အင်္ဂုတ္တရနိကာယ်
(၁၃) ၃-ကုသိနာရဝဂ်
၈-ဒုတိယ အနုရုဒ္ဓသုတ်
၁၃၁။ ထိုအခါ အသျှင်အနုရုဒ္ဓါသည် အသျှင်သာရိပုတြာအထံသို့ ချဉ်းကပ်၍ အသျှင်သာရိပုတြာနှင့် အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်စကား) ပြောကြား၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေပြီးနောက် တစ်ခုသော နေရာ၌ ထိုင်လျက် “ငါ့သျှင်သာရိပုတြာ အကျွန်ုပ်သည် အထူး သဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ကို လွန်သော နတ်မျက်စိနှင့်တူသော မျက်စိ ‘ဒိဗ္ဗစက္ခု’ ဖြင့် တစ်ထောင်သော လောကဓာတ်ကို မြင်နိုင်ပါ၏၊ အကျွန်ုပ်သည် မတွန့်မဆုတ် လုံ့လကို အားထုတ်ပါ၏၊ မေ့လျော့ခြင်း မရှိမူ၍ သတိသည် ထင်ပါ၏၊ ကိုယ်သည် ပူပန်ခြင်းမရှိ ငြိမ်းအေးပါ၏၊ စိတ်သည် တစ်ခုတည်းသော အာရုံရှိသည်ဖြစ်၍ ကောင်းစွာ တည်ပါ၏၊ ထိုသို့ ဖြစ်ပါလျက်လည်း အကျွန်ုပ်၏ စိတ်သည် တဏှာ ဒိဋ္ဌိတို့ဖြင့် မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ မလွတ်ကင်းသေးပါ”ဟု လျှောက်၏။
ငါ့သျှင်အနုရုဒ္ဓါ “ငါသည် အထူးသဖြင့် စင်ကြယ်၍ လူတို့၏ မျက်စိအမြင်ကို လွန်သော နတ် မျက်စိနှင့် တူသော မျက်စိ ‘ဒိဗ္ဗစက္ခု’ ဖြင့် တစ်ထောင်သော လောကဓာတ်ကို မြင်နိုင်၏”ဟု ဤသို့ အကြံဖြစ်ခြင်းသည်ပင် သင့်အား မာန ဖြစ်နေ၏၊ ငါ့သျှင်အနုရုဒ္ဓါ “ငါသည် မတွန့်မဆုတ်လုံ့လကို အား ထုတ်၏၊ မေ့လျော့ခြင်း မရှိမူ၍ သတိသည် ထင်၏၊ ကိုယ်သည် ပူပန်ခြင်းမရှိ ငြိမ်းအေး၏၊ စိတ်သည် တစ်ခုတည်းသော အာရုံရှိသည်ဖြစ်၍ တည်ကြည်၏”ဟု ဤသို့ အကြံဖြစ်ခြင်းသည်ပင် သင့်အား စိတ်ပျံ ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ ဖြစ်နေ၏၊ ငါ့သျှင် အနုရုဒ္ဓါ ထိုသို့ဖြစ်ပါလျက် “ငါ၏ စိတ်သည် တဏှာ ဒိဋ္ဌိတို့ဖြင့် မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ မလွတ်ကင်းသေးပါ”ဟု ဤသို့ အကြံဖြစ်ခြင်းသည်ပင် သင့်အား တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်နေ၏။ တိုက်တွန်းပါ၏၊ အသျှင်အနုရုဒ္ဓါသည် ဤတရားသုံးမျိုးတို့ကို ပယ်စွန့်၍ ဤတရားသုံးမျိုးလုံးတို့ကို နှလုံးမသွင်းမူ၍ အမြိုက် (နိဗ္ဗာန်) ဓာတ်သို့ စိတ်ကို ပို့ဆောင်ပါ လော့ဟု မိန့်ဆို၏။
ထိုသို့မိန့်ဆိုပြီးနောက် အသျှင်အနုဒ္ဓါသည် အခါတစ်ပါး၌ ဤတရားသုံးမျိုးတို့ကို ပယ်စွန့်လျက် ဤတရားသုံးမျိုးတို့ကို နှလုံးမသွင်းဘဲ အမြိုက် (နိဗ္ဗာန်) ဓာတ်သို့ စိတ်ကို ပို့ဆောင်၏။ ထိုအခါ အသျှင် အနုရုဒ္ဓါသည် တစ်ပါးတည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ပြင်းစွာအားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသည်ရှိသော် ကောင်းစွာသာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြသော အမျိုးကောင်းသားတို့ လိုလားအပ်သော အတုမရှိသော မြတ်သောအကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်ကို မကြာမီ ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤ(မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့ပြီ”ဟု ထူးသော ဉာဏ်ဖြင့် သိ၏။ အသျှင်အနုရုဒ္ဓါသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေသတည်း။
အဋ္ဌမသုတ်။