အင်္ဂုတ္တရနိကာယ်

(၂၄) ၄-ကမ္မဝဂ်

၁ဝ-သမဏသုတ်

၂၄၁။ ရဟန်းတို့ ဤသာသနာတော်၌သာလျှင် ပဌမသမဏမျိုး၊ ဤသာသနာတော်၌သာလျှင် ဒုတိယသမဏမျိုး၊ ဤသာသနာတော်၌သာလျှင် တတိယသမဏမျိုး၊ ဤသာသနာတော်၌သာလျှင် စတုတ္ထ သမဏမျိုးကို ရနိုင်ကုန်၏၊ သာသနာပြင်ပ အယူဝါဒတို့သည် ထို ဆိုပြီးသမဏလေးမျိုးတို့မှ ဆိတ်သုဉ်း ကုန်၏။ ရဟန်းတို့ ဤသို့ ရဲရင့်သော စကားကို ကြုံးဝါးကြကုန်လော့။

ရဟန်းတို့ ပဌမ သမဏမျိုးဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သံယောဇဉ်သုံးမျိုးတို့၏ အကြွင်းမဲ့ ကုန်ခြင်းကြောင့် အပါယ်သို့ ကျခြင်းသဘော မရှိသော ကိန်းသေမြဲ သော အထက်မဂ်သုံးပါးလျှင် လားရာရှိသော သောတာပန် ဖြစ်၏။ ရဟန်းတို့ ဤသည်ကား ပဌမ သမဏမျိုးတည်း။

ရဟန်းတို့ ဒုတိယသမဏမျိုးဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သံယောဇဉ်သုံးမျိုးတို့၏ အကြွင်းမဲ့ ကုန်ခြင်းကြောင့်လည်းကောင်း၊ တပ်မက်ခြင်း ‘ရာဂ’ ပြစ်မှားခြင်း ‘ဒေါသ’ တွေဝေခြင်း ‘မောဟ’တို့၏ ခေါင်းပါးခြင်းကြောင့်လည်းကောင်း ဤလူ့ပြည်သို့ တစ်ကြိမ်သာလာ၍ ဆင်းရဲ၏အဆုံးကို ပြုသော သကဒါဂါမ် ဖြစ်၏။ ရဟန်းတို့ ဤသည်ကား ဒုတိယသမဏမျိုးတည်း။

ရဟန်းတို့ တတိယသမဏမျိုးဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အောက်ပိုင်း သံယောဇဉ်ငါးမျိုးတို့၏ အကြွင်းမဲ့ ကုန်ခြင်းကြောင့် (ဗြဟ္မာ့ဘုံ၌) ဥပပါတ်ပဋိသန္ဓေ နေ၍ ထို (ဘုံ)၌သာလျှင် ပရိနိဗ္ဗာန်ပြုလတ္တံ့ဖြစ်၍ ထို ဘုံမှ ပြန်လည်ခြင်းသဘော မရှိသော (အနာဂါမ် ဖြစ်၏)။

ရဟန်းတို့ ဤသည်ကား တတိယသမဏမျိုးတည်း။

ရဟန်းတို့ စတုတ္ထသမဏမျိုးဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက် ပြုလျက် ရောက်၍ နေ၏။ ရဟန်းတို့ ဤသည်ကား စတုတ္ထသမဏမျိုးတည်း။

ရဟန်းတို့ ဤသာသနာတော်၌သာလျှင် ပဌမသမဏမျိုး၊ ဤသာသနာတော်၌သာလျှင် ဒုတိယ သမဏမျိုး၊ ဤသာသနာတော်၌သာလျှင် တတိယသမဏမျိုး၊ ဤသာသနာတော်၌သာလျှင် စတုတ္ထ သမဏမျိုး ကို ရအပ်၏၊ သာသနာပြင်ပအယူဝါဒတို့သည် ဤဆိုခဲ့ပြီးသမဏလေးမျိုးတို့မှ ဆိတ်သုဉ်း ကုန်၏။ ရဟန်းတို့ ဤသို့ ရဲရင့်သော စကားကို ကြုံးဝါးကြကုန်လော့ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။