အင်္ဂုတ္တရနိကာယ်
၂-ရထကာရဝဂ်
၆-အပဏ္ဏကသုတ်
၁၆။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မချွတ်မယွင်းသော အကျင့်ကို ကျင့်သူဖြစ်၏၊ ထိုရဟန်းသည် သင့်လျော်သော အကြောင်းအားဖြင့် အာသဝေါတရားတို့၏ ကုန်ခန်းခြင်း အကြောင်းကို အားထုတ်အပ်ပြီးသည် မည်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် ဣန္ဒြေတို့၌ ပိတ်ထားအပ်သော တံခါးရှိ၏၊ အစားအစာတို့၌ အတိုင်းအရှည်ကို သိ၏၊ နိုးကြားမှု၌ အမြဲယှဉ်၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဣန္ဒြေတို့၌ ပိတ်ထားအပ်သော တံခါးရှိသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် ရူပါရုံကို မြင်သော် (ယောကျာ်းမိန်းမစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့ မရှိ၊ (လက် ခြေ စသော အင်္ဂါ ပြုံးဟန် ရယ်ဟန် စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့ မရှိ။ အကယ်၍ စက္ခုန္ဒြေကို မစောင့်စည်းဘဲ နေလျှင် ယင်း (စက္ခုန္ဒြေကို မစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထို မစောင့်စည်းသူကို အစဉ် လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထို့ကြောင့် ထိုရဟန်းသည် ထို စက္ခုန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကို စောင့်ရှောက်၏၊ စက္ခုန္ဒြေ၌့စောင့်စည်းခြင်းသို့ ရောက်၏။ နားဖြင့် သဒ္ဒါရုံကို ကြားသော်။ နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်းသော်။ လျှာဖြင့် ရသာရုံကို လျက်သော်။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိ သော်။ စိတ်ဖြင့် ဓမ္မာရုံကို သိသော် (ယောကျာ်းမိန်းမစသော) သဏ္ဌာန် နိမိတ်ကို စွဲယူလေ့ မရှိ၊ (လက် ခြေ စသော အင်္ဂါပြုံးဟန် ရယ်ဟန် စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့ မရှိ။ အကယ်၍ မနိန္ဒြေကို မစောင့်စည်းဘဲ နေလျှင် ယင်း (မနိန္ဒြေကို မစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရား ယုတ်တို့သည် ထို မစောင့်စည်းသူကို လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထို့ကြောင့် ထိုရဟန်းသည် ထို မနိန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ မနိန္ဒြေကို စောင့်ရှောက်၏၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။ ရဟန်း တို့ ဤသို့လျှင် ရဟန်းသည် ဣန္ဒြေတို့၌ ပိတ်ထားအပ်သော တံခါးရှိ၏။
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အစားအစာ၌ အတိုင်းအရှည်ကို သိသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သင့်လျော်သော အကြောင်းအားဖြင့် ဆင်ခြင်၍ အာဟာရကို သုံးဆောင်၏၊ မြူးထူးရန် မာန်ယစ်ရန် တန်ဆာဆင်ရန် အရေအဆင်း ဖွံ့ဖြိုးတိုးပွါးရန် (အစားအစာကို မှီဝဲသည်) မဟုတ်၊ ဤကိုယ် တည်တံ့ရန်မျှသာ မျှတရန်မျှသာ ဆာလောင်မွတ်သိပ်ခြင်း ဆင်းရဲကင်း ပျောက်ရန်မျှသာ မြတ်သော အကျင့်ကို ချီးမြှောက်ရန်မျှသာ အာဟာရကို သုံးဆောင်၏၊ ဤသို့ သုံးဆောင်ခြင်းဖြင့် ဝေဒနာဟောင်းကိုလည်း ပယ်ဖျောက်အံ့၊ ဝေဒနာသစ်ကိုလည်း မဖြစ်စေအံ့၊ ငါ့အား မျှတခြင်း အပြစ်မရှိခြင်းနှင့် ချမ်းသာစွာ နေရခြင်းသည် ဖြစ်ပေလိမ့်မည်ဟု အာဟာရကို သုံးဆောင်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အစားအစာတို့၌ အတိုင်းအရှည်ကို သိ၏။
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် နိုးကြားမှု၌ အမြဲယှဉ်သနည်း၊ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် နေ့အခါ၌ စကြံသွားခြင်း ထိုင်ခြင်းဖြင့် (ကုသိုလ်တရားကို) ပိတ်ပင်တားမြစ်တတ် ကုန်သော ‘နီဝရဏ’တရားတို့မှ စိတ်ကို သုတ်သင်၏။ ညဉ့်ဦးယံ၌ စကြံသွားခြင်း ထိုင်ခြင်းဖြင့် (ကုသိုလ်တရားတို့ကို) ပိတ်ပင်တား မြစ်တတ်ကုန်သော ‘နီဝရဏ’တရားတို့မှ စိတ်ကို သုတ်သင်၏။ သန်းခေါင်ယံ၌ (လကျာ်) ခြေပေါ်၌ (လက်ဝဲ) ခြေကို စဉ်းငယ်လွန်ကာ တင်ထား၍ သတိရှိလျက် ဆင်ခြင် ဉာဏ်ရှိလျက် (မည်သည့်အချိန်၌) ထအံ့ဟု နှလုံးသွင်းပြီးလျှင် လကျာ်နံတောင်းဖြင့် မြတ်သော လျောင်း စက်ခြင်းကို ပြု၏။ မိုးသောက်ယံ၌ စောစောထ၍ စကြံသွားခြင်း ထိုင်ခြင်းဖြင့် (ကုသိုလ်တရားကို) ပိတ်ပင် တားမြစ်တတ်ကုန်သော ‘နီဝရဏ’တရားတို့မှ စိတ်ကို သုတ်သင်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် နိုးကြားမှု၌ အမြဲယှဉ်၏။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မချွတ်မယွင်းသော အကျင့်ကို ကျင့်သူ ဖြစ်၏၊ ထိုရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခန်းခြင်း အကြောင်းကို အားထုတ်အပ်ပြီးသည် မည်၏ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။