အင်္ဂုတ္တရနိကာယ်

(၈) ၃-အာနန္ဒဝဂ်

၅-နိဝေသကသုတ်

၇၆။ ထိုအခါ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်အာနန္ဒာအား မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏— အာနန္ဒာ မိတ်ဆွေတို့ကို ဖြစ်စေ ချစ်ကျွမ်းဝင်သူတို့ကို ဖြစ်စေ ဆွေမျိုးသားချင်းတို့ကို ဖြစ်စေ စောင့်ရှောက် လိုကုန်မူ ယင်းမိတ်ဆွေ ခင်ပွန်းတို့ကလည်း (သင်တို့၏စကားကို) နာယူထိုက်၏ဟု မှတ်ထင် အောက်မေ့စေလိုကုန်မူ သင်တို့သည် ထိုသူတို့ကို သုံးမျိုးသော ဌာနတို့၌ ဆောက်တည်စေအပ် သွင်းထားအပ် တည်စေအပ်ကုန်၏။ အဘယ် သုံးမျိုးတို့နည်းဟူမူ— “ထို မြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏၊ ကောင်းသောစကားကို့ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရော ပုရိသဒမ္မသာရထိ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုး ကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏”ဟု ဤသို့ မြတ်စွာဘုရား၌ မတုန်မလှုပ် ယုံကြည်ခြင်း၌ ဆောက်တည်စေအပ် သွင်းထားအပ် တည်စေအပ်ကုန်၏။

“တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားသော တရားတော်ပါပေတည်း၊ ကိုယ်တိုင် သိမြင်အပ်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးပေးသော တရားတော်ပါပေတည်း၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်သော တရားတော်ပါပေတည်း၊ မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထား ထိုက်သော တရားတော်ပါပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သော တရားတော်ပါပေတည်း။ ဤသို့တရားတော်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း၌ ဆောက်တည်စေအပ် သွင်းထားအပ် တည်စေအပ်ကုန်၏။

“မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ကောင်းသော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ဖြောင့်မတ်သော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် မှန်သောအကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာ တော်သည် လျော်ကန်သော အကျင့်ရှိတော်မူပါပေ၏၊ အစုံအားဖြင့် လေးစုံ, ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါးအရေ အတွက်ရှိသော မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တော်မူပါပေ၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ခံတော်မူထိုက်ပါပေ၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံတော်မူထိုက်ပါပေ၏၊ လက်အုပ်ချီခြင်းငှါ ထိုက်ပါပေ၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်တော်မူပါပေ၏”ဟု ဤသို့ သံဃာတော်၌ မတုန်မလှုပ် ယုံံကြည်ခြင်း၌ ဆောက်တည်စေအပ် သွင်းထားအပ် တည်စေအပ်ကုန်၏။

အာနန္ဒာ ပထဝီ အာပေါ တေဇော ဝါယော ဓာတ်ကြီးလေးပါးတို့၏ တစ်ပါးသော အခြင်းအရာ အားဖြင့် ဖြစ်ခြင်းသည် ဖြစ်နိုင်ရာသေး၏၊ မြတ်စွာဘုရား၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံ နေသော အရိယာသာဝကအား တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသည်ကား မဖြစ်နိုင်ရာသည် သာတည်း။ ထို စကား၌ ဤကား တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ပုံတည်း။ အာနန္ဒာ မြတ်စွာဘုရား၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံသော ထို အရိယာသာဝကသည် ငရဲသို့ ဖြစ်စေ တိရစ္ဆာန်ဘုံသို့ ဖြစ်စေ ပြိတ္တာဘုံသို့ ဖြစ်စေ ဖြစ်ရလတ္တံ့။ ဤသို့ တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းဟူသော ထို အကြောင်းသည် မရှိချေ။

အာနန္ဒာ ပထဝီ အာပေါ တေဇော ဝါယော ဓာတ်ကြီးလေးပါးတို့၏ တစ်ပါးသော အခြင်းအရာ အားဖြင့် ဖြစ်ခြင်းသည် ဖြစ်နိုင်ရာသေး၏၊ တရားတော်၌။ပ။ သံဃာတော်၌ မတုန်မလှုပ် သက်ဝင် ယုံကြည်ခြင်းနှင့် ပြည့်စုံသော အရိယာသာဝကအား တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသည်ကား မဖြစ်နိုင်ရာသည်သာတည်း။ ထို စကား၌ ဤကား တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ပုံတည်း။ အာနန္ဒာ သံဃာတော်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံသော ထို အရိယာသာဝကသည် ငရဲသို့ ဖြစ်စေ တိရစ္ဆာန်ဘုံသို့ ဖြစ်စေ ပြိတ္တာ ဘုံသို့ဖြစ်စေ ဖြစ်ရလတ္တံ့။ ဤသို့တစ်ပါးသော အခြင်း အရာအားဖြင့် ဖြစ်ခြင်းဟူသော ထို အကြောင်းသည် မရှိချေ။

အာနန္ဒာ မိတ်ဆွေတို့ကို ဖြစ်စေ ချစ်ကျွမ်းဝင်သူတို့ကို ဖြစ်စေ ဆွေမျိုးသားချင်းတို့ကို ဖြစ်စေ စောင့်ရှောက်လိုကုန်မူ ယင်းမိတ်ဆွေခင်ပွန်းတို့ကိုလည်း (သင်တို့၏ စကားကို) နာယူထိုက်၏ဟု မှတ်ထင့်အောက်မေ့စေလိုကုန်မူ သင်တို့သည် ထိုသူတို့ကို ဤသုံးမျိုးသော ဌာနတို့၌ ဆောက်တည်စေအပ် သွင်းထားအပ် တည်စေအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။