အင်္ဂုတ္တရနိကာယ်
(၉) ၄-သမဏဝဂ်
၁၁-သင်္ကဝါသုတ်
၉၂။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ကောသလတိုင်းတို့၌ ဒေသစာရီ လှည့်လည်တော်မူသည်ရှိသော် သင်္ကဝါအမည်ရှိသော ကောသလတိုင်းသူတို့၏ နိဂုံးသို့ ရောက် တော်မူ၍ ထို သင်္ကဝါနိဂုံး၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ၌ ကဿပဂေါတ္တအမည်ရှိသော ရဟန်းသည် သင်္ကဝါနိဂုံး၌ ကျောင်းထိုင် (ပုဂ္ဂိုလ်) ဖြစ်၏။ ထို သင်္ကဝါနိဂုံး၌ မြတ်စွာဘုရားသည် ရဟန်းတို့ကို သိက္ခာပုဒ်နှင့် စပ်သော တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည် စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေတော်မူ၏။ မြတ်စွာဘုရားသည် ရဟန်းတို့ကို သိက္ခာ ပုဒ်နှင့်စပ်သော တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေတော်မူသည် ရှိသော် “ဤရဟန်းဂေါတမသည် အလွန်ပင် ခေါင်းပါးစေလိုယောင်တကား”ဟု အောက်မေ့၍ ကဿပဂေါတ္တအမည်ရှိသော ရဟန်းအားသည်းမခံနိုင်ခြင်း မနှစ်မြို့ခြင်းသည် ဖြစ်သည်သာတည်း။ ထို့နောက် မြတ်စွာဘုရားသည် သင်္ကဝါနိဂုံး၌ မွေ့လျော်တော်မူ သရွေ့ (သီတင်းသုံး) နေတော်မူပြီးလျှင် အစဉ်အတိုင်း ဒေသစာရီလှည့်လည်တော်မူသည်ရှိသော် ရာဇဂြိုဟ်ပြည်သို့ ရောက်တော်မူ၍ ထို ရာဇဂြိုဟ်ပြည်၌ (သီတင်းသုံး) နေတော်မူ၏။
ထိုအခါ (သင်္ကဝါနိဂုံးမှ) မြတ်စွာဘုရား ကြွသွားတော်မူ၍ မကြာမီပင် ကဿပဂေါတ္တရဟန်းအား နောင်တ ပူပန်ခြင်း ‘ကုက္ကုစ္စ’ နှလုံးမသာခြင်း ‘ဝိပ္ပဋိသာရ’ ဖြစ်လေ၏— “ငါသည် (သီလစသောဂုဏ်တို့ကို) မရပြီတကား၊ ငါသည် (ရသင့်သော သီလစသော ဂုဏ်တို့ကို) ရခြင်း မဖြစ်ပြီတကား။ ငါသည် (ရဟန်းအဖြစ်ကို) မကောင်းသဖြင့် ရခြင်းဖြစ်ရပြီတကား၊ ငါသည် (ရဟန်းအဖြစ်ကို) ကောင်းစွာ ရခြင်း မဖြစ်ပြီတကား။ မြတ်စွာဘုရားသည် ရဟန်းတို့ကို သိက္ခာပုဒ်နှင့်စပ်သော တရားစကားဖြင့် (အကျိုး စီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေ တော်မူသည်ရှိသော် ‘ဤရဟန်းဂေါတမသည် အလွန်ပင် ခေါင်းပါးစေလို ယောင်တကား’ဟု အောက်မေ့၍ ငါ့အားသည်းမခံနိုင်ခြင်း မနှစ်မြို့ခြင်းသည် ဖြစ်ခဲ့၏၊ ငါသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားအထံတော်၌ အကယ်၍ အပြစ်ကို အပြစ်အားဖြင့် လျှောက်ကြားရမူ ကောင်းပေလိမ့်မည်”ဟု အကြံ ဖြစ်၏။ ထို့နောက် ကဿပဂေါတ္တရဟန်းသည် ကျောင်းအိပ်ရာနေရာကို သိုမှီး၍ သပိတ်သင်္ကန်းကို ယူဆောင်ပြီးလျှင် ရာဇဂြိုဟ်ပြည်သို့ ထွက်ခဲ့လေ၏။ အစဉ်အတိုင်း ထွက်လာခဲ့ရာ မြတ်စွာဘုရားရှိရာ ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်သို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို့ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်၍ ဤသို့ လျှောက်၏—
