အင်္ဂုတ္တရနိကာယ်
(၁၃) ၃-ဘယဝဂ်
၆-ဒုတိယ မေတ္တာသုတ်
၁၂၆။ ရဟန်းတို့ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် လောက၌ ထင်ရှား ရှိကုန်၏။ အဘယ်လေးမျိုး တို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်ကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက် အရပ်ကို။ သုံးခုမြောက် အရပ်ကို။ လေးခုမြောက် အရပ်ကို ပျံ့နှံ့စေ၍ နေ၏၊ ဤနည်းအားဖြင့် အထက် အောက် ဖီလာ အလုံးစုံသောအရပ် အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့်အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသောကြောင့်ကြမရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ ထို ပုဂ္ဂိုလ်သည် ထို ဘုံ၌ရှိသော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တရားတို့ကို အမြဲမရှိသော အားဖြင့် ဆင်းရဲသောအားဖြင့် ရောဂါနှင့်တူသောအားဖြင့် အိုင်းအမာနှင့် တူသောအားဖြင့် ငြောင့်နှင့်တူသော အားဖြင့် ဆင်းရဲကိုဖြစ်စေသောအားဖြင့် အနာနှင့်တူသောအားဖြင့် သူစိမ်းပြင်ပနှင့် တူသောအားဖြင့် ပျက်စီးတတ်သောအားဖြင့် (သတ္တ ဇီဝမှ) ဆိတ်သုဉ်းသောအားဖြင့် အတ္တမဟုတ်သော အားဖြင့် ဉာဏ်ဖြင့် ကောင်းစွာ ရှု၏။ ထို ပုဂ္ဂိုလ်သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ သုဒ္ဓါဝါသဘုံ၌ ဖြစ်သော ဗြဟ္မာတို့၏ အသင်းဝင်အဖြစ်သို့ ရောက်၏။ ရဟန်းတို့ ဤသုဒ္ဓါဝါသဘုံ၌ ဖြစ်ရခြင်းသည် ပုထုဇဉ်တို့နှင့် မဆက်ဆံ။
ရဟန်းတို့ နောက်တစ်မျိုးကား ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ကရုဏာနှင့် ယှဉ်သော စိတ်ဖြင့်။ပ။ မုဒိတာနှင့်ယှဉ်သော စိတ်ဖြင့်။ပ။ ဥပေက္ခာနှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်ကို့ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်ကို။ သုံးခုမြောက် အရပ်ကို။ လေးခုမြောက် အရပ်ကို ပျံ့နှံ့စေ၍ နေ၏၊ ဤနည်းအားဖြင့် အထက် အောက် ဖီလာ အလုံးစုံသောအရပ် အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့်အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြား မရှိသော ရန်မရှိသောကြောင့်ကြ မရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ ထို ပုဂ္ဂိုလ်သည် ထို ဘုံ၌ရှိသော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တရားတို့ကို အမြဲမရှိသော အားဖြင့် ဆင်းရဲသောအားဖြင့် ရောဂါနှင့်တူသောအားဖြင့် အိုင်းအမာနှင့်တူသောအားဖြင့် ငြောင့်နှင့်တူသော အားဖြင့် ဆင်းရဲကို ဖြစ်စေသောအားဖြင့် အနာနှင့်တူသောအားဖြင့် သူစိမ်းပြင်ပနှင့် တူသောအားဖြင့် ပျက်စီးတတ်သောအားဖြင့် (သတ္တဇီဝမှ) ဆိတ်သုဉ်းသောအားဖြင့် အတ္တမဟုတ်သော အားဖြင့် ကောင်းစွာ ရှု၏။ ထို ပုဂ္ဂိုလ်သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ သုဒ္ဓါဝါသဘုံ၌ ဖြစ်သော ဗြဟ္မာတို့၏ အသင်းဝင်အဖြစ်သို့ ရောက်၏။ ရဟန်းတို့ ဤသုဒ္ဓါဝါသဘုံ၌ ဖြစ်ခြင်းသည် ပုထုဇဉ်တို့နှင့် မဆက်ဆံ။ ရဟန်းတို့ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။