အင်္ဂုတ္တရနိကာယ်

(၉) ၄-သမဏဝဂ်

၅-သေက္ခသုတ်

၈၆။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍့တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား “အသျှင်ဘုရား သေက္ခ သေက္ခဟု ဆို၏၊ အသျှင်ဘုရား အဘယ်မျှလောက်သော အကြောင်းဖြင့် သေက္ခ ဖြစ်နိုင်ပါသနည်း”ဟု လျှောက်၏။ ရဟန်း ကျင့်ဆဲဖြစ်သောကြောင့် သေက္ခဟု ဆိုအပ်၏၊ အဘယ်တရားကို ကျင့်သနည်း၊ အဓိသီလကိုလည်း ကျင့် တတ်၏၊ အဓိစိတ္တကိုလည်း ကျင့်တတ်၏၊ အဓိပညာကိုလည်း ကျင့်တတ်၏၊ ရဟန်း ထို့ကြောင့် သေက္ခဟု ဆိုအပ်၏။ မဂ်ဟူသော လမ်းဖြောင့်သို့ အစဉ်လျှောက်လျက် ကျင့်သော သေက္ခပုဂ္ဂိုလ်အား ကိလေသာတို့ကို ကုန်ခန်းစေတတ်သော တရား (မဂ်) ၌ ရှေးဦးစွာ ဉာဏ်ဖြစ်ပေါ်၏၊ ထိုတရား (မဂ်)၏ အခြားမဲ့၌ အရဟတ္တဖိုလ် ဖြစ်ပေါ်၏။ ထို အရဟတ္တဖိုလ်၏အခြားမဲ့၌ တာဒိဂုဏ်နှင့်ပြည်စုံသော၊ အရဟတ္တဖိုလ်ဖြင့် (ကိလေသာတို့မှ) လွတ်မြောက်ပြီးသော အသျှင်အား ဘဝသံယောဇဉ်၏ ကုန်ရာ၌ “ငါ၏ အရဟတ္တဖိုလ်ဝိမုတ္တိသည် မပျက်စီးနိုင်ပြီ”ဟု (ဤသို့သော ပစ္စဝေက္ခဏာ) ဉာဏ်သည် စင်စစ် ဖြစ်ပေါ်လာ၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။