အင်္ဂုတ္တရနိကာယ်

၃-ပုဂ္ဂလဝဂ်

၄-ဗဟုကာရသုတ်

၂၄။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် အခြားပုဂ္ဂိုလ်အား များစွာ ကျေးဇူးရှိကုန်၏။ အဘယ် သုံးမျိုးတို့နည်းဟူမူ— ရဟန်းတို့ အကြင် ပုဂ္ဂိုလ်ကို အကြောင်းပြု၍ အခြားပုဂ္ဂိုလ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟု ဆည်းကပ်၏၊ တရားတော်ကို ကိုးကွယ်ရာဟု ဆည်းကပ်၏၊ သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သည် အခြားပုဂ္ဂိုလ်အား များစွာ ကျေးဇူးရှိ၏။

ရဟန်းတို့ နောက်တစ်မျိုးကား အကြင် ပုဂ္ဂိုလ်ကို အကြောင်းပြု၍ အခြားပုဂ္ဂိုလ်သည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်မှန်သောအတိုင်း သိ၏၊ “ဤကား ဆင်းရဲဖြစ်ကြောင်းတည်း”ဟုဟုတ်မှန်သော အတိုင်း သိ၏၊ “ဤကား ဆင်းရဲချုပ်ရာ ‘နိဗ္ဗာန်’တည်း”ဟုဟုတ်မှန်သောအတိုင်း သိ၏၊ “ဤကား ဆင်းရဲချုပ်ရာ ‘နိဗ္ဗာန်’ သို့ ရောက်ကြောင်း အကျင့်တည်း”ဟုဟုတ်မှန်သောအတိုင်း သိ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သည် အခြားပုဂ္ဂိုလ်အား များစွာ ကျေးဇူးရှိ၏။

ရဟန်းတို့ နောက်တစ်မျိုးကား အကြင် ပုဂ္ဂိုလ်ကို အကြောင်းပြု၍ အခြားပုဂ္ဂိုလ်သည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော၊ ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကို ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သည် အခြားပုဂ္ဂိုလ်အား များစွာ ကျေးဇူးရှိ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးသည် အခြားပုဂ္ဂိုလ်အား များစွာ ကျေးဇူးရှိကုန်၏။

ရဟန်းတို့ ဤပုဂ္ဂိုလ်အား ဤပုဂ္ဂိုလ်သုံးမျိုးတို့မှ တစ်ပါး များစွာကျေးဇူးရှိသည့် အခြားပုဂ္ဂိုလ်ကား မရှိဟု ငါဆို၏၊ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့အား ဤအခြားပုဂ္ဂိုလ်သည် ရှိခိုးခြင်း ခရီးဦး ကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ဖြစ်သော ဆေးပစ္စည်း တို့ဖြင့် ချီးမြှောက်ခြင်းဖြင့် ကောင်းစွာ ကျေးဇူးတုံ့ပြန်ခြင်းငှါ မလွယ်ဟု ငါဆို၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။