အင်္ဂုတ္တရနိကာယ်
(၉) ၄-သမဏဝဂ်
၁ဝ-ဒုတိယ သိက္ခတ္တယသုတ်
၉၁။ ရဟန်းတို့ အကျင့်’သိက္ခာ’ တို့သည် ဤသုံးမျိုးတို့တည်း၊ အဘယ်သုံးမျိုးတို့နည်းဟူမူ— အဓိသီလသိက္ခာ၊ အဓိစိတ္တသိက္ခာ၊ အဓိပညာသိက္ခာတို့တည်း။
ရဟန်းတို့ အဓိသီလသိက္ခာဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏။ပ။ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။ ရဟန်းတို့ ဤပါတိမောက္ခသံဝရသီလကို အဓိသီလသိက္ခာဟု ဆိုအပ်၏။
ရဟန်းတို့ အဓိစိတ္တသိက္ခာဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဤသို့ စတုတ္ထဈာန် သို့ ရောက်၍ နေခြင်းကို အဓိစိတ္တသိက္ခာဟု ဆိုအပ်၏။
ရဟန်းတို့ အဓိပညာသိက္ခာဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် “အာသဝေါတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့့်် လွတ် မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ ရဟန်းတို့ ဤအရဟတ္တဖိုလ်ပညာကို အဓိပညာသိက္ခာဟု ဆိုအပ်၏။ ရဟန်းတို့ သိက္ခာတို့သည် ဤသုံးမျိုးတို့တည်း။ အကြင်သူသည် လုံ့လရှိ၏၊ (ပညာ) အားအစွမ်းလည်း ရှိ၏၊ တည်ကြည်ခြင်းလည်း ရှိ၏၊ ဈာန်ဝင်စားလေ့ ရှိ၏၊ သတိလည်း ရှိ၏၊ လုံခြုံသော ဣန္ဒြေလည်း ရှိ၏၊ (ထိုသူသည်) အဓိသီလသိက္ခာ အဓိစိတ္တသိက္ခာ အဓိပညာသိက္ခာ ကို ကျင့်ရာ သတည်း။
အကြင် ပုဂ္ဂိုလ်သည် အလုံးစုံသော အရပ်တို့ကို လွှမ်းမိုး၍ အတိုင်းအရှည်မရှိသော (အရဟတ္တမဂ်) သမာဓိဖြင့် ရှေးကာလဝယ် (သိက္ခာသုံးပါးတို့၌) ကျင့်သကဲ့သို့ ထို့အတူ နောက်ကာလ၌လည်း ကျင့်ရာ၏၊ နောက်ကာလဝယ် (သိက္ခာသုံးပါးတို့၌) ကျင့်သကဲ့သို့ ထို့အတူ့ရှေးကာလ၌လည်း ကျင့်ရာ၏၊ ကိုယ်၏ အောက်ပိုင်းကို (အသုဘဟု) ရှုသကဲ့သို့ ထို့အတူ ကိုယ်၏ အထက်ပိုင်းကိုလည်း ရှု၏၊ ကိုယ်၏ အထက်ပိုင်းကို (အသုဘဟု) ရှုသကဲ့ ထို့အတူ ကိုယ်၏ အောက်ပိုင်းကိုလည်း ရှု၏၊ နေ့အခါ (သိက္ခာသုံးပါးတို့ကို) ကျင့်သကဲ့သို့ ထို့အတူ ညဉ့်အခါ၌လည်း ကျင့်၏၊ ညဉ့်အခါ (သိက္ခာသုံးပါးတို့ကို) ကျင့်သကဲ့သို့ ထို့အတူ နေ့အခါ၌လည်း ကျင့်၏။ အကျင့်နှင့် ပြည့်စုံသော၊ ၄င်းပြင် ကောင်းစွာ စင်ကြယ်သော အကျင့်သီလရှိသော ထိုပုဂ္ဂိုလ်ကို သေက္ခပုဂ္ဂိုလ်ဟု ဆိုကုန်၏၊ မြဲမြံသော သမာဓိနှင့် ပြည့်စုံ၍ အကျင့် ဖြင့် အဆုံး (နိဗ္ဗာန်) သို့ ရောက်သော ထို ပုဂ္ဂိုလ်ကို လောက၌ (စတုသစ္စ) ဗုဒ္ဓဟု ဆိုကြကုန်၏။ တဏှာကုန်ရာ အရဟတ္တဖိုလ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်အား ဆီမီး၏ ငြိမ်းခြင်း ကဲ့သို့ (အဆုံး) ဝိညာဉ်၏ ချုပ်ငြိမ်းခြင်းကြောင့် စိတ်၏ (တစ်ဖန် မဖြစ်ပေါ်သော အားဖြင့်) ကင်းလွတ်ခြင်းသည် ဖြစ်၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။