အင်္ဂုတ္တရနိကာယ်
(၂၆) ၆-အဘိညာဝဂ်
၁ဝ-ကမ္မသုတ်
၂၆၃။ ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသော မလိမ္မာ မိုက်မဲသော သူယုတ်သည် တူးဖြို ဖျက်ဆီးအပ်သည့် မိမိကိုယ်ကို စောင့်ရှောက်၏၊ အပြစ်လည်း ရှိ၏၊ ပညာရှိတို့လည်း ကဲ့ရဲ့အပ်၏၊ များစွာသော အကုသိုလ်ကိုလည်း ဖြစ်ပွါးစေ၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— အပြစ်ရှိသော ကာယကံ၊ အပြစ်ရှိသော ဝစီကံ၊ အပြစ်ရှိသော မနောကံ၊ အပြစ်ရှိသော အယူတို့တည်း။ ရဟန်းတို့ ဤတရား လေးမျိုးတို့နှင့် ပြည့်စုံသော မလိမ္မာ မိုက်မဲသော သူယုတ်သည် တူးဖြိုဖျက်ဆီးအပ်သည့် မိမိကိုယ်ကို စောင့်ရှောက်၏၊ အပြစ်လည်း ရှိ၏၊ ပညာရှိတို့လည်း ကဲ့ရဲ့အပ်၏၊ များစွာသော အကုသိုလ်ကိုလည်း ဖြစ်ပွါးစေ၏။
ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသော ပညာရှိ၍ လိမ္မာသော သူတော်ကောင်းသည် မတူးဖြို မဖျက်ဆီးအပ်သည့် မိမိကိုယ်ကို စောင့်ရှောက်၏၊ အပြစ်လည်း မရှိ၊ ပညာရှိတို့လည်း မကဲ့ရဲ့အပ်၊ များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— အပြစ် မရှိသော ကာယကံ၊ အပြစ်မရှိသော ဝစီကံ၊ အပြစ်မရှိသော မနောကံ၊ အပြစ်မရှိသော အယူတို့တည်း။ ရဟန်းတို့ ဤတရား လေးမျိုးတို့နှင့် ပြည့်စုံသော ပညာရှိ၍ လိမ္မာသော သူတော်ကောင်းသည် မတူးဖြို မဖျက်ဆီးအပ်သည့် မိမိကိုယ်ကို စောင့်ရှောက်၏၊ အပြစ်လည်း မရှိ၊ ပညာရှိတို့လည်း မကဲ့ရဲ့အပ်၊ များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
ခြောက်ခုမြောက် အဘိညာဝဂ် ပြီး၏။