အင်္ဂုတ္တရနိကာယ်

(၈) ၃-အာနန္ဒဝဂ်

၄-နိဂဏ္ဌသုတ်

၇၅။ အခါတစ်ပါး၌ အသျှင်အာနန္ဒာသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အဘယလိစ္ဆဝီမင်းနှင့် ပဏ္ဍိတကုမာရကလိစ္ဆဝီမင်း တို့သည် အသျှင်အာနန္ဒာအထံသို့ ချဉ်းကပ်ကြ၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် အဘယ လိစ္ဆဝီမင်းသည် အသျှင်အာနန္ဒာအား— “အသျှင်ဘုရား နာဋပုတ္တတက္ကတွန်းသည်တရားအားလုံးကို သိ၏၊ တရားအားလုံးကို မြင်၏ ‘သွားလာနေစဉ်လည်းကောင်း၊ ရပ်တည်နေစဉ်လည်းကောင်း၊ အိပ်နေစဉ်လည်းကောင်း၊ နိုးကြားနေစဉ်လည်းကောင်း ငါ့အား အခါခပ်သိမ်း ဉာဏ်အမြင်သည် ရှေးရှုထင်နေ၏’ဟု အကြွင်းအကျန်မရှိသော ဉာဏ်အမြင်ကို ဝန်ခံ၏၊ ထို တက္ကတွန်းသည် ခြိုးခြံသော အကျင့်ဖြင့် ကံဟောင်း တို့၏ ပျက်စီးခြင်းကို ပညတ်၏၊ မပြုလုပ်ခြင်းဖြင့် ကံသစ်တို့၏ အကြောင်းကို သတ်ခြင်းကို ပညတ်၏၊ ဤသို့ ကံကုန်ခြင်းကြောင့် ဆင်းရဲကုန်ဆုံး၏၊ ဆင်းရဲကုန်ဆုံးခြင်းကြောင့် ခံစားမှုကုန်ဆုံး၏၊ ခံစားမှု ကုန်ဆုံးခြင်းကြောင့် ဆင်းရဲအားလုံး ဆွေးမြေ့ကုန်ဆုံးရမည်၊ ဤသို့ ကိုယ်တိုင်ရှုအပ်သော (ကိလေသာ) တို့ကို ဆွေးမြေ့ကုန်ဆုံးစေတတ်သည့် ထို စင်ကြယ်သော အကျင့်ဖြင့် (ဝဋ်ဆင်းရဲကို) လွန်မြောက်၏ဟု ဟော၏။ အသျှင်ဘုရား ဤအရာ၌ မြတ်စွာဘုရားသည် အဘယ်သို့ ဟောတော်မူပါသနည်း”ဟု လျှောက်၏။

အဘယ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထို မြတ်စွာဘုရားသည် သတ္တဝါတို့ စင်ကြယ်ရန်၊ ပူဆွေးခြင် ငိုကြွေးခြင်း တို့ကို လွန်မြောက်ရန်၊ ဆင်းရဲခြင်း နှလုံးမသာခြင်းတို့ ချုပ်ပျောက်ရန်၊ အရိယာမဂ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ကောင်းစွာ ဟောကြားအပ်သည့် (ကိလေသာတို့ကို) ဆွေးမြေ့ကုန်ဆုံးစေတတ်သော စင်ကြယ်သော အကျင့်တို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ— အဘယ ဤသာသနာတော်၌ ရဟန်းသည် သီလနှင့် ပြည့်စုံ၏။ပ။ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏၊ ထိုရဟန်းသည် ကံသစ်ကိုလည်း မပြုလုပ်၊ ကံဟောင်းကိုလည်း တွေ့ထိတွေ့ထိ၍ ကင်းသည်ကို ပြု၏၊ (ကိလေသာတို့ကို) ဆွေးမြေ့ကုန်ဆုံးစေတတ်သည့် ဤစင်ကြယ်သော အကျင့်သည် ကိုယ်တိုင်ရှုမြင်နိုင် သော၊ အခါမလင့်အကျိုးပေးသော၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်သော၊ မိမိ၏ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သော အကျင့်ဖြစ်၏။

အဘယ ဤသို့ သီလနှင့် ပြည့်စုံသော ထိုရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ထိုရဟန်းသည် ကံသစ်ကိုလည်း မပြုလုပ်၊ ရှေးကံဟောင်းကိုလည်း တွေ့ထိတွေ့ထိ၍ ကင်းသည်ကို ပြု၏၊ (ကိလေသာတို့ကို) ဆွေးမြေ ့ကုန်ဆုံးစေတတ်သည့် ဤစင်ကြယ် သော အကျင့်သည် ကိုယ်တိုင်ရှုမြင်နိုင်သော၊ အခါမလင့် အကျိုးပေးသော၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ် ပြထိုက်သော၊ မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်သော၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီ ကိုယ်င သိနိုင်ခံစားနိုင်သော အကျင့်ဖြစ်၏။

အဘယ ဤသို့ သမာဓိနှင့်ပြည့်စုံသော ထိုရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကို ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ ထိုရဟန်းသည် ကံသစ်ကိုလည်း မပြုလုပ်၊ ရှေးကံဟောင်းကိုလည်း တွေ့ထိတွေ့ထိ၍ ကင်းသည်ကို ပြု၏၊ (ကိလေသာတို့ကို) ဆွေးမြေ့ကုန်ဆုံးစေတတ်သည့် ဤစင်ကြယ်သော အကျင့်သည် ကိုယ်တိုင် ရှုမြင်နိုင်သော၊ အခါမလင့် အကျိုးပေးသော၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်သော၊ မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူ ထားထိုက်သော၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သော အကျင့်ဖြစ်၏။ အဘယ ဤသည်တို့ကား သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရား တို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထို မြတ်စွာဘုရားသည် သတ္တဝါတို့ စင်ကြယ်ရန်၊ ပူဆွေးခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန်၊ ဆင်းရဲခြင်း နှလုံးမသာခြင်းတို့ ချုပ်ပျောက်ရန်၊ အရိယာမဂ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ကောင်းစွာ ဟောတော်မူအပ်သည့် (ကိလေသာတို့ကို) ဆွေးမြေ့ကုန်ဆုံး စေတတ်သော စင်ကြယ်သော အကျင့်သုံးမျိုးတို့ပေတည်းဟု (ဟောကြား၏)။

ဤသို့ ဟောလတ်သော် ပဏ္ဍိတကုမာရကလိစ္ဆဝီမင်းသည် အဘယလိစ္ဆဝီမင်းကို ဤသို့ဆို၏— “အဆွေ အဘယ သင်သည် အသျှင်အာနန္ဒာ၏ ကောင်းသော စကားကို ကောင်းသော စကားအနေဖြင့် အဘယ့်ကြောင့် ကောင်းချီးမခေါ်ပါသနည်း”ဟု ဆို၏။ အဆွေ ပဏ္ဍိတကုမာရက ငါသည် အသျှင် အာနန္ဒာ၏ ကောင်းသော စကားကို ကောင်းသော စကားအနေဖြင့် အဘယ့်ကြောင့် ကောင်းချီးမခေါ်ဘဲ ရှိပါအံ့နည်း၊ အသျှင်အာနန္ဒာ၏ ကောင်းသော စကားကို ကောင်းသော စကားအနေဖြင့် ကောင်းချီးမခေါ်သော သူ၏ ဦးခေါင်းသည်လည်း ပြတ်ကျရာ၏ဟု (ဆိုလေသတည်း)။

စတုတ္ထသုတ်။