အင်္ဂုတ္တရနိကာယ်
(၁၇) ၂-ပဋိပဒါဝဂ်
၉-သသင်္ခါရသုတ်
၁၆၉။ ရဟန်းတို့ ဤပုဂ္ဂိုလ်လေးယောက်တို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ့်လေးယောက်တို့နည်းဟူမူ— ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မျက်မှောက်ဘဝ၌ပင် အားထုတ်မှုရှိသည် ဖြစ်၍ ကိလေသာတို့ကို ငြိမ်းစေတတ်၏။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ အားထုတ်မှုရှိသည်ဖြစ်၍ (ကိလေသာတို့ကို) ငြိမ်း စေတတ်၏။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မျက်မှောက်ဘဝ၌ပင် အားထုတ်မှုမရှိဘဲ (ကိလေသာတို့ကို) ငြိမ်းစေတတ်၏။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ အားထုတ်မှုမရှိဘဲ (ကိလေသာတို့ကို) ငြိမ်းစေတတ်၏။ (ဤလေး ယောက်တို့တည်း)။
ရဟန်းတို့ အဘယ်သို့လျှင် အချို့သော ပုဂ္ဂိုလ်သည် မျက်မှောက်ဘဝ၌ပင် အားထုတ်မှုရှိသည် ဖြစ်၍ ကိလေသာတို့ကို ငြိမ်းစေတတ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (မိမိ) ကိုယ်၌ မတင့်တယ်သော အခြင်းအရာအားဖြင့် အဖန်တလဲလဲ ရှု၍ နေ၏၊ သုံးဆောင်ဖွယ် (အာဟာရ) ၌ စက်ဆုပ် ရွံရှာဖွယ်ဟု အမှတ်ရှိသည်, အလုံးစုံသော လောက၌ မမွေ့လျော်ဖွယ်ဟု အမှတ်ရှိသည်, အလုံးစုံသော သင်္ခါရတရားတို့၌ အမြဲမရှိဟု အဖန်တလဲလဲ ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ ထိုပုဂ္ဂိုလ်အား သေခြင်းကို အာရုံပြု၍ ဖြစ်သော အမှတ် ‘သညာ’သည် မိမိသန္တာန်၌ ကောင်းစွာ ကပ်၍ တည်၏။ ထို ပုဂ္ဂိုလ်သည် သဒ္ဓါဗိုလ် ဟိရီဗိုလ် သြတ္တပ္ပဗိုလ် ဝီရိယဗိုလ် ပညာဗိုလ်အားဖြင့် ဤသေက္ခဗိုလ်ငါးပါးတို့ကို အမှီပြု၍ နေ၏။ ထို ပုဂ္ဂိုလ်အား သဒ္ဓိန္ဒြေ ဝီရိယိန္ဒြေ သတိန္ဒြေ သမာဓိန္ဒြေ ပညိန္ဒြေအားဖြင့် ဤလွန်ကဲသော ဣန္ဒြေငါးပါးတို့သည် ထင်ရှားဖြစ်ကုန်၏။ ထို ပုဂ္ဂိုလ်သည် ဤဣန္ဒြေငါးပါးတို့၏ လွန်ကဲခြင်းကြောင့် မျက်မှောက်ဘဝ၌ပင် အားထုတ်မှုရှိသည် ဖြစ်၍ ကိလေသာတို့ကို ငြိမ်းစေတတ်၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် မျက်မှောက်ဘဝ၌ပင် အားထုတ်မှုရှိသည် ဖြစ်၍ ကိလေသာတို့ကို ငြိမ်းစေ တတ်သည် မည်၏။
ရဟန်းတို့ အဘယ်သို့လျှင် အချို့သော ပုဂ္ဂိုလ်သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ အားထုတ်မှုရှိသည် ဖြစ်၍ ကိလေသာတို့ကို ငြိမ်းစေတတ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (မိမိ) ကိုယ်၌ မတင့်တယ်သော အခြင်းအရာအားဖြင့် အဖန်တလဲလဲ ရှု၍ နေ၏၊ သုံးဆောင် ဖွယ် (အာဟာရ) ၌ စက်ဆုပ်ဖွယ်ရှိ၏ဟု အမှတ်ရှိသည်, အလုံးစုံသော လောက၌ မမွေ့လျော်ဖွယ်ဟု အမှတ်ရှိသည်, အလုံးစုံသော သင်္ခါရတရားတို့၌ အမြဲမရှိဟု အဖန်တလဲလဲ ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ ထိုပုဂ္ဂိုလ်အား သေခြင်းကို အာရုံပြု၍ ဖြစ်သော အမှတ် ‘သညာ’သည် မိမိသန္တာန်၌ ကောင်းစွာ ကပ်၍ တည်၏။ ထို ပုဂ္ဂိုလ်သည် သဒ္ဓါဗိုလ် ဟိရီဗိုလ် သြတ္တပ္ပဗိုလ် ဝီရိယဗိုလ် ပညာဗိုလ်အားဖြင့် ဤသေက္ခဗိုလ် ငါးပါးတို့ကို အမှီပြု၍ နေ၏၊ ထို ပုဂ္ဂိုလ်အား သဒ္ဓိန္ဒြေ ဝီရိယိန္ဒြေ သတိန္ဒြေ သမာဓိန္ဒြေ ပညိန္ဒြေ အားဖြင့် ဤနုံ့သော ဣန္ဒြေငါးပါးတို့သည် ထင်ရှားဖြစ်ကုန်၏။ ထို ပုဂ္ဂိုလ်သည် ဤဣန္ဒြေငါးပါးတို့၏ နုံ့ခြင်းကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌် အားထုတ်မှုနှင့် တကွဖြစ်သော ကိလေသာတို့ကို ငြိမ်းစေ တတ်၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ အားထုတ်မှု ရှိသည်ဖြစ်၍ ကိလေသာတို့ကို ငြိမ်းစေတတ်သည် မည်၏။
ရဟန်းတို့ အဘယ်သို့လျှင် အချို့သော ပုဂ္ဂိုလ်သည် မျက်မှောက်ဘဝ၌ပင် အားထုတ်မှုမရှိဘဲ ကိလေသာတို့ကို ငြိမ်းစေတတ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့။ပ။ ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ ထိုပုဂ္ဂိုလ်သည် သဒ္ဓါဗိုလ်။ပ။ ပညာဗိုလ်အားဖြင့် ဤသေက္ခဗိုလ်ငါးပါးတို့ကို အမှီပြု၍ နေ၏။ ထိုပုဂ္ဂိုလ်အား သဒ္ဓိန္ဒြေ။ပ။ ပညိန္ဒြေအားဖြင့် ဤလွန်ကဲသော ဣန္ဒြေငါးပါးတို့သည် ထင်ရှားဖြစ်ကုန်၏။ ထို ပုဂ္ဂိုလ်သည် ဤဣန္ဒြေငါးပါးတို့၏ လွန်ကဲခြင်းကြောင့် မျက်မှောက်ဘဝ၌ပင် အားထုတ်မှုမရှိဘဲ ကိလေသာတို့ကို ငြိမ်းစေတတ်၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် မျက်မှောက်ဘဝ၌ပင် အားထုတ်မှု့မရှိဘဲ ကိလေသာတို့ကို ငြိမ်းစေတတ်သည် မည်၏။
ရဟန်းတို့ အဘယ်သို့လျှင် အချို့သော ပုဂ္ဂိုလ်သည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ အားထုတ်မှုမရှိဘဲ ကိလေသာတို့ကို ငြိမ်းစေတတ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့။ပ။ ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထ ဈာန်သို့ ရောက်၍ နေ၏၊ ထိုပုဂ္ဂိုလ်သည် သဒ္ဓါဗိုလ် ဟိရီဗိုလ် သြတ္တပ္ပဗိုလ် ဝီရိယဗိုလ် ပညာဗိုလ်အားဖြင့် ဤသေက္ခ ဗိုလ်ငါးပါးတို့ကို အမှီပြု၍ နေ၏။ ထိုပုဂ္ဂိုလ်အား ဤဣန္ဒြေငါးပါးတို့သည် ထင်ရှားဖြစ်ကုန်၏။ ထို ပုဂ္ဂိုလ်သည် ဤဣန္ဒြေ ငါးပါးတို့၏ နုံ့ခြင်းကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ အားထုတ်မှုမရှိဘဲ ကိလေသာတို့ကို ငြိမ်းစေတတ်၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ အားထုတ်မှုမရှိဘဲ ကိလေသာတို့ကို ငြိမ်းစေတတ်သည် မည်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်လေးယောက်တို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။
နဝမသုတ်။