အင်္ဂုတ္တရနိကာယ်
၃-ဥရုဝေလဝဂ်
၆-ကုဟသုတ်
၂၆။ ရဟန်းတို့ အကြင် ရဟန်းတို့သည် အံ့သြဖွယ်ကို ပြုတတ်ကုန်၏၊ ခက်ထန်ကုန်၏၊ ဖြားယောင်းတတ်ကုန်၏၊ ဦးချိုနှင့် (တူသော ထင်ရှားသော ကိလေသာတို့နှင့်) ပြည့်စုံကုန်၏၊ အချည်းနှီး တက်ကြွကုန်၏၊ မတည်ကြည်ကုန်။ ရဟန်းတို့ ထိုရဟန်းတို့သည် ငါ့ကို မမြတ်နိုးကြကုန်၊ ရဟန်းတို့ ထိုရဟန်းတို့သည် ဤဓမ္မဝိနယ (သာသနာတော်) မှ ကင်းကွာကုန်၏၊ ထိုရဟန်းတို့သည် ဤဓမ္မဝိနယ၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ မရောက်ကုန်။ ရဟန်းတို့ အကြင် ရဟန်းတို့သည်ကား အံ့သြဖွယ်ကို မပြုတတ်ကုန်၊ မဖြားယောင်းတတ်ကုန်၊ ဉာဏ်ပညာနှင့် ပြည့်စုံကုန်၏၊ မခက်ထန်ကုန်၊ ကောင်းစွာ တည်ကြည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် ငါ့ကို မြတ်နိုးကြကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် ဤဓမ္မဝိနယ (သာသနာတော်) မှ မကင်းကွာကုန်၊ ဤဓမ္မဝိနယ၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ကုန်၏ဟု (မိန့်တော်မူ၏)။
(အကြင်သူတို့သည်) အံ့သြဖွယ်ကို ပြုတတ်ကုန်၏၊ ခက်ထန်ကုန်၏၊ ဖြားယောင်း တတ်ကုန်၏၊ ဦးချိုနှင့်တူသော ကိလေသာရှိကုန်၏၊ အချည်းနှီး တက်ကြွကုန်၏၊ မတည်ကြည်ကုန်၊ ထိုသူတို့သည် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော သာသနာ တော်၌ မစည်ပင်နိုင်ကုန်။ (အကြင်သူတို့သည်) အံ့သြဖွယ်ကို မပြုတတ်ကုန်၊ မဖြားယောင်းတတ်ကုန်၊ ပညာရှိကုန်၏၊ မခက်ထန်ကုန်၊ ကောင်းစွာ တည်ကြည်ကုန်၏၊ ထိုသူတို့သည် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော သာသနာတော်၌ စင်စစ် စည်ပင်ကုန် သတည်း။
ဆဋ္ဌသုတ်။