အင်္ဂုတ္တရနိကာယ်

၁-ဗာလဝဂ်

၄-အစ္စယသုတ်

၄။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသူကို သူမိုက်ဟု သိအပ်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— မိမိအပြစ်ကို အပြစ်အားဖြင့် မရှုခြင်း၊ မိမိအပြစ်ကို အပြစ်အားဖြင့် ရှုသော်လည်းတရား အလျောက် မကုစား၊ သူတစ်ပါးသည် အပြစ်ကို ဝန်ခံ၍ ပြောလာပါလျက်တရားအလျောက် မခံယူ။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသောသူကို သူမိုက်ဟု သိအပ်၏။

ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို ပညာရှိဟု သိအပ်၏။ အဘယ်သုံးမျိုး တို့နည်းဟူမူ— မိမိအပြစ်ကို အပြစ်အားဖြင့် ရှု၏၊ မိမိ၏ အပြစ်ကို အပြစ်အားဖြင့် ရှု၍တရား အလျောက် ကုစား၏၊ သူတစ်ပါးသည် အပြစ်ကို ဝန်ခံ၍ ပြောလာသော်တရားအလျောက် ခံယူ၏။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို ပညာရှိဟု သိအပ်၏။ ရဟန်းတို့ ထို့ကြောင့်။ပ။

စတုတ္ထသုတ်။