အင်္ဂုတ္တရနိကာယ်

(၉) ၄-သမဏဝဂ်

၄-ဝဇ္ဇိပုတ္တသုတ်

၈၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဝဇ္ဇီမင်းသား ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား “အသျှင်ဘုရား ဤသိက္ခာပုဒ် တစ်ရာ့ငါးဆယ်ကျော်သည်၁ လခွဲတစ်ကြိမ် အကျဉ်းပြခြင်းသို့ ရောက်၏၊ အသျှင်ဘုရား တပည့်တော်သည် ဤသိက္ခာပုဒ်တို့၌ ကျင့်သုံးရန် မစွမ်းနိုင်ပါ”ဟု လျှောက်၏။ ရဟန်း သို့ဖြစ်လျှင် သင်သည် အဓိသီလသိက္ခာ အဓိစိတ္တသိက္ခာ အဓိပညာသိက္ခာ သုံးပါးတို့၌ ကျင့်နိုင်မည်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား တပည့်တော်သည် ထို အဓိသီလ အဓိစိတ္တ အဓိပညာ သိက္ခာ သုံးပါးတို့၌ကား ကျင့်နိုင်ပါ၏ဟု (လျှောက်၏)။

ရဟန်း ထို့ကြောင့် သင်သည် ဤသာသနာတော်၌ အဓိသီလ အဓိစိတ္တ အဓိပညာ သိက္ခာ သုံးပါး တို့၌ ကျင့်လေလော့၊ ရဟန်း သင်သည် အဓိသီလသိက္ခာကိုလည်းကောင်း၊ အဓိစိတ္တသိက္ခာကိုလည်းကောင်း၊ အဓိပညာ သိက္ခာကိုလည်းကောင်း ကျင့်သောကြောင့် သင့်အား ရာဂ ဒေါသ မောဟ (အလိုလို) ပျောက်ကင်းလိမ့်မည်၊ ထို သင်သည် ရာဂ ဒေါသ မောဟ (အလိုလို) ပျောက်ကင်းခြင်းကြောင့် အကုသိုလ် ကို ပြုလိမ့်မည်မဟုတ်၊ မကောင်းမှုကိုလည်း မှီဝဲလိမ့်မည် မဟုတ်ဟု (မိန့်တော်မူ၏)။

ထိုအခါ ထိုရဟန်းသည် နောက်အခါ၌ အဓိသီလသိက္ခာကိုလည်း ကျင့်၏၊ အဓိစိတ္တသိက္ခာကိုလည်း ကျင့်၏၊ အဓိပညာသိက္ခာကိုလည်း ကျင့်၏၊ အဓိသီလ အဓိစိတ္တ အဓိပညာ သိက္ခာသုံးပါးကို ကျင့်သော ထိုရဟန်းအား ရာဂပျောက်ကင်းလေပြီ၊ ဒေါသပျောက်ကင်းလေပြီ၊ မောဟပျောက်ကင်းလေပြီ။ ထိုရဟန်းသည် ရာဂ ဒေါသ မောဟ ပျောက်ကင်းလေသောကြောင့် အကုသိုလ်ကို မပြုလုပ်ပြီ။ မကောင်းမှုကိုလည်း မမှီဝဲပြီ။

စတုတ္ထသုတ်။

၁။ ဤသုတ်ဒေသနာကို ဟောချိန်၌ ပါတိမောက် သိက္ခာပုဒ်ပေါင်း ၁၅ဝ ကျော်မျှသာ ပညတ်ရသေးသည်၊ ထို့ကြောင့် ပါတိမောက်လာအတိုင်း ၂၂၇ သွယ်သော သိက္ခာပုဒ်ဟု မဆိုဘဲ ပညတ်ပြီးရုံမျှ ဖြစ်သော သိက္ခာပုဒ် ၁၅ဝ ကျော်ကို ရည်၍ “သာဓိကမိဒံ ဘန္တေ ဒိဃဎ္ဍသိက္ခာပဒသတံ”ဟု ဟောတော်မူသတည်း။