အင်္ဂုတ္တရနိကာယ်

၅-စူဠဝဂ်

၁၁-မဟာစောရသုတ်

၅၁။ ရဟန်းတို့ အင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ခိုးသူကြီးတို့သည် အိမ်ကိုသော်လည်း ဖောက်ထွင်း၏၊ ရွာကိုသော်လည်း တိုက်ခိုက်လုယက်၏၊ တစ်အိမ်တည်းကိုသော်လည်း တိုက်ခိုက် လုယက်၏၊ ခရီးလမ်း၌ စောင့်၍သော်လည်း တိုက်ခိုက်လုယက်၏၊ အဘယ်သုံးမျိုးနည်းဟူမူ— ရဟန်းတို့ ဤလောက၌ ခိုးသူကြီးသည် မညီညွတ်သည်ကိုသော်လည်း အမှီရ၏၊ တောအုပ်ကိုသော်လည်း အမှီရ၏၊ အားကြီးသူကိုသော်လည်း အမှီရ၏။ ရဟန်းတို့ အဘယ်သို့လျှင် ခိုးသူကြီးသည် မညီညွတ်သည်ကို အမှီရ သနည်း၊ ရဟန်းတို့ ဤလောက၌ ခိုးသူကြီးသည် သွားလာကူးခက်သော မြစ်ကိုသော်လည်းကောင်း၊ မညီညွတ်သော တောင်ကိုသော်လည်းကောင်း အမှီရ၏။ ရဟန်းတို့ ဤသို့လျှင် ခိုးသူကြီးသည် မညီညွတ်သည်ကို အမှီရသည် မည်၏။ ရဟန်းတို့ အဘယ်သို့လျှင် ခိုးသူကြီးသည် တောအုပ်ကို အမှီရသနည်း၊ ရဟန်းတို့ ဤလောက၌ ခိုးသူကြီးသည် မြက်တောကိုသော်လည်းကောင်း၊ သစ်တောကိုသော်လည်းကောင်း၊ ထူထဲသော တောအုပ်ကိုသော်လည်းကောင်း၊ တောအုပ်ကြီးကိုသော်လည်းကောင်း အမှီရ၏။ ရဟန်းတို့ ဤသို့လျှင် ခိုးသူကြီးသည် တောကို အမှီရ၏။ ရဟန်းတို့ အဘယ်သို့လျှင် ခိုးသူကြီးသည် အားကြီးသူကို အမှီရသနည်း၊ ရဟန်းတို့ ဤလောက၌့ခိုးသူကြီးသည် မင်းတို့ကိုသော်လည်းကောင်း၊ မင်း၏ အမတ် ကြီးတို့ကိုသော်လည်းကောင်း အမှီရ၏၊ ထို ခိုးသူကြီးအား “ငါ့ကို တစ်စုံတစ်ယောက်သောသူသည် တစ်စုံ တစ်ရာကို ပြောငြားအံ့၊ ဤမင်းတို့ကသော်လည်းကောင်း၊ မင်း၏ အမတ်ကြီးတို့ကသော်လည်းကောင်း အပြစ်ကို ကာကွယ်၍ ငါ့အကျိုးကို ပြောကြားကုန်လတ္တံ့”ဟု အကြံဖြစ်၏၊ တစ်စုံတစ်ယောက်သော သူသည် တစ်စုံတစ်ရာကို အကယ်၍ ပြောအံ့၊ ထို မင်းတို့ကသော်လည်းကောင်း၊ ထို မင်း၏ အမတ်ကြီးတို့ ကသော်လည်းကောင်း အပြစ်ကို ကာကွယ်၍ ထို ခိုးသူကြီး၏ အကျိုးကို ပြောကုန်၏။ ရဟန်းတို့ ဤသို့လျှင် ခိုးသူကြီးသည် အားကြီးသူကို အမှီ ရ၏။ ရဟန်းတို့ ဤအင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ခိုးသူကြီးသည် အိမ်ကိုသော်လည်း ဖောက်ထွင်း၏၊ ရွာကိုသော်လည်း တိုက်ခိုက်လုယက်၏၊ တစ်အိမ်တည်း ကိုသော်လည်း တိုက်ခိုက်လုယက်၏၊ ခရီးလမ်း၌ စောင့်၍သော်လည်း တိုက်ခိုက်လုယက်၏။

