အင်္ဂုတ္တရနိကာယ်
(၁ဝ) ၅-အသုရဝဂ်
၁ဝ-ပေါတလိယသုတ်
၁ဝဝ။ ထိုအခါ ပေါတလိယပရိဗိုဇ်သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော ပေါတလိယပရိဗိုဇ်အား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—
ပေါတလိယ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— ပေါတလိယ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သင့်လျော်သောအခါ၌ဟုတ်မှန်စွာ ဂုဏ် မထိုက်သူ၏ ဂုဏ်မဲ့ကို ဆိုတတ်၏၊ သင့်လျော်သောအခါ၌ဟုတ်မှန်စွာ ဂုဏ်ထိုက်သူ၏ ဂုဏ်ကိုမူကား မဆိုတတ်။ ပေါတလိယ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သင့်လျော်သောအခါ၌ဟုတ်မှန်စွာ ဂုဏ်ထိုက်သူ၏ ဂုဏ်ကို ဆိုတတ်၏၊ သင့်လျော်သောအခါ၌ဟုတ်မှန်စွာ ဂုဏ်မထိုက်သူ၏ ဂုဏ်မဲ့ကိုမူကား မဆိုတတ်။ ပေါတလိယ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သင့်လျော်သောအခါ၌ဟုတ်မှန်စွာ ဂုဏ် မထိုက်သူ၏ ဂုဏ်မဲ့ကိုလည်း မဆိုတတ်၊ သင့်လျော်သောအခါ၌ဟုတ်မှန်စွာ ဂုဏ်ထိုက်သူ၏ ဂုဏ်ကိုလည်း မဆိုတတ်။ ပေါတလိယ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သင့်လျော်သောအခါ၌ဟုတ်မှန်စွာ ဂုဏ်မထိုက်သူ၏ ဂုဏ်မဲ့ကိုလည်း ဆိုတတ်၏၊ သင့်လျော်သောအခါ၌ဟုတ်မှန်စွာ ဂုဏ်ထိုက်သူ၏ ဂုဏ် ကိုလည်း ဆိုတတ်၏။ ပေါတလိယ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။ ပေါတလိယ ဤပုဂ္ဂိုလ်လေးမျိုးတို့တွင် အဘယ်ပုဂ္ဂိုလ်ကို အထူးသဖြင့် ကောင်းသည် အထူးသဖြင့် မြတ်သည်ဖြစ်၍ သင်နှစ်သက်သနည်းဟု (မိန့်တော်မူ၏)။
အသျှင်ဂေါတမ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— အသျှင်ဂေါတမ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သင့်လျော်သောအခါ၌ဟုတ်မှန်စွာ ဂုဏ်မထိုက်သူ၏ ဂုဏ်မဲ့ကို ဆိုတတ်၏၊ သင့်လျော်သောအခါ၌ဟုတ်မှန်စွာ ဂုဏ်ထိုက်သူ၏ ဂုဏ်ကိုမူကား မဆိုတတ်။ အသျှင်ဂေါတမ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သင့်လျော်သောအခါ၌ဟုတ်မှန်စွာ ဂုဏ်ထိုက်သူ၏ ဂုဏ်ကို ဆိုတတ်၏၊ သင့်လျော်သောအခါ၌ဟုတ်မှန်စွာ ဂုဏ်မထိုက်သူ၏ ဂုဏ်မဲ့ကိုမူကား မဆိုတတ်။ အသျှင်ဂေါတမ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သင့်လျော်သောအခါ၌ဟုတ်မှန်စွာ ဂုဏ်မထိုက်သူ၏ ဂုဏ်မဲ့ကိုလည်း မဆိုတတ်၊ သင့်လျော်သောအခါ၌ဟုတ်မှန်စွာ ဂုဏ်ထိုက်သူ၏ ဂုဏ်ကိုလည်း မဆိုတတ်။ အသျှင်ဂေါတမ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သင့်လျော်သောအခါ၌ဟုတ်မှန်စွာ ဂုဏ်မထိုက်သူ၏ ဂုဏ်မဲ့ကိုလည်း ဆိုတတ်၏၊ သင့်လျော်သောအခါ၌ဟုတ်မှန်စွာ ဂုဏ်ထိုက် သူ၏ ဂုဏ်ကိုလည်း ဆိုတတ်၏။ အသျှင်ဂေါတမ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိ ကုန်၏။ အသျှင်ဂေါတမ ပုဂ္ဂိုလ်လေးမျိုးတို့တွင် သင့်လျော်သော အခါ၌ဟုတ်မှန်စွာ ဂုဏ်မထိုက်သူ၏ ဂုဏ်မဲ့ကို မဆိုတတ်၍၊ သင့်လျော်သောအခါ၌ဟုတ်မှန်စွာ ဂုဏ်ထိုက်သူ၏ ဂုဏ်ကိုလည်း မဆိုတတ်သော ဤပုဂ္ဂိုလ်ကို အထူးသဖြင့် ကောင်းသည်, အထူးသဖြင့် မြင့်မြတ်သည် ဖြစ်၍ အကျွန်ုပ် နှစ်သက်ပါ၏၊ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ အသျှင်ဂေါတမ လျစ်လျူရှုခြင်းသည် အလွန် ကောင်းမြတ် သောကြောင့်ပါတည်းဟု (လျှောက်၏)။
ပေါတလိယ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ။ပ။ ပေါတလိယ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ ပေါတလိယ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့တွင် သင့်လျော်သောအခါ၌ဟုတ်မှန်စွာ ဂုဏ်မထိုက်သူ၏ ဂုဏ်မဲ့ကို ပြောဆိုတတ်၍ သင့်လျော်သောအခါ၌ဟုတ်မှန်စွာ ဂုဏ်ထိုက်သူ၏ ဂုဏ်ကို ပြောဆိုတတ်သော ပုဂ္ဂိုလ်သည် အထူးသဖြင့် ကောင်း၏၊ အထူးသဖြင့် မြင့်မြတ်၏၊ ဤသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ပေါတလိယ ထို ထို အရာ၌ သင့်လျော်သော အခါကို သိခြင်းသည် အလွန်ကောင်းမြတ်သောကြောင့်တည်းဟု (မိန့်တော်မူ၏)။
အသျှင်ဂေါတမ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ။ပ။ အသျှင်ဂေါတမ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ရှိကုန်၏။ အသျှင်ဂေါတမ ဤပုဂ္ဂိုလ် လေးမျိုးတို့တွင် သင့်လျော်သောအခါ၌ဟုတ်မှန်စွာ ဂုဏ်မထိုက်သူ၏ ဂုဏ်မဲ့ကို ပြောဆိုတတ်၍ သင့်လျော်သောအခါ၌ဟုတ်မှန်စွာ ဂုဏ်ထိုက်သူ၏ ဂုဏ်ကို ပြောဆိုတတ်သော ပုဂ္ဂိုလ်သည် အထူးသဖြင့် ကောင်းသည်, အထူးသဖြင့် မြင့်မြတ်သည်ဖြစ်၍ အကျွန်ုပ် နှစ်သက်ပါ၏၊ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ အသျှင်ဂေါတမ ထို ထို အရာ၌ သင့်လျော်သောအခါကို သိခြင်းသည် အလွန်ကောင်း မြတ်သောကြောင့်ပါတည်း။
အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ (တရားတော်သည်) အလွန် နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ ဥပမာသော်ကား မှောက်ထားသည်ကို လှန်ဘိပြသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ပြဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ “မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်”ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း အသျှင်ဘုရား ဤအတူသာလျှင် အသျှင်ဂေါတမသည် အကြောင်းအမျိုးမျိုးဖြင့်တရားတော်ကို ဟောပြောတော်မူပါ၏။ ထို အကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ် ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟု (လျှောက်၏)။
ဒသမသုတ်။
ငါးခုမြောက် အသုရဝဂ် ပြီး၏။