အင်္ဂုတ္တရနိကာယ်

(၁၁) ၁-ဝလာဟကဝဂ်

၁-ပဌမ ဝလာဟကသုတ်

၁ဝ၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု ခေါ်တော်မူ၏။ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

ရဟန်းတို့ မိုးတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ချုန်းသာချုန်း၍ မရွာသော မိုး၊ ရွာသာရွာ၍ မချုန်းသောမိုး၊ ချုန်းလည်း မချုန်း ရွာလည်း မရွာသောမိုး၊ ချုန်းလည်း ချုန်း ရွာလည်း ရွာသောမိုးတို့တည်း။ ရဟန်းတို့ မိုးတို့သည် ဤလေးမျိုးတို့တည်း။ ရဟန်းတို့ ဤအတူသာလျှင် မိုးနှင့်တူသော ပုဂ္ဂိုလ်လေးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— ချုန်းသာချုန်း၍ မရွာသော ပုဂ္ဂိုလ်၊ ရွာသာရွာ၍ မချုန်းသော ပုဂ္ဂိုလ်၊ ချုန်းလည်းမချုန်း ရွာလည်းမရွာသော ပုဂ္ဂိုလ်၊ ချုန်းလည်း ချုန်း ရွာလည်းရွာသော ပုဂ္ဂိုလ်တို့တည်း။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ချုန်းသာချုန်း၍ မရွာသော ပုဂ္ဂိုလ်မည်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပြောသာပြော၍ မပြုလုပ်တတ်။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ချုန်းသာချုန်း၍ မရွာသော ပုဂ္ဂိုလ်မည်၏။ ရဟန်းတို့ ထို မိုးသည် ချုန်းသာချုန်း၍ မရွာသကဲ့သို့၊ ဤပုဂ္ဂိုလ်ကို ထို မိုးနှင့် တူ၏ဟု ငါဆို၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ရွာသာရွာ၍ မချုန်းသော ပုဂ္ဂိုလ်မည်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပြုသာပြုလုပ်တတ်၍ မပြောတတ်။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ရွာသာရွာ၍ မချုန်းသော ပုဂ္ဂိုလ်မည်၏။ ရဟန်းတို့ ထို မိုးသည် ရွာသာရွာ၍ မချုန်းသကဲ့သို့၊ ဤပုဂ္ဂိုလ်ကို ထို မိုးနှင့် တူ၏ဟု ငါဆို၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ချုန်းလည်းမချုန်း ရွာလည်း မရွာသော ပုဂ္ဂိုလ်မည် သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပြောလည်း မပြောတတ်၊ ပြုလည်း မပြုလုပ် တတ်။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ချုန်းလည်းမချုန်း ရွာလည်းမရွာသော ပုဂ္ဂိုလ်မည်၏။ ရဟန်းတို့ ထို မိုးသည် ချုန်းလည်း မချုန်း ရွာလည်းမရွာသကဲ့သို့၊ ဤပုဂ္ဂိုလ်ကို ထို မိုးနှင့် တူ၏ဟု ငါဆို၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ချုန်းလည်း ချုန်း ရွာလည်းရွာသော ပုဂ္ဂိုလ်မည်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပြောလည်း ပြောတတ်၏၊ ပြုလည်း ပြုလုပ်တတ်၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ချုန်းလည်းချုန်း ရွာလည်းရွာသော ပုဂ္ဂိုလ်မည်၏။ ရဟန်းတို့ ထို မိုးသည် ချုန်းလည်း ချုန်း ရွာလည်းရွာသကဲ့သို့၊ ဤပုဂ္ဂိုလ်ကို ထို မိုးနှင့် တူ၏ဟု ငါဆို၏။ ရဟန်းတို့ မိုးနှင့်တူသော ဤပုဂ္ဂိုလ်လေးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။