ရဟန်းတို့ ဤအတူသာလျှင် အင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းယုတ်သည် ဂုဏ်ကို တူးဖြို ဖျက်ဆီးခြင်းဖြင့် တူးဖြိုဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်၏၊ အပြစ်လည်း ရှိ၏၊ ပညာရှိတို့လည်း စွပ်စွဲ အပ်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းယုတ်သည် မညီညွတ်သည်ကိုသော်လည်း အမှီရ၏၊ တောအုပ်ကို သော်လည်း အမှီရ၏၊ အားကြီးသူကိုသော်လည်း အမှီရ၏။ ရဟန်းတို့ ရဟန်းယုတ်သည် အဘယ်သို့ လျှင် မညီညွတ်သည်ကို အမှီရသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းယုတ်သည် မညီညွတ်သော ကာယကံနှင့် ပြည့်စုံ၏၊ မညီညွတ်သော ဝစီကံနှင့် ပြည့်စုံ၏၊ မညီညွတ်သော မနောကံနှင့် ပြည့်စုံ၏၊ ရဟန်းတို့ ဤသို့လျှင် ရဟန်းယုတ်သည် မညီညွတ်သည်ကို အမှီရသည် မည်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းယုတ်သည် တောအုပ်ကို အမှီရသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းယုတ်သည် မှားသော အယူရှိ၏၊ သဿတစသည်ဖြင့် စွဲယူသော ‘အန္တဂ္ဂါဟိက’ ဒိဋ္ဌိနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းယုတ်သည် တောအုပ်ကို အမှီရသည် မည်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းယုတ်သည် အားကြီးသူကို အမှီရသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းယုတ်သည် မင်းတို့ကိုသော်လည်းကောင်း၊ မင်း၏ အမတ်ကြီးတို့ကိုသော်လည်းကောင်း အမှီရ၏၊ ထိုရဟန်းယုတ်အား “ငါ့ကို တစ်စုံတစ်ယောက်သောသူသည် တစ်စုံတစ်ရာကို အကယ်၍ ပြောအံ့၊ ဤမင်းတို့ကသော်လည်းကောင်း၊ ဤမင်း၏ အမတ်ကြီးတို့ကသော်လည်းကောင်း အပြစ်ကို ကာကွယ်၍ ငါ့အကျိုးကို ပြောကုန်လတ္တံ့”ဟု အကြံဖြစ်၏၊ တစ်စုံတစ်ယောက်သော သူသည် တစ်စုံ တစ်ရာကို အကယ်၍ ပြောအံ့၊ ထို မင်းတို့ကသော်လည်းကောင်း၊ ထို မင်း၏ အမတ်ကြီးတို့ကသော်လည်းကောင်း အပြစ်ကို ကာကွယ်၍ ထိုရဟန်းယုတ်၏ အကျိုးကို ပြောကြကုန်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းယုတ်သည် အားကြီးသူကို အမှီရသည် မည်၏။ ရဟန်းတို့ ဤအင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းယုတ်သည် ဂုဏ်ကို တူးဖြိုဖျက်ဆီးခြင်းဖြင့် တူးဖြိုဖျက် ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်၏၊ အပြစ်လည်း ရှိ၏၊ ပညာရှိတို့လည်း စွပ်စွဲအပ်၏၊ များစွာသော မကောင်းမှုတို့ကိုလည်း ဖြစ်ပွါးစေ၏ဟု (မိန့်တော်မူ၏)။

ဧကဒသမသုတ်။

ငါးခုမြောက် စူဠဝဂ် ပြီး၏။

ပဌမ သုတ်ငါးဆယ် ပြီး၏။