြေကျင်းဝတ် ခြေမျက်စိပေါ်၌ ပုံထားလျက် လူကို လွန်ကြိုးနှင့်ဆွဲသဖြင့် မိမိ အရေကို မိမိ နင်းမိတိုင်း နင်းမိတိုင်း လဲ၍လဲ၍ သွားအောင်ပြုလျက် နှိပ်စက်ညှင်းပန်းခြင်း ကိုလည်း ပြုစေကုန်၏၊ လည်ပင်းမှစ၍ အရေကိုခွာပြီးလျှင် ခါးပေါ်၌ထား၍ ၎င်းခါးမှ စ၍ အရေကို ခွာပြီးလျှင် ခြေကျင်းဝတ် ခြေမျက်စိပေါ်၌ ထား၍လည်းကောင်း အထက်ပိုင်း အရေဖြင့် အောက်ပိုင်းကိုယ်ကို လျော်တေအဝတ် ဝတ်သကဲ့သို့ ဖြစ်အောင်ပြုလျက် နှိပ်စက်ညှင်းပန်းခြင်း ကိုလည်း ပြုစေကုန်၏၊ တံတောင်နှစ်ဘက် ဒူးနှစ်ဘက်တို့၌ သံထိပ် သံထူးခတ်၍ သံချွန်လေးခုစိုက်လျက် မြေ၌ တည်စေပြီးလျှင် သားကောင်းကို ဖုတ်ကင်သကဲ့သို့ ထက်ဝန်းကျင်မှ မီးဖြင့်ရှို့မြှိုက်ကာ နှိပ်စက်ညှင်းပန်းခြင်း ကိုလည်း ပြုစေကုန်၏၊ နှစ်ဘက်အသွားရှိသော သံချိတ်တို့ဖြင့် အရေအကြောအသားတို့ကို ခြစ်ခွာလျက် နှိပ်စက်ညှင်းပန်းခြင်း ကိုလည်း ပြုစေကုန်၏၊ ကျပ်ပြားမျှ ကျပ်ပြားမျှ အရေအကြော အသားများ ပြတ်ကျအောင် ခါးမှစ၍ တစ်ကိုယ်လုံးကို ထက်စွာသော ပဲကွပ်တို့ဖြင့် ခုတ်ရွေလျက် နှိပ်စက်ညှင်းပန်းခြင်း ကိုလည်း ပြုစေကုန်၏၊ ကိုယ်ကို တုတ်လက်နက်တို့ဖြင့် ရိုက်နှက်ပုတ်ခတ်ပြီးလျှင် သဲဆပ်ပြာရည် ပက်ကာ ဆတ်သွားသီးဖြင့် ပွတ်တိုက်၍ အရေအကြော အသားတို့ကို အရည်ပျော်ကျစေလျက် အရိုးချည်းသာ ကျန်သည့်တိုင်အောင် ပြုလျက် နှိပ်စက်ညှင်းပန်းခြင်း ကိုလည်း ပြုစေကုန်၏၊ မြေ၌ နံပါးတစ်ဘက်ဖြင့်း အိပ်စေလျက် နားတစ်ဘက်မှ တစ်ဘက်သို့ ပေါက်အောင် သံတံကျင်လျှိုကာ မြေကြီးနှင့် တစ်စပ်တည်း ရှိစေပြီးလျှင် ခြေတောက်မှ ကိုင်၍ တံခါးကျင်ကဲ့သို့ လှည့်လျက် နှိပ်စက်ညှင်းပန်းခြင်း ကိုလည်း ပြုစေကုန်၏၊ အရေအသားတို့ကို မပြတ်စေမူ၍ တင်းပုတ်တို့ဖြင့် အရိုးတို့ကို ထုရိုက်ကာ ဆံပင်တို့ကို ဆွဲကိုင် မြှောက်ပစ်လိုက်လျက် အသားစုချည်းသာ ဖြစ်သောအခါ ဆံပင်တို့ဖြင့် ချည်နှောင်ပြီးလျှင် ကောက်ရိုးထုံးကဲ့သို့ ဖြစ်အောင်ပြုလျက် နှိပ်စက်ညှင်းပန်းခြင်း ကိုလည်း ပြုစေကုန်၏၊ ကျိုက်ကျိုက်ဆူသော ဆီပူဖြင့်လည်း သွန်းလောင်းစေကုန်၏၊ နှစ်ရက် သုံးရက် အငတ်ထား၍ အလွန် ဆာလောင် မွတ်သိပ်နေသော ခွေးတို့ကိုလည်း ကိုက်စားစေကုန်၏၊ အရှင်လတ်လတ် သံတံကျင်လည်း လျှိုစေ ကုန်၏၊ သံလျက်ဖြင့်လည်း ဦးခေါင်းကို ဖြတ်စေကုန်၏။ ငါသည်လည်း ဤသို့ သဘောရှိသော မကောင်းမှုကို ပြုငြားအံ့ ငါ့ကိုလည်း မင်းတို့သည် ဖမ်းဆီး၍ ဤသို့ သဘောရှိသော အမျိုးမျိုးသော နှိပ်စက် ညှင်းပန်းခြင်းတို့ကို ပြုစေကုန်ရာ၏။ နှင်တံတို့ဖြင့်လည်း ရိုက်နှက်စေကုန်ရာ၏၊ Š ပ Š ၊ သံလျက်ဖြင့်လည်း ဦးခေါင်းကို ဖြတ်စေကုန်ရာ၏”ဟု ဆင်ခြင်၏။ ထိုသူသည် မျက်မှောက်ဘဝ၌ ဖြစ်သော အပြစ်မှ ကြောက်သည်ဖြစ်၍ သူတစ်ပါးတို့၏ ပစ္စည်းဥစ္စာထုပ်ကို လုယက် ခိုးယူ၍ မသွား။ ရဟန်းတို့ ဤအပြစ်ကို မျက်မှောက်ဘဝ၌ ဖြစ်သော အပြစ်ဟု ဆိုအပ်၏။
