အင်္ဂုတ္တရနိကာယ်

၃-ပုဂ္ဂလဝဂ်

၅-ဝဇိရူပမသုတ်

၂၅။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— အမာဟောင်းနှင့်တူသော စိတ်ရှိသော ပုဂ္ဂိုလ်လည်းကောင်း၊ လျှပ်စစ်နှင့်တူသော စိတ်ရှိသော ပုဂ္ဂိုလ်လည်းကောင်း၊ ဝဇီရစိန်နှင့်တူသော စိတ်ရှိသော ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ရဟန်းတို့ အမာ ဟောင်းနှင့်တူသော စိတ်ရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အမျက်ထွက်တတ်၏၊ ပြင်းစွာ ပင်ပန်းခြင်းများ၏၊ အနည်းငယ် ပြောဆိုရုံမျှဖြစ်သော်လည်း ကပ်ငြိတတ်၏၊ အမျက်ထွက်တတ်၏၊ စိတ်နာတတ်၏၊ ခက်ထန်တတ်၏။ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ ပြစ်မှားခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်စွာပြုတတ်၏၊ ရဟန်းတို့ အမာဟောင်းသည် သစ်သားစဖြင့်သော်လည်းကောင်း၊ အိုးခြမ်းကွဲဖြင့်သော်လည်းကောင်း၊ ထိခိုက်မိသော် လွန်လွန်ကဲကဲ (သွေး ပြည် အရိအရွဲတို့) ယိုထွက်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အမျက်ထွက်တတ်၏၊ ပြင်းစွာ ပင်ပန်းခြင်းများ၏၊ အနည်းငယ် ပြောဆိုရုံမျှ ဖြစ်သော်လည်း ကပ်ငြိတတ်၏၊ အမျက်ထွက်တတ်၏၊ စိတ်နာတတ်၏၊ ခက်ထန်တတ်၏။ အမျက်ထွက့်ခြင်းကိုလည်းကောင်း၊ ပြစ်မှားခြင်းကိုလည်းကောင်း၊ နှစ်သက်ခြင်းကိုလည်းကောင်း ထင်စွာပြုတတ်၏၊ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို အမာဟောင်းနှင့်တူသော စိတ်ရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။

ရဟန်းတို့ လျှပ်စစ်နှင့်တူသော စိတ်ရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်မှန်သောအတိုင်း သိ၏၊ “ဤကား ဆင်းရဲဖြစ်ကြောင်းတည်း”ဟုဟုတ်မှန်သောအတိုင်း သိ၏၊ “ဤကား ဆင်းရဲချုပ်ရာ ‘နိဗ္ဗာန်’တည်း”ဟုဟုတ်မှန် သောအတိုင်း သိ၏။ “ဤကား ဆင်းရဲချုပ်ရာ ‘နိဗ္ဗာန်’သို့ ရောက်ကြောင်းအကျင့်တည်း”ဟုဟုတ်မှန် သောအတိုင်း သိ၏၊ ရဟန်းတို့ မျက်စိအမြင်ရှိသော ယောကျာ်းသည် အလွန်မှောင်မိုက်သော ညဉ့်၌ လျှပ်စစ်ပြက်သော ခဏဝယ် ရူပါရုံတို့ကို မြင်ရာသကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်မှန်သောအတိုင်း သိ၏၊ “ဤကား ဆင်းရဲဖြစ်ကြောင်းတည်း”ဟုဟုတ်မှန်သောအတိုင်း သိ၏၊ “ဤကား ဆင်းရဲချုပ်ရာ ‘နိဗ္ဗာန်’တည်း”ဟုဟုတ်မှန် သောအတိုင်း သိ၏၊ “ဤကား ဆင်းရဲချုပ်ရာ ‘နိဗ္ဗာန်’သို့ ရောက်ကြောင်း အကျင့်တည်း”ဟုဟုတ်မှန် သောအတိုင်း သိ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို လျှပ်စစ်နှင့် တူသော စိတ်ရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။

ရဟန်းတို့ ဝဇီရစိန်နှင့်တူသော စိတ်ရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော၊ ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ် ပညာကို ထူးသော ဉာဏ်ဖြင့် သိသည်ဖြစ်၍ မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ ရဟန်းတို့ ဝဇိရစိန် ဖြင့် မခွဲမဖျက်နိုင်သော တစ်စုံတစ်ရာသော ပတ္တမြားသည်လည်းကောင်း၊ ကျောက်သည်လည်းကောင်း မရှိ သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့်။ပ။ ရောက်လျက် နေ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ဝဇိရစိန်နှင့်တူသော စိတ်ရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။