အင်္ဂုတ္တရနိကာယ်

(၁၇) ၂-ပဋိပဒါဝဂ်

၈-သာရိပုတ္တသုတ်

၁၆၈။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင် သာရိပုတြာနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေပြီး တစ်ခုသော နေရာ၌ ထိုင်လျက် အသျှင်သာရိပုတြာအား ဤစကားကို မိန့်ဆို၏—

ငါ့သျှင်သာရိပုတြာ အကျင့်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ဆင်းရဲ ငြိုငြင်စွာ ကျင့်ရ၍ နုံ့နှေးသော အသိဉာဏ်ရှိသော အကျင့်၊ ဆင်းရဲငြိုငြင်စွာ ကျင့်ရ၍ လျင်မြန်သော အသိဉာဏ်ရှိသော အကျင့်၊ ချမ်းသာလွယ်ကူစွာ ကျင့်ရ၍ နုံ့နှေးသော အသိဉာဏ်ရှိသော အကျင့်၊ ချမ်းသာလွယ်ကူစွာ ကျင့်ရ၍ လျင်မြန်သော အသိဉာဏ်ရှိသော အကျင့်တို့တည်း။ ငါ့သျှင် အကျင့်တို့သည် ဤလေးမျိုးတို့တည်း။ ငါ့သျှင် လေးမျိုးကုန်သော ဤအကျင့်တို့တွင် အဘယ်သို့သော အကျင့်ကို စွဲ၍ သင်၏ စိတ်သည် (တဏှာ ဒိဋ္ဌိတို့ဖြင့်) မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ ကင်းလွတ်ပါသနည်းဟု (မိန့်ဆို၏)။

ငါ့သျှင်မောဂ္ဂလာန် အကျင့်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ဆင်းရဲ ငြိုငြင်စွာ ကျင့်ရ၍ နုံ့နှေးသော အသိဉာဏ်ရှိသော အကျင့်၊ ဆင်းရဲငြိုငြင်စွာ ကျင့်ရ၍ လျင်မြန်သော အသိဉာဏ်ရှိသော အကျင့်၊ ချမ်းသာလွယ်ကူစွာ ကျင့်ရ၍ နုံ့နှေးသော အသိဉာဏ်ရှိသော အကျင့်၊ ချမ်းသာလွယ်ကူစွာ ကျင့်ရ၍ လျင်မြန်သော အသိဉာဏ်ရှိသော အကျင့်တို့တည်း။ ငါ့သျှင်အကျင့်တို့သည် ဤလေးမျိုးတို့တည်း။ ငါ့သျှင် ဤလေးမျိုးကုန်သော အကျင့်တို့တွင် အကြင် အကျင့်သည် ချမ်းသာ လွယ်ကူစွာ ကျင့်ရ၍ လျင်မြန်သော အသိဉာဏ်ရှိ၏၊ ဤအကျင့်ကို စွဲ၍ ငါ၏ စိတ်သည် (တဏှာဒိဋ္ဌိ တို့ဖြင့်) မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ ကင်းလွတ်၏ဟု (ဆို၏)။

အဋ္ဌမသုတ်။