အသျှင်ဘုရား မြတ်စွာဘုရားသည် အခါတစ်ပါး၌ ကောသလတိုင်း သင်္ကဝါနိဂုံး၌ (သီတင်းသုံး) နေတော်မူပါသည်၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ထို သင်္ကဝါနိဂုံး၌ ရဟန်းတို့ကို သိက္ခာပုဒ်နှင့် စပ် သော တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရား ကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူပါသည်။ မြတ်စွာဘုရားသည် ရဟန်းတို့ကို သိက္ခာပုဒ်နှင့် စပ်သော တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေတော်မူသည် ရှိသော် “ဤရဟန်းဂေါတမသည် အလွန်ပင် ခေါင်းပါးစေလိုယောင်တကား”ဟု အောက်မေ့၍ အကျွန်ုပ်အားသည်းမခံနိုင်ခြင်း မနှစ်မြို့ခြင်းသည် ဖြစ်ခဲ့ ပါ၏၊ ထို့နောက် မြတ်စွာဘုရားသည် သင်္ကဝါနိဂုံး၌ မွေ့လျော်တော်မူသရွေ့ သီတင်းသုံးနေတော်မူပြီးလျှင် ဒေသစာရီကြွချီတော်မူခဲ့ပါသည်၊ မြတ်စွာဘုရား ကြွသွားတော်မူ၍ မကြာမီပင် ထို အကျွန်ုပ်အား နောင်တပူပန်ခြင်း နှလုံးမသာခြင်းဖြစ်ပါသည် “ငါသည် (သီလစသောဂုဏ်တို့ကို) မရပြီတကား၊ ငါသည် (ရသင့်သော သီလစသော ဂုဏ်တို့ကို) ရခြင်းမဖြစ်ပြီတကား။ ငါသည် (ရဟန်းအဖြစ်ကို) မကောင်းသဖြင့် ရခြင်းဖြစ်ရပြီတကား၊ ငါသည် (ရဟန်းအဖြစ်ကို) ကောင်းစွာ ရခြင်း မဖြစ်ပြီတကား။ မြတ်စွာဘုရားသည် ရဟန်းတို့ကို သိက္ခာပုဒ်နှင့်စပ်သော တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေတော်မူသည်ရှိသော် ‘ဤရဟန်းဂေါတမသည် အလွန်ခေါင်းပါးစေလိုယောင်တကား’ဟု အောက်မေ့၍ ထို အကျွန်ုပ်အားသည်းမခံနိုင်ခြင်း မနှစ်မြို့ခြင်းသည် ဖြစ်ခဲ့ပါသည်၊ (ထို့နောက်) ငါသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရား အထံတော်၌ အကယ်၍ အပြစ်ကို အပြစ်အားဖြင့် လျှောက်ကြားရမူ ကောင်းပေလိမ့်မည်”ဟု ဤအကြံသည် ဖြစ်ပါ၏။ အသျှင်ဘုရား မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့် အလျောက် အပြစ်သည် အကျွန်ုပ်ကို လွှမ်းမိုးခဲ့ပါပြီ၊ မြတ်စွာဘုရားသည် ရဟန်းတို့ကို သိက္ခာပုဒ်နှင့် စပ်သော တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရား ကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေတော်မူသည်ရှိသော် “ဤရဟန်းဂေါတမသည် အလွန်ပင် ခေါင်းပါး စေလိုယောင်တကား”ဟု အောက်မေ့၍ အကျွန်ုပ်အားသည်းမခံနိုင်ခြင်း မနှစ်မြို့ခြင်းသည် ဖြစ်မိပါသည်၊ မြတ်စွာဘုရားသည် ထို အကျွန်ုပ်၏ အပြစ်ကို နောင်အခါ စောင့်စည်းခြင်းငှါအပြစ်ဟု လက်ခံတော်မူပါ အသျှင်ဘုရားဟု (လျှောက်၏)။
