အင်္ဂုတ္တရနိကာယ်
၃-ဥရုဝေလဝဂ်
၅-ဗြဟ္မစရိယသုတ်
၂၅။ ရဟန်းတို့ လူအပေါင်းအား အံ့သြဖွယ် ပြုခြင်းငှါ လူအပေါင်းအား ဖြားယောင်းခြင်းငှါ လာဘ် ပူဇော်သကာ အကျော်အစောဟူသော အာနိသင်အလို့ငှါ ထို ထို အကြောင်းဖြင့် ဝါဒဖြန့်ခြင်းငှါ “ငါ့ကို ဤသို့ သဘောရှိ၏”ဟု လူအပေါင်းသိစေခြင်းငှါ ဤမြတ်သော အကျင့်ကို ကျင့်သုံးရသည် မဟုတ်။ ရဟန်းတို့ စင်စစ်သော်ကား စောင့်စည်းခြင်းငှါ ပယ်စွန့်ခြင်းငှါ တပ်မက်မှုကင်းခြင်းငှါ (ရာဂစသည်တို့) ချုပ်ခြင်းငှါ ဤမြတ်သော အကျင့်ကို ကျင့်သုံးရ၏ဟု (မိန့်တော်မူ၏)။
ထို မြတ်စွာဘုရားသည် စောင့်စည်းခြင်းငှါ ကိလေသာကို ပယ်ခြင်းငှါ တစ်ဆင့်ကြား မဟုတ်သော နိဗ္ဗာန်၏ အတွင်းသို့ ရောက်စေတတ်သော အကျင့်မြတ်ကို ဟောတော်မူ၏၊ ထို အကျင့်မြတ်ဟူသော လမ်းခရီးကို မြတ်သောဂုဏ်ကို ရှာမှီးလေ့ရှိသော သူတို့သည် အစဉ်လိုက်ကြကုန်၏။ အကြင်သူတို့သည် မြတ်စွာဘုရား ဟောထားတော်မူတိုင်းသော အကျင့်ကို ကျင့်ကုန်၏၊ မြတ်စွာဘုရား အဆုံးအမကို ပြုကျင့်လေ့ရှိကုန်သော ထိုသူတို့သည် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုရကုန်လတ္တံ့သတည်း။
ပဉ္စမသုတ်။