အင်္ဂုတ္တရနိကာယ်

(၁၉) ၄-ဗြာဟ္မဏဝဂ်

၁ဝ-ဥပေါသထသုတ်

၁၉ဝ။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း မိဂါရမာတာ ‘ဝိသာခါ’၏ ပြာသာဒ်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ထို ဥပုသ်နေ့၌ ရဟန်း အပေါင်းခြံရံလျက် ထို ုင်နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေသော ရဟန်းအပေါင်းကို စောင်းငဲ့ကြည့်ရှုတော်မူ၍ ရဟန်းတို့အား ဤစကားကို မိန့်တော်မူ၏—

ရဟန်းတို့ ဤပရိသတ်သည် (ဒုဿီလအဖြစ်ဟူသော) အဖျင်းမှကင်း၏၊ ရဟန်းတို့ ဤပရိသတ်သည် (ဒုဿီလဟူသော) အဖျင်းမရှိ၊ စင်ကြယ်၏၊ (သီလဟူသော) အနှစ်၌တည်၏။ ရဟန်းတို့ ယင်းသို့ သဘောရှိသော ရဟန်းသံဃာ ယင်းသို့သဘောရှိသော ပရိသတ်ကို လောက၌ ဖူးမြော်ရန်မျှသော်လည်း ရနိုင်ခဲ၏။ ရဟန်းတို့ ယင်းသို့သဘောရှိသော ရဟန်းသံဃာ ယင်းသို့သဘောရှိသော ပရိသတ်သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ခံထိုက်၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံထိုက်၏၊ လက်အုပ် ချီရန် ထိုက်၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏။ ရဟန်းတို့ ယင်းသို့ သဘောရှိသော ရဟန်းသံဃာ ယင်းသို့သဘောရှိသော ပရိသတ်အား အနည်းငယ် ပေးလှူအပ်သော အလှူသည် များစွာ အကျိုးရှိ၏၊ များစွာ ပေးလှူအပ်သော အလှူသည် အလွန်များစွာ အကျိုးရှိ၏။ ရဟန်းတို့ ယင်းသို့သဘောရှိသော ရဟန်းသံဃာ ယင်းသို့သဘောရှိသော ပရိသတ်ကို ဖူးမြော်ရန် ယူဇနာ အရာ အထောင် အရေအတွက်ရှိသော အရပ်တို့သို့လည်း ရိက္ခာထုပ်ဖြင့် သွားသင့်၏။

ရဟန်းတို့ ဤရဟန်းအပေါင်း၌ နတ်အဖြစ်သို့ ရောက်နေသော ရဟန်းတို့သည် ရှိကုန်၏၊ ရဟန်းတို့ ဤရဟန်းအပေါင်း၌ ဗြဟ္မာအဖြစ်သို့ ရောက်နေသော ရဟန်းတို့သည် ရှိကုန်၏၊ ရဟန်းတို့ ဤရဟန်း အပေါင်း၌ မတုန်မလှုပ်ခြင်းသို့ရောက်နေသော ရဟန်းတို့သည် ရှိကုန်၏၊ ရဟန်းတို့ ဤရဟန်းအပေါင်း၌ အရိယာအဖြစ်သို့ ရောက်နေသော ရဟန်းတို့သည် ရှိကုန်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် နတ်အဖြစ်သို့ ရောက်နေသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်၍ နေ၏၊ ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ခြင်း ‘ဝိစာရ’တို့၏ ငြိမ်းခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့။ တတိယဈာန် သို့။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဥပပတ္တိနတ်အဖြစ်သို့ ရောက်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဗြဟ္မာအဖြစ်သို့ ရောက်နေသနည်း၊ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် မေတ္တာနှင့်တကွသော စိတ်ဖြင့် တစ်ခုသော အရပ်ကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက်သော အရပ်ကို။ ထို့အတူ သုံးခုမြောက်သော အရပ်ကို။ ထို့အတူ လေးခုမြောက် သော အရပ်ကို ပျံ့နှံ့စေ၍ နေ၏၊ ဤနည်းအားဖြင့် အထက် အောက် ဖီလာ အရပ်ကို ပျံ့နှံ့စေ၍ နေ၏၊ အလုံးစုံသောအရပ် အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့်တူစွာ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြား မရှိသော ရန်မရှိသောကြောင့်ကြမရှိသော မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏၊ သနားခြင်း ကရုဏာ။ ဝမ်းမြောက်ခြင်း မုဒိတာ။ လျစ်လျူရှုခြင်း ဥပေက္ခာနှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်ကို ပျံ့နှံ့ စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက်သော အရပ်ကို။ ထို့အတူ သုံးခုမြောက်သော အရပ်ကို။ ထို့အတူ လေးခုမြောက်သော အရပ်ကို ပျံ့နှံ့စေ၍ နေ၏၊ ဤနည်းအားဖြင့် အထက် အောက် ဖီလာ အရပ်ကို ပျံ့နှံ့စေ၍ နေ၏၊ အလုံးစုံသော အရပ် အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့်တူစွာ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြား မရှိသော ရန်မရှိသောကြောင့်ကြမရှိသော လျစ်လျူရှုခြင်း ဥပေက္ခာနှင့်ယှဉ် သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဗြဟ္မာအဖြစ်သို့ ရောက်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် မတုန်မလှုပ်ခြင်းသို့ ရောက်သနည်း— ရဟန်းတို့ ဤသာသနာတော်၌ ခပ်သိမ်းသော အခြင်းအရာအားဖြင့် ရုပ်၌ဖြစ်သော အမှတ် ‘ရူပသညာ’တို့ကို လွန် မြောက်၍ ထိခိုက်ခြင်း ‘ပဋိဃသညာ’တို့၏ ချုပ်ခြင်းကြောင့် အထူးထူးသော သညာတို့ကို နှလုံးမသွင်းခြင်းကြောင့် “ကောင်းကင်သည် အပိုင်းအခြား မရှိ”ဟု (ဤသို့ပွါးများလျက်) အာကာသာနဉ္စာယတ ဈာန်သို့ ရောက်၍နေ၏။ ခပ်သိမ်းသော အခြင်းအရာအားဖြင့် အာကာသာနဉ္စာယတနဈာန်ကို လွန် မြောက်၍ “ပဌမာရုပ္ပဝိညာဏ်သည် အဆုံးမရှိ”ဟု (ဤသို့ပွါးများလျက်) ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍နေ၏။ ခပ်သိမ်းသော အခြင်းအရာအားဖြင့် ဝိညာဏဉ္စာယတနဈာန်ကို လွန်မြောက်၍ “စိုးစဉ်းမျှ မရှိ”ဟု (ဤသို့ပွါးများလျက်) အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေ၏။ ခပ်သိမ်းသော အခြင်းအရာ အားဖြင့် အာကိဉ္စညာယတနဈာန်ကို လွန်မြောက်၍ နေဝသညာနာသညာယတနဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် မတုန်မလှုပ်ခြင်းသို့ ရောက်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အရိယာအဖြစ်သို့ရောက်သနည်း— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်မှန်သောအတိုင်း။ပ။ “ဤကား ဆင်းရဲ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း”ဟုဟုတ်မှန်သော အတိုင်း သိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အရိယာအဖြစ်သို့ ရောက်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

လေးခုမြောက် ဗြာဟ္မဏဝဂ် ပြီး၏။