ကဿပ မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည် သင့်ကို စင်စစ် လွှမ်းမိုးခဲ့၏။ ငါသည် ရဟန်းတို့ကို သိက္ခာပုဒ်နှင့် စပ်သော တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူသည် ရှိသော် ‘ဤရဟန်း ဂေါတမသည် အလွန်ပင် ခေါင်းပါးစေလိုယောင်တကား’ဟု အောက်မေ့၍ သင့်အားသည်းမခံနိုင်ခြင်း မနှစ်မြို့ခြင်းသည် ဖြစ်ခဲ့၏၊ ကဿပ သင်သည် အပြစ်ကို အပြစ်ဟု မြင်၍ အပြစ် အားလျော်စွာ ကုစားခြင်းကြောင့် သင်၏ ထို အပြစ်ကို အပြစ်ဟု ငါတို့ လက်ခံကုန်၏။ ကဿပ အပြစ်ကို အပြစ်ဟု မြင်လျက်တရားအားလျော်စွာ ကုစား၍ နောင်အခါ စောင့်စည်း၏၊ ဤ(ကုစား စောင့်စည်းခြင်း)သည် အရိယာ၏ ဝိနည်းအဆုံးအမ၌ ကြီးပွါးခြင်းပင်တည်း။
ကဿပ သီတင်းကြီးရဟန်းပင် ဖြစ်စေကာမူ သိက္ခာသုံးပါးတို့ကို အလိုမရှိသူ သိက္ခာသုံးပါးတို့ကို ဆောက်တည်ခြင်း၏ ဂုဏ်ကို ပြောဆိုလေ့မရှိသူ ဖြစ်အံ့၊ သိက္ခာသုံးပါးကို အလိုမရှိကုန်သော တစ်ပါးသော ရဟန်းတို့ကိုလည်း သိက္ခာသုံးပါးတို့၌ မဆောက်တည်စေအံ့၊ သိက္ခာသုံးပါးကို အလိုရှိကုန်သော တစ်ပါးသော ရဟန်းတို့၏ ဂုဏ်ကိုလည်း သင့်လျော်သော အခါ၌ဟုတ်တိုင်းမှန်စွာ မဆိုငြားအံ့။ ကဿပ့ဤသို့သော သီတင်းကြီးရဟန်းမျိုးကို ငါသည် မချီးမွမ်း။ ထိုသို့မချီးမွမ်းခြင်းသည် အဘယ့်ကြောင့်နည်း၊ “ထို (သိက္ခာသုံးပါးကို မလိုလားသော) ရဟန်းကို မြတ်စွာဘုရား ချီးမွမ်းတော်မူ၏”ဟု တစ်ပါးသော ရဟန်းတို့သည် ထိုရဟန်းကို ဆည်းကပ်ကုန်ရာ၏။ ထိုရဟန်းကို မှီဝဲဆည်းကပ်ကုန်သော ရဟန်းတို့သည် (သိက္ခာသုံးပါးကို မလိုလားသော) ထိုရဟန်း၏ အမူအရာသို့ အတုလိုက်ကုန်ရာ၏၊ ထို သိက္ခာ သုံးပါးကို မလိုလားသော ရဟန်း၏ အမူအရာသို့ အတုလိုက်ကုန်သော ထိုရဟန်းတို့အား ထိုသို့ အတု လိုက်ခြင်းသည် ရှည်စွာသော ကာလပတ်လုံး အစီးအပွါးမရှိခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်၏။ ထို့ကြောင့် ဤသို့သော သီတင်းကြီးရဟန်းမျိုးကို ငါသည် မချီးမွမ်းပေ။
ကဿပ သီတင်းလတ်ရဟန်းပင် ဖြစ်စေကာမူ။ပ။ ကဿပ သီတင်းငယ်ရဟန်းပင် ဖြစ်စေကာမူ သိက္ခာသုံးပါးတို့ကို အလိုမရှိသူ သိက္ခာသုံးပါးတို့ကို ဆောက်တည်ခြင်း၏ ဂုဏ်ကို ပြောဆိုလေ့မရှိသူ ဖြစ်အံ့၊ သိက္ခာသုံးပါးကို အလိုမရှိကုန်သော တစ်ပါးသော ရဟန်းတို့ကိုလည်း သိက္ခာသုံးပါးတို့၌ မဆောက်တည်စေအံ့၊ သိက္ခာသုံးပါးကို အလိုရှိကုန်သော တစ်ပါးသော ရဟန်းတို့၏ ဂုဏ်ကိုလည်း သင့်လျော်သောအခါ၌ဟုတ်တိုင်းမှန်စွာ မဆိုငြားအံ့။ ကဿပ ဤသို့သော သီတင်းငယ်ရဟန်းမျိုးကို ငါသည် မချီးမွမ်း။ ထိုသို့ မချီးမွမ်းခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ “ထို (သိက္ခာသုံးပါးကို မလိုလားသော) ရဟန်းကို မြတ်စွာဘုရား ချီးမွမ်းတော်မူ၏”ဟု တစ်ပါးသော ရဟန်းတို့သည် ထို ရဟန်းကို ဆည်းကပ်ကုန်ရာ၏။ ထိုရဟန်းကို ဆည်းကပ်ကုန်သော ရဟန်းတို့သည် သိက္ခာသုံးပါးကို မလိုလားသော ရဟန်း၏ အမူအရာသို့ အတုလိုက်ကုန်ရာ၏၊ ထို (သိက္ခာသုံးပါးကို မလိုလားသော) ရဟန်း၏ အမူအရာသို့ အတုလိုက်ကုန်သော ထိုရဟန်းတို့အား ထိုသို့ အတုလိုက်ခြင်းသည် ရှည်စွာ သော ကာလပတ်လုံး အစီးအပွါးမရှိခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်၏။ ထို့ကြောင့် ဤသို့သော သီတင်းငယ် ရဟန်းမျိုးကို ငါသည် မချီးမွမ်းပေ။
