အင်္ဂုတ္တရနိကာယ်
၁-ဗာလဝဂ်
၅-အယောနိသောသုတ်
၅။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို သူမိုက်ဟု သိအပ်၏။ အဘယ်သုံးမျိုး တို့နည်းဟူမူ— မသင့်လျော်သော အကြောင်းအားဖြင့် အမေးပြဿနာကို ပြုတတ်၏။ မသင့်လျော်သော အကြောင်းအားဖြင့် အမေးပြဿနာကို ဖြေတတ်၏။ ထက်ဝန်းကျင် ပြည့်စုံကုန်သော ပြေပြစ်ကုန်သော အကြောင်းအကျိုး ဆက်စပ်ကုန်သော ပုဒ် ဗျည်းတို့ဖြင့် သင့်လျော်သော အကြောင်းအားဖြင့် သူတစ်ပါး ဖြေဆိုအပ်သည်ကို ဝမ်းမြောက် ဝမ်းသာ ကောင်းချီး မပေးတတ်။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို သူမိုက်ဟု သိအပ်၏။
ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို ပညာရှိဟု သိအပ်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— သင့်လျော်သော အကြောင်းအားဖြင့် အမေးပြဿနာကို ပြုတတ်၏။ သင့်လျော်သော အကြောင်းအားဖြင့် အမေးပြဿနာကို ဖြေတတ်၏။ ထက်ဝန်းကျင် ပြည့်စုံကုန်သော ပြေပြစ်ကုန်သော အကြောင်း အကျိုး ဆက်စပ်ကုန်သော ပုဒ် ဗျည်းတို့ဖြင့် သင့်လျော်သော အကြောင်းအားဖြင့် သူတစ်ပါး ဖြေဆိုထားသည်ကို ဝမ်းမြောက် ဝမ်းသာ ကောင်းချီးပေးတတ်၏။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသူကို ပညာရှိဟု သိအပ်၏။ ရဟန်းတို့ ထို့ကြောင့်။ပ။
ပဉ္စမသုတ်။