အင်္ဂုတ္တရနိကာယ်

၃-ဥရုဝေလဝဂ်

၁-ပဌမ ဥရုဝေလသုတ်

၂၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု ခေါ်တော်မူ၏။ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

ရဟန်းတို့ အခါတစ်ပါး၌ ငါသည် သစ္စာလေးပါးတရားကို သိပြီးစ ဥရုဝေလတော နေရဉ္ဇရာ မြစ်ကမ်းနား ဆိတ်ကျောင်းညောင်ပင်ရင်း၌ နေ၏။ ရဟန်းတို့ ဆိတ်ငြိမ်ရာသို့ ကပ်၍ ကိန်းအောင်းနေစဉ် ငါ့အား ဤသို့သော စိတ်အကြံသည် ထင်ရှားဖြစ်ပေါ်ခဲ့၏ “ရိုသေရာ မှီခိုရာ မရှိဘဲ နေရခြင်းသည် ဆင်းရဲလှ၏၊ ငါသည် အဘယ်သို့သော သမဏဗြာဟ္မဏကို အရိုအသေ အလေးအမြတ် အမှီသဟဲပြု၍ နေရပါအံ့နည်း”ဟု (အကြံဖြစ်၏)။

ရဟန်းတို့ ထို ငါ့အား ဤသို့ အကြံဖြစ်ပြန်၏— ငါသည် မပြည့်စုံသေးသော သီလဂုဏ်ကို ပြည့်စုံစေရန် အခြားသော သမဏဗြာဟ္မဏကို အရိုအသေ အလေးအမြတ် အမှီသဟဲပြု၍ နေရာ၏၊ စင်စစ်သော် ကား နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ အရိုအသေ အလေးအမြတ် အမှီသဟဲပြု၍ နေထိုက်သော မိမိထက် သာလွန်၍ သီလနှင့် ပြည့်စုံသော အခြားသော သမဏ ဗြာဟ္မဏကို ငါမမြင်ချေ။

ငါသည် မပြည့်စုံသေးသော သမာဓိဂုဏ်ကို ပြည့်စုံစေရန် အခြားသော သမဏ ဗြာဟ္မဏကို အရိုအသေ အလေးအမြတ် အမှီသဟဲပြု၍ နေရာ၏၊ စင်စစ်သော်ကား နတ် မာရ်နတ် ဗြဟ္မာတို့နှင့်တကွ သော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ အရိုအသေ အလေးအမြတ် အမှီသဟဲပြု၍ နေထိုက်သော မိမိထက် သာလွန်၍ သမာဓိနှင့် ပြည့်စုံသော အခြားသော သမဏဗြာဟ္မဏကို ငါမမြင်ချေ။

ငါသည် မပြည့်စုံသေးသော ပညာဂုဏ်ကို ပြည့်စုံစေရန် အခြားသော သမဏဗြာဟ္မဏကို အရိုအသေ အလေးအမြတ် အမှီသဟဲပြု၍ နေရာ၏၊ စင်စစ်သော်ကား နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ အရိုအသေ အလေးအမြတ် အမှီသဟဲပြု၍ နေထိုက်သော မိမိထက် သာလွန်၍ ပညာနှင့် ပြည့်စုံသော အခြားသော သမဏဗြာဟ္မဏကို ငါမမြင်ချေ။

ငါသည် မပြည့်စုံသေးသော ကိလေသာမှ လွတ်မြောက်ကြောင်း ‘ဝိမုတ္တိ’ ဂုဏ်ကို ပြည့်စုံစေရန် အခြားသော သမဏ ဗြာဟ္မဏကို အရိုအသေ အလေးအမြတ် အမှီသဟဲပြု၍ နေရာ၏၊ စင်စစ်သော်ကား နတ် မာရ်နတ် ဗြဟ္မာတို့နှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူ့လောက၌ အရိုအသေ အလေးအမြတ် အမှီသဟဲပြု၍ နေထိုက်သော မိမိထက် သာလွန်၍ ကိလေသာမှ လွတ်မြောက်ကြောင်း ‘ဝိမုတ္တိ’ ဂုဏ်နှင့် ပြည့်စုံသော အခြားသော သမဏဗြာဟ္မဏကို ငါ မမြင်ချေဟု (အကြံဖြစ်ပြန်၏)။

ရဟန်းတို့ ငါ့အား ဤသို့သော အကြံသည် ဖြစ်ပြန်၏ “ငါသည် ထိုးထွင်း၍ သိအပ်သော တရားကိုပင်လျှင် အရိုအသေ အလေးအမြတ် အမှီသဟဲပြု၍ နေရမူကား ကောင်းပေရာ၏”ဟု (အကြံသည် ဖြစ်ပြန်၏)။