ကဿပ သီတင်းကြီးရဟန်းသည်လည်း သိက္ခာသုံးပါးတို့ကို အလိုရှိသူ သိက္ခာသုံးပါးတို့ကို ဆောက်တည်ခြင်း၏ ဂုဏ်ကို ချီးကျူးပြောဆိုလေ့ရှိသူ ဖြစ်အံ့၊ သိက္ခာသုံးပါးကို အလိုမရှိကုန်သော တစ်ပါးသော ရဟန်းတို့ကိုလည်း သိက္ခာသုံးပါး၌ ဆောက်တည်စေအံ့။ သိက္ခာသုံးပါးကို အလိုရှိကုန်သော တစ်ပါးသော ရဟန်းတို့၏ ဂုဏ်ကိုလည်း သင့်လျော်သော အခါ၌ဟုတ်တိုင်းမှန်စွာ ဆိုငြားအံ့။ ကဿပ ဤသို့သော သီတင်းကြီးရဟန်းမျိုးကို ငါ ချီးမွမ်း၏။ ထိုသို့ချီးမွမ်းခြင်းသည် အဘယ့်ကြောင့်နည်း၊ “ထို (သိက္ခာသုံးပါးကို လိုလားသော) ရဟန်းကို မြတ်စွာဘုရား ချီးမွမ်းတော်မူ၏”ဟု တစ်ပါးသော ရဟန်းတို့သည် ထိုရဟန်းကို ဆည်းကပ်ကုန်ရာ၏။ ထိုရဟန်းကို ဆည်းကပ်ကုန်သော ရဟန်းတို့သည် ထို (သိက္ခာသုံးပါးကို အလိုရှိသော) ရဟန်း၏ အမူအရာသို့ အတုလိုက်ကုန်ရာ၏။ ထို သိက္ခာသုံးပါးကို အလိုရှိ သော ရဟန်း၏ အမူအရာသို့ အတုလိုက်ကုန်သော ထိုရဟန်းတို့အား ထိုသို့ အတုလိုက်ခြင်းသည် ရှည်စွာသော ကာလပတ်လုံး အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်၏။ ထို့ကြောင့် ဤသို့သော သီတင်းကြီးရဟန်းမျိုးကို ငါ ချီးမွမ်း၏။
ကဿပ သီတင်းလတ်ရဟန်းသည် သိက္ခာသုံးပါးကို အလိုရှိသူ။ပ။ ကဿပ သီတင်းငယ်ရဟန်းသည် သိက္ခာသုံးပါးကို အလိုရှိသူ၊ သိက္ခာသုံးပါးကို ဆောက်တည်ခြင်း၏ ဂုဏ်ကို ချီးကျူးပြောဆိုလေ့ရှိသူ ဖြစ်အံ့၊ သိက္ခာသုံးပါးကို အလိုမရှိကုန်သော တစ်ပါးသော ရဟန်းတို့ကိုလည်း သိက္ခာသုံးပါး၌ ဆောက် တည်စေအံ့၊ သိက္ခာသုံးပါးကို အလိုရှိကုန်သော တစ်ပါးသော ရဟန်းတို့၏ ဂုဏ်ကိုလည်း သင့်လျော် သောအခါ၌ဟုတ်တိုင်းမှန်စွာ ဆိုငြားအံ့၊ ကဿပ ဤသို့သော သီတင်းငယ်ရဟန်းမျိုးကို ငါ ချီးမွမ်း၏။ ထိုသို့ချီးမွမ်းခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ “ထို (သိက္ခာသုံးပါးကို လိုလားသော) ရဟန်းကို မြတ်စွာဘုရား ချီးမွမ်းတော်မူ၏”ဟု တစ်ပါးသော ရဟန်းတို့သည် ထိုရဟန်းကို ဆည်းကပ်ကုန်ရာ၏။ ထိုရဟန်းကို ဆည်းကပ်ကုန်သော ရဟန်းတို့သည် ထို (သိက္ခာသုံးပါးကို အလိုရှိသော) ရဟန်း၏ အမူ့အရာသို့ အတုလိုက်ကုန်ရာ၏။ ထို (သိက္ခာသုံးပါးကို အလိုရှိသော) ရဟန်း၏ အမူအရာသို့ အတုလိုက် ကုန်သော ရဟန်းတို့အား ထိုသို့ အတုလိုက်ခြင်းသည် ရှည်စွာသော ကာလပတ်လုံး အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်၏။ ထို့ကြောင့် ဤသို့သော သီတင်းငယ်ရဟန်းမျိုးကို ငါ ချီးမွမ်း၏ဟု (မိန့်တော်မူ၏)။
ဧကာဒသမသုတ်။
လေးခုမြောက် သမဏဝဂ် ပြီး၏။