အင်္ဂုတ္တရနိကာယ်

(၁၃) ၃-ဘယဝဂ်

၅-ပဌမ မေတ္တာသုတ်

၁၂၅။ ရဟန်းတို့ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် လောက၌ ထင်ရှား ရှိကုန်၏။ အဘယ်လေးမျိုး တို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်ကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက်သော အရပ်ကို။ သုံးခုမြောက်သော အရပ်ကို။ လေးခုမြောက်သော အရပ်ကို ပျံ့နှံ့စေ၍ နေ၏၊ ဤနည်းအားဖြင့် အထက် အောက် ဖီလာ အလုံးစုံသောအရပ် အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တ လောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြား မရှိသော ရန်မရှိသောကြောင့်ကြမရှိသော မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ ထို ပုဂ္ဂိုလ်သည် ထို (မေတ္တာ) ဈာန်ကို သာယာ၏၊ ထို မေတ္တာ ဈာန်ကို အလိုရှိ၏၊ ထို မေတ္တာဈာန်ဖြင့်လည်း နှစ်သက်ခြင်းသို့ ရောက်၏၊ ထို မေတ္တာဈာန်၌ တည်သည် ဖြစ်၍ ထို မေတ္တာဈာန်ကို နှလုံးသွင်းသည် ဖြစ်၍ ထို မေတ္တာဈာန်ဖြင့် အကြိမ်များစွာ နေလေ့ရှိသည်ဖြစ်၍ မယုတ်သော ဈာန်ရှိသည်ဖြစ်၍ သေခြင်းကို ပြုသော် ပဌမဈာန်ဘုံ၌ ဗြဟ္မာတို့၏ အသင်းဝင်အဖြစ်သို့ ရောက်၏။ ရဟန်းတို့ (ပဌမဈာန်ဘုံုံ) ဗြဟ္မာတို့၏ အသက်အတိုင်း အရှည်သည် (မဟာကပ်) တစ်ကပ် ဖြစ်၏၊ ထို ပဌမဈာန်ဘုံုံုံ၌ ပုထုဇဉ်သည် အသက်အပိုင်းအခြားရှိသလောက် တည်နေ၍ ထို ဗြဟ္မာတို့၏ အသက် အတိုင်းအရှည်ရှိသမျှ အလုံးစုံကို ကုန်စေပြီးလျှင် ငရဲဘုံသို့လည်း ရောက်၏၊ တိရစ္ဆာန်မျိုးသို့လည်း ရောက်၏၊ ပြိတ္တာဘုံသို့လည်း ရောက်၏၊ မြတ်စွာဘုရား၏ တပည့်သည်ကား ထို ဘုံ၌ အသက် အပိုင်းအခြား ရှိသလောက် တည်နေ၍ ထို ဗြဟ္မာတို့၏ အသက်အတိုင်းအရှည်ရှိသမျှ အလုံးစုံကို ကုန်စေ ပြီးလျှင် ထို ဗြဟ္မာ့ဘုံ၌ပင် ပရိနိဗ္ဗာန် ပြု၏။ ရဟန်းတို့ ဤလားရာ ‘ဂတိ’ ဖြစ်ခြင်း ‘ပဋိသန္ဓေ’၏ ရှိခြင်း, မရှိခြင်းသည်ပင် အကြားအမြင်မရှိသော ပုထုဇဉ်နှင့် အကြားအမြင်ရှိသော အရိယာသာဝက၏ အထူးတည်း၊ ဤသည်ပင် လွန်ကဲသော အမူအရာတည်း၊ ဤသည်ပင် ကွဲလွဲခြင်းတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ကရုဏာနှင့် ယှဉ် သော စိတ်ဖြင့်။ပ။ မုဒိတာနှင့်ယှဉ်သော စိတ်ဖြင့်။ပ။ ဥပေက္ခာနှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်ကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက်အရပ်ကို။ သုံးခုမြောက် အရပ်ကို။ လေးခုမြောက် အရပ်ကို့ပျံ့နှံ့စေ၍ နေ၏၊ ဤနည်းအားဖြင့် အထက် အောက် ဖီလာ အလုံးစုံသောအရပ် အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်း အခြားမရှိသော ရန်မရှိသောကြောင့်ကြမရှိသော ဥပေက္ခာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ ထို ပုဂ္ဂိုလ်သည် ထို (ဥပေက္ခာ) ဈာန်ကို သာယာ၏၊ ထို ဥပေက္ခာဈာန်ကို အလိုရှိ၏၊ ထို ဥပေက္ခာ ဈာန်ဖြင့်လည်း နှစ်သက်ခြင်းသို့ ရောက်၏၊ ထို ဥပေက္ခာဈာန်၌ တည်သည်ဖြစ်၍ ထို ဥပေက္ခာဈာန်ကို နှလုံးသွင်းသည်ဖြစ်၍ ထို ဥပေက္ခာဈာန်၌ အကြိမ်များစွာနေသည်ဖြစ်၍ ထို ဥပေက္ခာဈာန်မှ မယုတ်သည်ဖြစ်၍ သေခြင်းကို ပြုသော် အာဘဿရာဘုံ၌ ဖြစ်သော ဗြဟ္မာတို့၏ အသင်းဝင်အဖြစ်သို့ ရောက်၏။ ရဟန်းတို့ အာဘဿရာဘုံ၌ ဖြစ်ကုန်သော ဗြဟ္မာတို့၏ အသက်အတိုင်းအရှည်သည် (မဟာကပ်) နှစ်ကပ်ဖြစ်၏။ပ။ သုဘကိဏှဘုံ၌ဖြစ်သော ဗြဟ္မာတို့၏ အသင်းဝင်အဖြစ်သို့ ရောက်၏။ ရဟန်းတို့ သုဘကိဏှ ဘုံ၌ ဖြစ်သော ဗြဟ္မာတို့၏ အသက်အတိုင်းအရှည်သည် (မဟာကပ်) လေးကပ် ဖြစ်၏။ပ။ ဝေဟပ္ဖိုလ်ဘုံ၌ ဖြစ်သော ဗြဟ္မာတို့၏ အသင်းဝင်အဖြစ်သို့ ရောက်၏။ ရဟန်းတို့ ဝေဟပ္ဖိုလ်ဘုံ၌ ဖြစ်သော ဗြဟ္မာတို့၏ အသက် အတိုင်းအရှည်သည် မဟာကပ်ငါးရာဖြစ်၏။ ထို ဝေဟပ္ဖိုလ်ဘုံုံုံ၌ ပုထုဇဉ်သည် အသက်အပိုင်း အခြား ရှိသလောက် တည်နေ၍ ထို ဗြဟ္မာတို့၏ အသက်အတိုင်းအရှည်ရှိသမျှ အလုံးစုံကို ကုန်စေပြီးလျှင် ငရဲသို့လည်း ရောက်၏၊ တိရစ္ဆာန်မျိုးသို့လည်း ရောက်၏၊ ပြိတ္တာဘုံသို့လည်း ရောက်၏၊ မြတ်စွာဘုရား၏ တပည့်သည်ကား ထို ဝေဟပ္ဖိုလ်ဘုံ၌ အသက်အပိုင်းအခြားရှိသလောက် တည်နေ၍ ထို ဗြဟ္မာတို့၏ အသက်အတိုင်းအရှည်ရှိသမျှ အလုံးစုံကို ကုန်စေပြီးလျှင် ထို ဝေဟပ္ဖိုလ်ဘုံ၌ပင် ပရိနိဗ္ဗာန်ပြု၏။ ရဟန်းတို့ ဤလားရာ ‘ဂတိ’ ဖြစ်ခြင်း’ပဋိသန္ဓေ’၏ ရှိခြင်း, မရှိခြင်းသည်ပင် အကြားအမြင်မရှိသော ပုထုဇဉ်နှင့် အကြားအမြင်ရှိသော အရိယာသာဝက၏ အထူးတည်း၊ ဤသည်ပင် လွန်ကဲသော အမူအရာတည်း၊ ဤသည်ပင် ကွဲလွဲခြင်းတည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။