ရဟန်းတို့ ထိုအခါ သဟမ္ပတိဗြဟ္မာသည် သူ၏ စိတ်ဖြင့် ငါ၏ စိတ်အကြံကို သိ၍ ခွန်အားရှိသော ယောကျာ်းသည် ကွေးထားသော လက်မောင်းကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်မောင်းကို ကွေးသကဲ့သို့လည်းကောင်း ဤအတူပင် ဗြဟ္မာ့ဘုံမှ ကွယ်ခဲ့၍ ငါ၏ရှေ့၌ ထင်ရှားဖြစ်ခဲ့၏။ ရဟန်းတို့ ထိုအခါ သဟမ္ပတိဗြဟ္မာသည် လက်ဝဲတစ်ဖက် ပခုံးထက်၌ အပေါ်ရုံကို့စံပယ်တင်လျက် လက်ယာပုဆစ်ဒူးဝန်းကို မြေ၌ ထောက်၍ ငါ့ကို လက်အုပ်ချီလျက် “မြတ်စွာဘုရား ဤအကြံတော်သည် ဤအတိုင်း သင့်လျော်လှပါ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤအကြံတော်သည် ဤအတိုင်း သင့်လျော်လှပါ၏၊ အသျှင်ဘုရား အတိတ်ကာလ၌ ပွင့်တော်မူကြကုန်သော ပူဇော်အထူး ကို ခံတော်မူထိုက်ကုန်သော မြတ်စွာဘုရားတို့သည်လည်းတရားကိုပင်လျှင် အရိုအသေ အလေးအမြတ် အမှီသဟဲပြု၍ နေတော်မူကြပါကုန်၏။ အသျှင်ဘုရား အနာဂတ်ကာလ၌ ပွင့်တော်မူလတ္တံ့ကုန်သော ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော မြတ်စွာဘုရားတို့သည်လည်းတရားကိုပင်လျှင် အရိုအသေ အလေးအမြတ် အမှီသဟဲပြု၍ နေတော်မူကြပါကုန်လတ္တံ့။ အသျှင်ဘုရား ယခုအခါ၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည်လည်းတရားကိုပင်လျှင် အရိုအသေ အလေးအမြတ် အမှီသဟဲပြု၍ နေတော်မူပါလော့”ဟု (လျှောက်၏)၊ သဟမ္ပတိဗြဟ္မာသည် ဤစကားကို လျှောက်ပြီးလျှင် ထိုမှတစ်ပါးသော ဤစကားကို လျှောက်ပြန်၏။ “ရှေးလွန်လေပြီးကာလက ပွင့်တော်မူကြကုန်ပြီးသော အကြင် မြတ်စွာဘုရားတို့သည်လည်းကောင်း၊ နောင်ပွင့်တော်မူလတ္တံ့ဖြစ်ကုန်သော အကြင် မြတ်စွာဘုရားတို့သည်လည်းကောင်း၊ ယခုအခါ များစွာသော လူတို့၏ စိုးရိမ်ခြင်းကို ပယ်ဖျောက် တတ်သော အကြင် မြတ်စွာဘုရားသည်လည်းကောင်း ရှိတော်မူကုန်၏။ အလုံးစုံကုန်သော ထို မြတ်စွာဘုရားတို့သည် သူတော်ကောင်းတရားကို အလေး ဂရုပြုကုန်သည်ဖြစ်၍ နေလည်း နေခဲ့ကုန်ပြီ၊ နေလည်း နေကုန်ဆဲ၊ နေလည်း နေကုန်လတ္တံ့၊ ဤသို့တရားကို အလေးဂရုပြု၍ နေခြင်းသည် မြတ်စွာဘုရားတို့၏ ဖြစ်မြဲသဘောတည်း။ ထို ု့ကြောင့်သာလျှင် မိမိအကျိုးစီးပွါးကို အလိုရှိသော မြတ်သည့် အဖြစ်ကို အလွန် တောင့်တသူသည် မြတ်စွာဘုရား၏ အဆုံးအမတော်ကို အောက်မေ့လျက် သူတော် ကောင်းတရားကို အလေးအမြတ် ပြုအပ်သတည်း”ဟု (လျှောက်ပြန်၏)။

ရဟန်းတို့ သဟမ္ပတိဗြဟ္မာသည် ဤစကားကို လျှောက်ကြားလေ၏၊ ဤစကားကို လျှောက်ကြား ပြီး၍ ငါ့ကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ထို နေရာ၌ပင် ကွယ်လေ၏။ ရဟန်းတို့ ထိုအခါ ငါသည် ဗြဟ္မာ၏ တိုက်တွန်းခြင်းကိုလည်းကောင်း၊ မိမိအား လျောက်ပတ်သည်ကိုလည်းကောင်း သိ၍ ငါ ထိုးထွင်း သိထားသော တရားကိုသာလျှင် အရိုအသေ အလေးအမြတ် အမှီသဟဲပြု၍ နေခဲ့၏။ ရဟန်းတို့ အကြင် အခါ၌ သံဃာသည် များမြတ်သော ‘မဟတ္တ’ ဂုဏ်လေးပါးနှင့် ပြည့်စုံ၏၊ ထိုအခါ ငါသည် သံဃာ၌လည်း ရိုသေ၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။