ရဟန်းတို့ တမလွန်ဘဝ၌ ဖြစ်လတံ့သော အပြစ်သည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် ဤသို့ ဆင်ခြင်၏။ “ကိုယ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့်၏ အကျိုးသည် တမလွန်ဘဝ၌ ဆင်းရဲသော, ယုတ်ညံ့သော အကျိုး ဖြစ်၏၊ နှုတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့်၏ အကျိုးသည် တမလွန်ဘဝ၌ ဆင်းရဲသော, ယုတ်ညံ့သော အကျိုး ဖြစ်၏၊ စိတ်ဖြင့် ကြံစည်အပ်သော မကောင်းသော အကျင့်၏ အကျိုးသည် တမလွန်ဘဝ၌ ဆင်းရဲသော, ယုတ်ညံ့သော အကျိုး ဖြစ်၏။ ငါသည်လည်း ကိုယ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်ငြားအံ့, နှုတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်ငြားအံ့, စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်ငြားအံ့ ငါသည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ပျက်စီး၍ ကျရာဖြစ်သော ငရဲသို့ မရောက်ရာသော အကြောင်းသည် အဘယ်မှာ ရှိအံ့နည်း”ဟု ဆင်ခြင်၏။ ထိုသူသည် တမလွန် ဘဝ၌ ဖြစ်လတံ့သော ဘေးကို ကြောက်သည်ဖြစ်၍ ကိုယ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့်ကို ပယ်စွန့်၍ ကိုယ်ဖြင့် ပြုအပ်သော ကောင်းသောအကျင့်ကို ဖြစ်စေ၏၊ နှုတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့်ကို ပယ်စွန့်၍ နှုတ်ဖြင့် ပြုအပ်သော ကောင်းသောအကျင့်ကို ဖြစ်စေ၏၊ စိတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့်ကို ပယ်စွန့်၍ စိတ်ဖြင့် ပြုအပ်သော ကောင်းသောအကျင့်ကို ဖြစ်စေ၏၊ မိမိကိုယ်ကို စင်ကြယ်စွာ စောင့်ရှောက်၏။ ရဟန်းတို့ ဤအပြစ်ကို တမလွန် ဘဝ၌ ဖြစ်လတံ့သော အပြစ်ဟု ဆိုအပ်၏။ ရဟန်းတို့ အပြစ်တို့သည် ဤနှစ်မျိုးတို့တည်း။
ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “မျက်မှောက်ဘဝ၌ ဖြစ်သောအပြစ်ကို ကြောက်ကုန်အံ့၊ တမလွန်ဘဝ၌ ဖြစ်လတံ့သော အပြစ်တို့ကို ကြောက်ကုန်အံ့၊ အပြစ်ကို ကြောက်သောသူ ဘေးကို မြင်သောသူတို့ ဖြစ်ကုန်အံ့”ဟု ကျင့်ရမည်။ ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည်။ ရဟန်းတို့ အပြစ်ကို ကြောက်သောသူ ဘေးကိုမြင်သောသူသည် အလုံးစုံသော အပြစ်တို့မှ လွတ်အံ့သော အကျိုးကိုသာ မချွတ် ရလိမ့်မည်ဟု မျှော်လင့်အပ်၏—ဟု မိန့်တော်မူ၏။
ပထမသုတ် ပြီး၏။